
တက္ကသိုလ်ရာပြည့် ဘဝတစ်ကွေ့
===================
ခင်ဆန်းဦး (မြန်မာစာ)
===========
“ရန်ကုန်တက္ကသိုလ်” ဟု ကြားလိုက်သည်နှင့် လူတိုင်း ရင်ထဲတွင် ကြည်နူးသွားစေပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးတက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပေါ်ထွန်းလာခဲ့သော ရန်ကုန်တက္ကသိုလ် သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်တစ်ရာပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ်နှစ်တစ်ရာပြည့်ခရီးတွင် ပါဝင်ခွင့်ရခဲ့သည့် မိမိ၏ဘဝခရီးအတွက် ဝမ်းမြောက်နှစ်သက်ခဲ့ရပါသည်။
ရန်ကုန်တက္ကသိုလ်သည် ကျွန်မဘဝအတွက် ဘဝတစ်ကွေ့သာမက ဘဝအချိုးအကွေ့များစွာဖြင့် တက္ကသိုလ်အရိပ်ကို ခိုလှုံခွင့်ရခဲ့ပါသည်။ မဟာဝိဇ္ဇာ ကျောင်းသူဘဝ၊ နည်းပြဆရာမဘဝ၊ လက်ထောက် ကထိကဘဝ၊ ကထိကဘဝ၊ ပါမောက္ခဘဝ၊ ပါမောက္ခ/ ဌာနမှူး ဘဝတို့ဖြင့် ရန်ကုန်တက္ကသိုလ်ဝယ် ရာထူး အဆင့်ဆင့်ဖြင့် ကျင်လည်ကာ ဘဝခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါသည်။ ကျောင်းသူဘဝတွင်လည်း စာများ သင်ယူရင်း ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝကို ကျေနပ်ဂုဏ်ယူမိပါသည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ချင် လွန်းလှသောဆန္ဒမှာ မဟာဝိဇ္ဇာတန်းတက်မှ ပြည့်ဝ ရပါသည်။
ဝေးရလေပြီ ရန်ကုန်တက္ကသိုလ်
ကျွန်မ၏ဖခင်မှာ နိုင်ငံ့ဝန်ထမ်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်သို့ပြောင်းရွှေ့နေရသဖြင့် ၁၀ တန်းကို ရန်ကုန်မြို့ လသာ အ.ထ.က (၂) ၌ ဘော်ဒါနေကာ ၁၀ တန်းအောင်လျှင် သူငယ်ချင်းများနှင့်အတူ ရန်ကုန် တက္ကသိုလ်တက်မည်ဟု အားခဲထားမိသည်။ ၁၀ တန်း အောင်တော့လည်း ဖခင်မှာ မြစ်ကြီးနားမြို့တွင် တာဝန် ထမ်းဆောင်နေရသဖြင့် ပထမနှစ်ဝက်ကို မြန်မာစာ အဓိကဘာသာရပ်ဖြင့် မြစ်ကြီးနားကောလိပ်တွင် တက်ခဲ့ ရပါသည်။ တစ်ဖန် ဖခင်သည် ပုသိမ်မြို့သို့ ပြောင်းရ ပြန်သဖြင့် ဖခင်ပြောင်းရွှေ့ရာ ပုသိမ်မြို့ရှိ ပုသိမ်ဒီဂရီ ကောလိပ်တွင် ပထမနှစ်၏ ဒုတိယနှစ်ဝက်ကို ဆက်လက် တက်ကာ အင်းလျားကန်အစား ကန်သုံးဆင့်ဖြင့်သာ တင်းတိမ်နေလိုက်ရပါတော့သည်။ ပုသိမ်ဒီဂရီကောလိပ် မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ) ရခဲ့သဖြင့် သူငယ်ချင်းများနှင့်လည်း ဝေး၊ ရန်ကုန်တက္ကသိုလ်ကြီးနှင့်လည်း ဝေးခဲ့ရလေပြီ။
ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝ
