စိမ်းလန်းသည့်ရေမြေတောတောင် ပြည်သူလူထုအားဖြင့် ဖန်တီးဖော်ဆောင်

 

သက်ရှိတို့၏ ရှင်သန်နေထိုင်မှုအတွက် သစ်ပင်များက လွန်စွာ အရေးပါသည်။ သစ်ပင်များက လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့ကို    ပြန်လည်ထုတ်လုပ် ပေးသည်။ လေထဲမှ ဖုန်နှင့်အမှုန်အမွှားများကို စစ်ယူထားနိုင် ပြီး လေထု၏အပူရှိန်ကိုလည်း လျှော့ချပေးနိုင်သည်။ သစ်ပင် များမှ အငွေ့ပြန်ခြင်းဖြင့် အအေးဓာတ်နှင့် လေထုတွင်  ရေငွေ့ ပါဝင်မှု   ပိုမိုမြင့်မားလာစေသည်။    မြေဆီလွှာနှင့် ရေဓာတ် တို့ကို ထိန်းသိမ်းပေးထားနိုင်ခြင်းကြောင့်    မြေအောက်ရေကို လည်း ကောင်းစွာတည်ရှိစေသည်။

 


သစ်ပင်သစ်တောများကို အမှီပြု၍ ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်တည်ရှိနေကြသည့်အပြင် ကမ္ဘာ့ရာသီဥတု ကောင်းမွန် မျှတနေစေရေးတွင်လည်း သစ်ပင်သစ်တောများက  မရှိမဖြစ်  လိုအပ်သည်။ လူသားတို့အဖို့လည်း   သစ်ပင်သစ်တောများမှ ထုတ်ယူရရှိသည့် အစားအစာ၊ ဆေးဝါး၊ လူသုံးကုန်အများအပြား ရှိသည်။ သစ်တောများမှ  သစ်များ အလွန်အကျွံထုတ်ယူခြင်း၊ သစ်တောများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာစိုက်ခင်းများ ဖော်ထုတ်ခြင်း၊ လူနေအိမ်ခြေများ တည်ထောင်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊  ဆည်မြောင်းတာတမံများ တည်ဆောက် ခြင်း စသည်တို့အပါအဝင် သစ်တောများ ဆုံးရှုံးလျော့နည်း ပျောက်ကွယ်သွားခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြင်   ကမ္ဘာ့ရာသီဥတုအပေါ်တွင်လည်း   သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။  ယင်းတို့မှတစ်ဆင့် လူသားတို့အပေါ်    သဘာဝဘေးအန္တရာယ်ကျရောက်မှု အန္တရာယ်ကလည်း ပိုမိုကြီးမားလာသည်။

 


မိမိတို့နိုင်ငံသည် ပထဝီအနေအထားနှင့် မြေမျက်နှာ သွင်ပြင် ဖွဲ့စည်းပုံတို့အရ သဘာဝဘေးအန္တရာယ်ကျရောက် နိုင်မှု မြင့်မားသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်များတွင်    မြန်မာနိုင်ငံလည်း   ပါဝင်ရာ    ပျမ်းမျှအပူချိန်တိုးလာခြင်း၊ မိုးရွာသွန်းသည့်ကာလ တိုတောင်း သွားခြင်း၊ ရာသီဥတုဖြစ်စဉ်များ ပြင်းထန်ကြမ်းတမ်းလာခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းများဖြစ်ပေါ်ခြင်း     စသည့်သက်ရောက်မှုများကို ပိုမိုခံစားကြရသည်။ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် အပူချိန် လွန်ကဲခြင်းတို့ကြောင့် သေဆုံးမှုများလည်း   များပြားခဲ့ရာ ထိခိုက်ဆုံးရှုံးမှု များပြားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။

 


မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်း၏ ရည်ရွယ်ချက် များမှာ သစ်တောသယံဇာတများ  ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းလာစေရန် အတွက် ဖြစ်သည်။ နိုင်ငံတော်၏   သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတွင်  ပါဝင်ကူညီရန် လည်း နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ သစ်ပင်စိုက်ပျိုးရေး ပွဲတော်များ နိုင်ငံအနှံ့တွင်ကျင်းပ၍ စိမ်းလန်းသည့် မြန်မာ့ ရေမြေတောတောင်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းက တက်ကြွစွာ    ပူးပေါင်းပါဝင်ကြရန်နှင့် တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်ကာ စိုက်ပျိုးသမျှ သစ်ပင်တိုင်း ရှင်သန်ကြီးထွားလာစေရေး အလေးထား ဆောင်ရွက်နိုင်ကြ ပါရန် နှိုး‌ဆော်တိုက်တွန်းအပ်ပါကြောင်း။              ။