အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ ကျောင်းသား လူငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း ရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးတို့ကို မြို့နယ်အသီးသီးတို့တွင် ဆောင်ရွက်နေကြသည်။ ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းရေးတွင် ကျောင်းအဆောက်အအုံ၊ စာသင်ခန်းများနှင့် အိမ်သာများ သန့်ရှင်းရေး၊ ရေကောင်း ရေသန့်ရရှိရေး၊ အမှိုက်သရိုက်ကင်းစင်ရေး၊ ကျောင်းမုန့်ဈေး တန်းများ သန့်ရှင်းရေးနှင့် အစားအသောက်များ ဘေးကင်း လုံခြုံရေးတို့အတွက် စီမံခန့်ခွဲဆောင်ရွက်ကြရခြင်းဖြစ်ပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးတွင် လတ်တလော အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ တို့ကို ကာကွယ်ရန်ဖြစ်သည်။
ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း အခြေခံပညာ ကျောင်းများ၌ ကျောင်းသူ ကျောင်းသားများ ကျောင်းအပ် လက်ခံနေပြီဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်း များအားလုံး ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။ ယခုအခါ မိုးများ ရွာသွန်းမှုနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါကလည်း လာနေကျအတိုင်း အချို့ဒေသများတွင် ကူးစက်မှုတို့ ရှိနေ သည်ဟု သိရသည်။ အားလုံးသိပြီးဖြစ်သည့်အတိုင်း သွေးလွန် တုပ်ကွေးသည် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက် ခြင်းဖြစ်သည်။ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး နေ့ဘက်တွင် လူကိုကိုက်ခြင်းဖြစ်ရာ ကျောင်းတက်မည့် ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရန် လိုအပ်သကဲ့သို့ပင် ခြင်များမခိုအောင်းနိုင်စေရန် ရှင်းလင်းထားရမည်ဖြစ်သည်။ ကျောင်းသားမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးငယ် များ ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်းတို့ဖြင့် ကာကွယ်ပေး လိုက်ရန် လိုသည်။
သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်ကျား နှိမ်နင်းရေး၊ ပိုးလောက်လမ်းနှိမ်နင်းရေးတို့ကို ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်ကြရန်လိုသည်။ ပိုးလောက်လမ်း နှိမ်နင်းရာတွင် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ရပ်ကွက် လုံးကျွတ်၊ ရွာလုံးကျွတ် ဆောင်ရွက်ကြရန်၊ ဖုံး-သွန်-လဲ-စစ် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ခြင်ပေါက်ပွားနိုင်သည့် အရာအားလုံးကို ရှင်းလင်းရန်၊ ခြင်ခိုအောင်းနိုင်သည့် ချုံနွယ် သစ်ပင် အမှိုက်သရိုက်များကို ရှင်းရန်၊ မသွန်နိုင်၊ မလှယ်နိုင် သည့် ရေစည်ရေကန်များကို အဘိတ်ဆေးဟုခေါ်သည့် ပိုးလောက်လမ်းသတ်သည့် ဆေးခတ်ရန် စသည်တို့ကို လူထုစုပေါင်းဆောင်ရွက်ကြရန် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက အသိပေးထားသည်။ သွေးလွန်တုပ်ကွေးကာကွယ် ရန်အတွက် ခြင်ကိုက်မခံရအောင် ကာကွယ်နေထိုင်ခြင်းနှင့် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းခြင်းတို့ကို အဓိက ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသတိပြုရမည့်အချက် မှာ သွေးလွန်တုပ်ကွေးသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ်ပြီးသွားပြီ ဟုဆိုကာ မပေါ့ဆကြရန်နှင့် ပထမတစ်ကြိမ် သွေးလွန် တုပ်ကွေးဖြစ်ဖူးသူ နောက်တစ်ကြိမ်ဖြစ်လျှင် ပိုဆိုးတတ် ကြောင်း သတိပေးထားခြင်းပင်ဖြစ်သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုများက လွန်စွာ ပင်အရေးပါသည့်အလျောက် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျောင်း အုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူ ကလေးငယ် များအား ကူးစက်ရောဂါများမှ ကာကွယ်တားဆီးနိုင်ပါစေကြောင်း။ ။