ရန်ကုန်တက္ကသိုလ်တက်ချင်လွန်းလှသော ဆန္ဒ ကြောင့် ပုသိမ်ဒီဂရီကောလိပ် စတုတ္ထနှစ် အောင်စာရင်း တွင် မဟာဝိဇ္ဇာတန်းကို ဆက်တက်ခွင့်ရသဖြင့် မြကျွန်း ညိုညို တက္ကသိုလ်ကျောင်းသူကြီးဖြစ်ကာ အလွန်ပီတိ ဖြစ်ခဲ့ရပါသည်။ မဟာဝိဇ္ဇာပထမနှစ်၌ပင် လုပ်သားများ ကောလိပ်၌ အချိန်ပိုင်းနည်းပြဆရာမ အလုပ်ရသဖြင့် ကျောင်းသူတစ်ဖြစ်လဲ ဆရာမလေးပေါ့။ ရန်ကုန် တက္ကသိုလ်တွင် မဟာဝိဇ္ဇာကျောင်းသူဘဝရောက်မှ ရန်ကုန်တက္ကသိုလ်၏အရသာကို အပြည့်အဝခံစားခွင့် ရခဲ့ပါသည်။
၁၉၇၄- ၁၉၇၅ ခုနှစ်ကာလက ရန်ကုန်တက္ကသိုလ်၏ အလှမှာ အလွန်ရိုးရှင်းလှပါသည်။ အဆောက်အအုံများ ကင်းမဲ့နေသော အင်းလျားကန်ရေပြင်မှာလည်း အလွန် ကျယ်ပြောလှပါသည်။ သရက်ပင်အိုတို့၏ အရိပ် ကောင်းကောင်းအောက်ခြေ၌ စားပွဲဝိုင်းလေးများဖြင့် အကြော်စုံစားရင်း အင်းလျားရေပြင်မှ တိုက်ခတ်လာသော လေနုအေးအေးလေးများကို ရှူရှိုက်ရသည်မှာ အလွန် ကြည်နူးဖွယ်ကောင်းလှပါသည်။ “မိန်းမလှကျွန်း” ဟု နာမည်ကျော်ကြားလှသော စီးပွားရေးတက္ကသိုလ်မှာ လည်း လူစည်ကားလှပါသည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်မှာ အခမ်းအနားပွဲ လုပ်တိုင်း အတီး၊ အမှုတ်၊ အဆို၊ အက၊ ပြဇာတ်၊ အငြိမ့် တို့ဖြင့် စည်စည်ကားကား၊ ခမ်းခမ်းနားနားကျင်းပလေ့ရှိသည်မှာ တက္ကသိုလ်၏ အစဉ်အလာတစ်ခုပင်။ မေဂျာ ပေါင်းစုံက သီချင်းတိုက်၊ ဇာတ်တိုက်နှင့် အာရ်စီခေါ် အပန်းဖြေရိပ်သာကြီးမှာလည်း ဆိုင်းသံ၊ ဗုံသံ၊ ပတ္တလားသံ တို့ဖြင့် အမြဲညံနေတော့သည်။ အနာဂတ်၏ အနုပညာ ရှင်များ ဆုံစည်းရာနေရာပင် မဟုတ်ပါလား။
တက္ကသိုလ်အားကစားရုံနှင့် အားကစားကွင်း မှာလည်း အားကစားမောင်မယ်တို့၏ အားကစား လေ့ကျင့်ရာ၊ ယှဉ်ပြိုင်ရာ၊ အားကစားလူရည်ချွန်များ မွေးထုတ်ပေးရာ နေရာဖြစ်ပေသည်။ မေဂျာအလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပလျှင်လည်း အားတက်သရော သွားရောက်အားပေးခဲ့ရသည်မှာ အသံများပင် နာနေပေပြီ။ အားကစားနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျေးဇူး တင်ထိုက်သော ဂုဏ်ထူးဝိသေသတစ်ခုပင် မဟုတ်ပါလော။
စာအုပ်စာပေနှင့်ပတ်သက်၍လည်း ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်ကိုသာ အားထားကာ စာပေများ လေ့လာဖတ်ရှုကြရ ပါသည်။ မဟာဝိဇ္ဇာတန်းတက်စဉ် မြန်မာစာဌာန တောင်ငူ ဆောင်မှ ဘွဲ့နှင်းသဘင်ကို မျက်နှာမူကာ အဓိပတိလမ်းပေါ် မှ လမ်းလျှောက်လျက် အာရ်စီထဲမှ ထွက်ပေါ်လာသော ပတ္တလားသံလေးကို နားဆင်ရင်း စာကြည့်တိုက်သို့ အခါခါ ရောက်ခဲ့ရပါသည်။ သည်လိုနှင့် မဟာဝိဇ္ဇာ ပထမနှစ်အတန်း ကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝနေလို့မှ မဝလိုက်သေး၊ ၁၉၇၇ ခုနှစ်၌ ဒေသကောလိပ်များ စတင်ဖွင့်လှစ်ရာ ရခိုင်ပြည်နယ် ဒေသ ကောလိပ်၌ အလုပ်လျှောက်လိုက်ပါသည်။ အလုပ်ခန့်စာရ၍ နည်းပြဘဝနှင့် တက္ကသိုလ်ဘဝခရီးကို စတင်ခရီးနှင်ခဲ့ ရလေပြီ။
