အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအကြို  ခြေစမ်းပွဲတွင် မြန်မာနှင့် ဟောင်ကောင် ဂိုးမရှိသရေကျ

 

 

ရန်ကုန်    မေ   ၂၄
၂၀၂၃  အာရှဖလား  တတိယအဆင့်ခြေစစ်ပွဲအတွက်   ကြိုတင်ပြင်ဆင်သည့်အနေဖြင့်     ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် မေ၂၄ ရက် မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲက  Pattana Stadium တွင် ဟောင်ကောင်လက်ရွေးစင် အသင်းနှင့်  Training   Match   ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့်  ဟောင်ကောင်လက်ရွေးစင်အသင်းသည် နှစ်အနည်း ငယ်အတန်ကြာမှ   ခြေစမ်းပွဲပြန်လည်ကစားခြင်းဖြစ်ပြီး   အရှုံးအနိုင်မပေါ်ဘဲ  ဂိုးမရှိ   သရေကျခဲ့သည်။                                        
Training   Match  ကစားသမားဦးရေ အကန့်အသတ်မရှိ  လဲလှယ် ခွင့်ပြုခဲ့ပြီး ရလဒ်ပိုင်းထက် အသင်းပြင်ဆင်မှုအပိုင်းကို ပိုမိုဦးစားပေးခဲ့ သည်။
 မြန်မာအသင်းသည် ပထမပိုင်းတွင် သန်းပိုင်၊ မောင်မောင်လွင်၊ ထက်ဖြိုးဝေ၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊  ဒေးဗစ်ထန်၊ စိုးမိုးကျော်၊ ဇော်ရဲထွန်း၊ ကျော်ဇင်လွင်၊ ဟိန်းဖြိုးဝင်း စသည့်ကစားသမားများကို အသုံးပြုခဲ့သည်။  ဒုတိယပိုင်းတွင်လည်း    မတူညီသည့်  လူစာရင်းဖြင့် ပွဲထွက်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ဂိုး- ထွန်းနန္ဒဦး၊ နောက်တန်း-  ဝင်းမိုးကျော်၊   ငြိမ်းချမ်း၊    ကျော်ဇင်လွင်၊      ရဲမင်းသူ၊   အောင်ဝဏ္ဏစိုး၊ အလယ်တန်း - မြတ်ကောင်းခန့်၊ ဆွမ်လန်မန်၊ ဇော်ဝင်းသိန်း၊ ရန်ကျော် စိုး၊ ရှေ့တန်း - အောင်ကောင်းမာန်တို့ကို ပြောင်းလဲအသုံးပြုခဲ့သလို ပွဲချိန်အတွင်း လူစားလဲမှုများလည်း ပြုလုပ်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး   အပြန်အလှန်   ထိုးဖောက်နိုင်သော်လည်း  ဂိုးမရခဲ့ဘဲ ပထမပိုင်းပြီးဆုံးခဲ့သည်။ 
မြန်မာအသင်းသည်  ပထမပိုင်းတွင်  သန်းပိုင်၊ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်း၊ လှိုင်းဘိုဘိုတို့ ထိုးဖောက်မှုများဖြင့် ဂိုးရရန် နီးစပ်ခဲ့သော် လည်း ဟောင်ကောင်နောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သည်။  အရပ်အမောင်းမြင့်မားသည့်   ဟောင်ကောင်ကစားသမားများသည်  အမြင့်ဘော အသုံးပြုကစားခဲ့သော်လည်း  မြန်မာအသင်း စနစ်တကျ ဖျက်ထုတ်နိုင်ခဲ့သည်။ အောင်ကောင်းမာန်အစား ဝင်းနိုင်ထွန်းကို မိနစ် ၆၀ တွင်  ထည့်သွင်းခဲ့သလို  မြတ်ကောင်းခန့်၊  ရန်ကျော်စိုးတို့အစား အောင်မျိုးခန့်၊ အောင်နိုင်ဝင်းတို့ကို လဲလှယ်အသုံးပြုခဲ့သည်။ 
ဒုတိယပိုင်းတွင် ၁၈ ကိုက်စည်းအတွင်း  ရဲမင်းသူ အပိုင်ကန်ချက် ဂိုးတိုင်ထိခဲ့သလို     မြတ်ကောင်းခန့်၏  ပြစ်ဒဏ်ဘောကန်ချက်နှင့် ၁၈ ကိုက်ထိပ် အပိုင်ကန်ချက်တို့မှာလည်း ဂိုးမရရှိခဲ့ပေ။  ဟောင်ကောင် အသင်း၏ အဝေးကန်ချက်များနှင့်     အပိုင်ခေါင်းတိုက်ချက်များကို လည်း လူစားဝင်လာသည့် ဂိုးသမားပြည့်ဖြိုးသူ ကာကွယ်နိုင်ခဲ့သဖြင့်  ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည်  အာရှဖလား  တတိယအဆင့် ခြေစစ်ပွဲမတိုင်မီ နောက်ခြေစမ်းပွဲအဖြစ် မေ ၂၇ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင်  ဘန်ကောက်မြို့ရှိ BG Stadium တွင် ကမ္ဘာ့အဆင့် ၈၉ ရှိ   ဘာရိန်းလက်ရွေးစင်အသင်းနှင့်  FIFA  "A"  International Friendly Match  အဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 
ရဲရင့်လွင်၊ဓာတ်ပုံ-MFF