ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

============================================

နေပြည်တော် နိုဝင်ဘာ ၁၄

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအတွင်းရှိ ကုမုဒြာရေကန်၌ ဝန်ထမ်းများ စိတ်အပန်းဖြေနိုင်ရေးအတွက် တံတား တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တံတားဝန်းကျင်အနီး အပန်းဖြေနားနေနိုင်ရန်အတွက် ထိုင်ခုံများထားရှိ ဆောင်ရွက်ရန်၊ ကုမုဒြာရေကန်ဝန်းကျင် သာယာလှပရေး အတွက် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်ရန်၊ အပန်း ဖြေလျှောက်လမ်း တံတားကြံ့ခိုင်မှုရှိစေရေး စိစစ်ဆောင်ရွက် ရန်၊ တံတားချဉ်းကပ်လမ်းအား ရေတိုက်စားမှုမဖြစ်စေရေးထည့်သွင်းစဉ်းစားဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ ရုံးဧရိယာအတွင်း အာရ်စီသုံးထပ်ရုံး အဆောက် အအုံသစ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက် ရေး ၂၊ အဆောက်အဦအထူးအဖွဲ့ ၄ က တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူ များက အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ရုံးအဆောက်အအုံသစ်အတွက် ရေနှင့် လျှပ်စစ်မီး လိုအပ် ချက်၊ လျှပ်စစ်မီးတပ်ဆင်ရာတွင်လည်း စွမ်းအင်အနည်းဆုံး အသုံးပြု၍ အလင်းရောင်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများအား ရုံးခန်းနေရာချထား ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်၊ ရုံးအသုံး အဆောင်နှင့် ပရိဘောဂပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလိုအပ်ချက်တို့ကို အချိန်နှင့် တစ်ပြေးညီ တင်ပြတောင်းခံဆောင်ရွက်ရန်တို့ကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိ မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်၍ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ၂၀၂၁ ခုနှစ် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးရေးအတွက် ရွေးချယ် ထားရှိသည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီသစ်ပင် စိုက်ပွဲဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည့် စိုက်ခင်းများ၏ နှစ်အလိုက်စိုက်ပျိုးရှင်သန် အောင်မြင်မှုကို မှတ်တမ်းထားရှိ ရန်၊ စိုက်ပင်များ ရှင်သန်ကြီးထွားမှုရှိစေရေးအတွက် သစ်တောပြုစုထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ ပြုစုဆောင်ရွက်ရန်၊ စိုက်ခင်းအလိုက် စိုက်ပျိုးသည့် သစ်မျိုး များ၏ အမြင့်နှင့် ကြီးထွားမှုတို့ကို တိုင်းတာမှတ်တမ်းတင် ထားရန်တို့ကို ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့်အတူ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ တည်ဆောက်လျက်ရှိသော ကျောင်းသူကျောင်းသားများ အပန်ဖြေနားနေနိုင်ရန်အတွက် ဦးပိန်တံတားပုံစံ ရေကန် ဖြတ်လျှောက်တံတားတည်ဆောက်မှုကို ကြည့်ရှုစစ်ဆေး၍ ရေကန်ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်သာယာလှပရေး အတွက် သစ်ပင်စိုက်ပျိုးရန်၊ ရေကန်ပတ်လည်တွင် ခုံတန်း များ ထားရှိဆောင်ရွက်ရန်၊ ရေကန်ပေါင်တွင် မြေဆီလွှာ ထိန်းသိမ်းနိုင်ရေးအတွက် ဗာတီဗာမြက် စိုက်ပျိုးဆောင်ရွက် ရန်တို့ကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်