ရန်ကုန်တက္ကသိုလ်နှင့် ဘဝခရီး
ရန်ကုန်တက္ကသိုလ်ကြီး၏အရိပ်ကို နားခိုလိုက်၊ နယ်ပြောင်းလိုက်နှင့် အနှစ် ၃၀ ကျော်ခရီးကို ဘယ်လို ကုန်သွားသည်ဟူ၍ မသိလိုက်တော့ပေ။ ဘဝခရီးနောက်ဆုံး အချိုးအကွေ့ဖြစ်သည့်ကာလ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်သို့ ပါမောက္ခအဖြစ် ပြောင်းရွှေ့ခွင့် ရသဖြင့် အလွန်ဝမ်းသာမိပါသည်။ အမိတက္ကသိုလ်ကြီး၏ ရင်ခွင်သို့ နားခိုခွင့်ရပြီး ပင်စင်ယူသည်အထိ ရန်ကုန် တက္ကသိုလ်ကြီးကို လုပ်ကျွေးပြုစုတော့မည်ဟု ခံယူထား လိုက်ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ဆရာမကြီး ဒေါက်တာဒေါ်ခင်ဆွေမြင့်က ပါမောက္ခ/ ဌာနမှူးတာဝန် ထမ်းဆောင်နေသဖြင့် မမဆွေထံမှ ဌာန တာဝန်တွေ သင်ယူဦးမည်ဟုဆုံးဖြတ်ကာ ပေါ့ပေါ့ပါးပါး နှင့် ကျေနပ်မိပါသည်။
ရန်ကုန်တက္ကသိုလ်သို့ရောက်၍ သုံးလအကြာ၌ မမဆွေအငြိမ်းစားယူသွားသဖြင့် ကျွန်မမှာ ပါမောက္ခ/ ဌာနမှူး ရာထူး ခန့်အပ်ခြင်းခံရသဖြင့် ကြောက်လိုက် သည့် ဖြစ်ခြင်း။ ဒီရာထူး၊ ဒီနေရာကို မျှော်လည်းမမျှော်၊ မှန်းလည်း မမှန်းရဲပါ။ ဤနေရာ၊ ဤရာထူးမှာ ကျွန်မ တို့ အလွန်ချစ်ကြောက် ရိုသေလေးစားခဲ့ရသည့် ဆရာကြီး၊ ဆရာမကြီးများ နေသွားသောနေရာဖြစ်၍ အလွန်ကြောက်ခဲ့ပါသည်။ မမဆွေက အတင်းလက်ဆွဲ၊ သူ့ရုံးခန်းထဲ ဆွဲသွင်းပြီး ထိုင်ခိုင်းလို့သာ ထိုင်နေ ရသော်လည်း ဘာလုပ်ရမှန်း မသိအောင် ကြောက်နေမိ ပါသည်။ မမဆွေထံမှ မသိတာတွေ မေးမြန်းအဖြေရှာရင်း မိမိတာဝန်ကို အောင်မြင်အောင် အစွမ်းကုန်ကြိုးစား လုပ်မည်ဟု စိတ်ဆုံးဖြတ်လိုက်မိပါသည်။ နယ်တက္ကသိုလ် တွေမှာ ပါမောက္ခ/ဌာနမှူးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်လာနိုင်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ် ပါမောက္ခ/ဌာနမှူး ဆိုသည့် အရှိန်ကား အလွန်ကြီးလှ ပါသည်။ အဟန့်ကောင်းလွန်းလှပါသည်။ အိပ်မက်ပင် မမက်ရဲခဲ့သောနေရာသို့ ရောက်ခဲ့ရလေပြီ။
တာဝန်အသွယ်သွယ် ကြိုးစားဆောင်ရွက်မယ်
ထိုစဉ်က ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ကား ဆရာကြီး ဒေါက်တာထွန်းခင်ဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခ/ဌာနမှူး အသစ် စက်စက် ကျွန်မကိုခေါ်၍ လမ်းညွှန်ဩဝါဒဆုံးမစကား ပြောကြားပါသည်။ အရေးကြီးကိစ္စများ ဆောင်ရွက်ရန် အတွက် လိုအပ်သည်များကို လေ့လာသင်ကြားထားရန်၊ ပြင်ဆင်ထားရန်၊ အခက်အခဲရှိက မေးမြန်းရန်၊ အကူအညီ တောင်းရန်၊ တိုင်ပင်ညှိနှိုင်းရန် အားပေးစကား ပြောကြား သဖြင့် အလွန်စိတ်ချမ်းသာရပါသည်။
စိတ်သဘောထားပြည့်ဝပြီး အေးချမ်းတည်ငြိမ်သော ဆရာကြီးဒေါက်တာထွန်းခင်၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရသည်မှာ အလွန်ကံကောင်းလှသည် ဟု တဖြည်းဖြည်းနှင့်သိလာရပါသည်။ ဆရာကြီးအား အလွန်ကျေးဇူးတင်ပြီး ကြည်ညိုလေးစားမိပါသည်။
ပါမောက္ခ/ဌာနမှူးဆိုတာ ရန်ကုန်တက္ကသိုလ်ကြီး အတွက် နေ့ညမဟူ၊ အချိန်မရွေး ခေါ်ခိုင်းလျှင်၊ အရေးပေါ် အစည်းအဝေးလုပ်လျှင် ချက်ချင်းလာနိုင်အောင် ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာနေမှသာ အဆင်ပြေမည်ဟုဆိုပြီး ကျွန်မနေထိုင်ရန်အတွက် ဆရာကြီးက အ.ဆ.ည မှာ အိမ်တောင်းပေးပါသည်။ အမှတ် (၃) ပုဂံလမ်းအိမ်မှာ အိမ်ရသဖြင့် ချက်ချင်းပြောင်းရွှေ့နေထိုင်လိုက်ပါသည်။ သည်အချိန်မှစ၍ ရန်ကုန်တက္ကသိုလ်ကြီးအတွက် မိမိ ဘဝကို လုံးဝပုံအပ်လိုက်ပါသည်။ ပင်စင်ယူရန် ခြောက်နှစ် ကျန်သေးသဖြင့် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
မကြာမီတက္ကသိုလ်ဝင်တန်း စာမေးပွဲကိစ္စနှင့် ပတ်သက်၍ လာတော့မည်ဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ် မြန်မာစာ - စာစစ်မှူးချုပ်အသစ်စက်စက် ကျွန်မရင်ခုန် ရပါတော့သည်။ မုံရွာတက္ကသိုလ်မှာ စာစစ်မှူးချုပ် သုံးနှစ် ဆောင်ရွက်လာခဲ့ရပြီး အတွေ့အကြုံများ ရရှိခဲ့သော်လည်း အဖြေလွှာမှာ သောင်းဂဏန်းလောက်ရယ်သာ။
m စာမျက်နှာ ၈ မှ
ယခုရန်ကုန်မှာက တစ်သိန်းကျော်မို့ ကြောက်လန့် မိတာအမှန်ပင်။ ထိုစဉ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီး ကြီးမှူးကျင်းပမည့် အစည်း အဝေးတက်ရန် ဘာသာရပ်ဆိုင်ရာ စာစစ်မှူးချုပ်များ နေပြည်တော်သို့ သွားကြရမည်ဖြစ်ရာ ဒဂုံတက္ကသိုလ်မှ စာစစ်မှူးချုပ်များနှင့်ပေါင်းကာ မီးရထားဖြင့် နေပြည်တော် သို့ ချီတက်ကြရလေသည်။ ယခု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးလည်းပါရဲ့။ ဒဂုံတက္ကသိုလ် သင်္ချာ ပါမောက္ခ/ဌာနမှူး ဘဝတုန်းကပါ။ မီးရထားတစ်တွဲလုံး ကျွန်မတို့ ဆရာ ဆရာမတွေချည်းပဲဆိုတော့ ပြောကြ၊ ဆိုကြ၊ ရယ်ကြ၊ မောကြနှင့် ကျွက်ကျွက်ကိုညံလို့ ပျော်လိုက် ကြတာ လွန်ပါရော။ ဒီလိုကြီးလေးတဲ့ တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင် ဆောင်ရွက်ခဲ့ကြတာတွေဟာ ဘဝ တစ်ကွေ့ရဲ့ မှတ်တမ်းလေးတွေပါ။
နာဂစ်နှင့် စာစစ်
၂၀၀၈ခုနှစ် ဧပြီလတွင် တက္ကသိုလ်ဝင်တန်း စာစစ် ကိစ္စ ပထမအဆင့်ကို အောင်မြင်စွာ ပြီးမြောက်သွား၍ ဒုတိယအဆင့် Code ဖြေရန်ကိစ္စ မလုပ်ရသေးချိန်၊ ၂၀၀၈ခုနှစ် မေလ ၂ ရက်နေ့ညမှစ၍ နာဂစ်မုန်တိုင်းကြီး တက္ကသိုလ်နယ်မြေထဲသို့ ကြမ်းတမ်းစွာ တိုက်ခတ် ပါတော့သည်။ ကျွန်မအိမ် ပုဂံလမ်းခြံထဲရှိ အပင်အိုကြီး များမှာလည်း တဗုန်းဗုန်းနှင့် ပြိုလဲသံများကြားရပါတော့ သည်။ ထွက်လည်းမကြည့်ရဲ၊ သို့သော် ကျွန်မစိုးရိမ်တာက ကျွန်မအသက်ထက် ဌာနတွင် သိမ်းဆည်းထားသော Code ဖြေရမည့် တက္ကသိုလ်ဝင်တန်း မြန်မာစာအဖြေလွှာများ ပင်။ အဖြေလွှာလေးတွေ အပျက်အစီးမရှိ အကောင်း ပကတိ ရှိကြပါစေလို့ ဆုတောင်းနေမိတာ အခါခါ။
နံနက်မိုးလင်းလို့ ပတ်ဝန်းကျင်ကို ထွက်ကြည့် လိုက်ရာ အိမ်ရှေ့က သစ်ပင်အိုကြီးတွေ တုံးလုံးပက်လက် လဲလို့။ အိမ်ဘေးအိမ်နောက်ရှိသမျှ အပင်ကြီးတွေ လဲနေ လိုက်တာ မြင်မကောင်း။ အိမ်ကိုရှောင်ကွင်းပြီး လဲပေးလို့ အိမ်မှာအထိအခိုက်မရှိလို့ ကျေးဇူးတင်ရပေသည်။ ဌာန ကို ပြေးကြည့်ချင်သော်လည်း လမ်းတွေက ပိတ်နေ၍ သွားလို့မရ။ မုန်တိုင်းအပြီး နှစ်ရက်ကျော်လောက်မှ သွားလို့ရသဖြင့် ဌာနသို့ အမြန်သွားကြည့်လိုက်ရာ အပျက် အစီးများက ဆီးကြိုနေကြပါတော့သည်။ သို့သော် ဘုရားခန်း၊ ကျွန်မရုံးခန်းနှင့် အဖြေလွှာများထားသည့် အခန်းတို့မှာ လုံးဝမပျက်စီးပေ။ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ အဖြေလွှာစာအုပ်လေးများမှာ ဣန္ဒြေရစွာ အိပ်မောကျလျက်။ ရင်မောစရာ ဘဝတစ်ကွေ့ မှတ်တိုင် လေးများပါတကား။
ပါရဂူများ မွေးထုတ်ပေးရာမြေ
ကျွန်မ တာဝန်ထမ်းဆောင်စဉ်ကာလ၌ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းသားဆို၍ ပါရဂူသင်တန်းသူ သင်တန်းသားများသာ ရှိပါသည်။ ပါရဂူဝင်ခွင့်ဖြေဆို အောင်မြင်ပြီး တစ်နှစ်ပါရဂူ အကြိုသင်တန်းတက်ပြီး စာမေးပွဲဖြေဆိုအောင်မြင်ပါက စာတမ်းတစ်နှစ် တစ်စောင်ဖတ်ကြားတင်သွင်းပြီး လေးနှစ်ပြီးမြောက်ပါက ကျမ်းရေးတင် ကျမ်းစစ်ဆေးပြီး အရည်အချင်းပြည့်မီသောကျမ်းဖြစ်ပါက ပါရဂူဘွဲ့ ချီးမြှင့်ပါသည်။ ကျွန်မ ခြောက်နှစ် တာကာလ တာဝန်ထမ်းဆောင်စဉ် ပါရဂူဘွဲ့ရသူ ၂၀၀ ခန့် မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ပါရဂူဘွဲ့ယူရန် တက်လှမ်း လာသော ပါရဂူများကို ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်မှ ဝမ်းသာ ပီတိဖြင့် ကြိုဆိုမိပါသည်။ ပါရဂူဘွဲ့နှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်းခင်က ကျွန်တော်ပါရဂူဘွဲ့ရသည့်အခါ “ငါဘာမှမသိသေးပါလား ဆိုတာ စသိလိုက်ရပါတယ်” ဟူသော စကားကို သဘောကျ လွန်း၍ ပါရဂူဘွဲ့ယူမည့် တပည့်များကို အမြဲပြောပြခဲ့ပါ သည်။ ဘာသာရပ်အသီးသီးမှ ပါရဂူများ နှစ်စဉ်ပေါ်ထွက် လျက်ရှိသည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ဂုဏ်ယူစရာ ကောင်းလှပါသည်။
သုတေသနနှင့် ပညာရပ်တာဝန်
သုတေသနဟူသည် တက္ကသိုလ်၏ အသက်ပင် မဟုတ်ပါလား။ ပညာရပ်ဆိုင်ရာ သုတေသနတို့ ရှင်သန် နေသမျှ တက္ကသိုလ်ကြီးလည်း ရှင်သန်နေပေမည်။ ရန်ကုန် တက္ကသိုလ်၌ နှစ်စဉ်အောက်တိုဘာလ၌ ဝိဇ္ဇာ၊ သိပ္ပံပညာရှင် သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပလျက်ရှိသည်မှာ ယခု နှစ်ဆိုလျှင် အကြိမ် (၂၀)မြောက် ရှိပေပြီ။ ဖတ်ကြားတင်သွင်း သော စာတမ်းများမှ အကောင်းဆုံး သိပ္ပံစာတမ်းဆု၊ ဝိဇ္ဇာစာတမ်းဆုနှင့် တင်သွင်းခဲ့သည့် ပါရဂူကျမ်းများမှ အကောင်းဆုံး ဝိဇ္ဇာကျမ်းဆု၊ သိပ္ပံကျမ်းဆုတို့ကို ချီးမြှင့် ပေးခြင်းဖြင့် သုတေသနပညာရှင်များကို မွေးထုတ် ပေးလျက်ရှိပါသည်။ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများက ဦးဆောင်ကာ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံ ပညာရှင်အဖွဲ့ သုတေသန စာတမ်းဖတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေးခြင်းဖြင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ခဲ့ကြပေသည်။
ဘာသာရပ်ဆိုင်ရာ သင်ရိုးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်၊ ကောလိပ် များမှ ပါမောက္ခ/ဌာနမှူးများကို ဖိတ်ခေါ်ကာ ရန်ကုန် တက္ကသိုလ်က ဦးဆောင်၍ သင်ကြားရေးဆိုင်ရာ အခက် အခဲများ၊ ပြဿနာများကို ဆွေးနွေးကြစေပြီး အများ သဘောတူပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ကာ သင်ကြားရေး အဆင်ပြေကောင်းမွန်စေရန် ဆောင်ရွက် ကြရပါသည်။ ဤသို့ဖြင့် ဘာသာရပ်ဆိုင်ရာ သင်ရိုး အစည်းအဝေးကို တစ်နှစ်နှစ်ကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခြင်းဖြင့် ရန်ကုန်တက္ကသိုလ်ကြီး၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ခဲ့ကြပါသည်။ သို့ဖြစ်ရာ မိမိကိုယ်မိမိလည်း ရန်ကုန်တက္ကသိုလ်ကြီး အတွက် တာဝန်ကျေပွန်သူအဖြစ် ခံယူမိပါသည်။
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ပါမောက္ခ/ ဌာနမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ မိသားစု စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ပါသော ဒေါက်တာအောင်မြင့်ဦး၊ ပါမောက္ခ/ဌာနမှူး (ငြိမ်း)နှင့် တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် နည်းပြများအပြင် ရုံးဝန်ထမ်းများကို အထူးပင်ကျေးဇူးတင်လျက်ရှိပါသည်။ သက်ပြည့်အငြိမ်းစားယူခဲ့သော်လည်း မြန်မာစာဌာန အကျိုးနှင့် ရန်ကုန်တက္ကသိုလ်၏အကျိုးကို ယနေ့တိုင် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန် တက္ကသိုလ်ကြီး “ရာပြည့်မှသည် ကမ္ဘာတည်သရွေ့” တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းလျက်။ ။
- Log in to post comments