
ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ
တစ်ဝန်းမှာ ကူးစက်ဖြစ်ပွားလျက် ရှိနေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အသက်အရွယ် မရွေး၊ လူတန်းစားမရွေး ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါ ဆိုးကြီးဖြစ်သလို ဒီနေ့အချိန်အထိ ရောဂါကုသဖို့ ဆေးရော၊ ကြိုတင်ကာကွယ်ဖို့ ဆေးပါ တရားဝင်မတွေ့ရှိ ရသေးတာကို မိဘပြည်သူများ အသိပဲဖြစ်ပါတယ်။
ဒီရောဂါကို မဖြစ်ပွားရအောင်၊ ကူးစက်မခံရအောင် အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေက လက်ကို မကြာခဏဆေးတာ၊ Mask ကို စနစ်တကျ အသုံးပြုတာနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး အိမ်မှာပဲနေတာ အစရှိတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားလာမှုဟာ အချိန်ကြာလာတာနဲ့အမျှ လူသားတွေအနေနဲ့ မိမိတို့ နေ့စဉ်ပုံမှန်သွားလာလှုပ်ရှား မှုတွေကနေ Stay at Home နေထိုင်နေရတဲ့ အခြေအနေ တွေကို ငြီးငွေ့စိတ်ပျက်လာတာ၊ အလိုမကျ အားငယ် လာတာမျိုးတွေလည်း ဖြစ်လာနေကြပြီဆိုတာကိုလည်း တွေ့မြင်နေရပါတယ်။
သို့သော် ရောဂါကူးစက်နိုင်မှု အရှိန်အဟုန်ကို ထိန်းချုပ်နိုင်ဖို့အတွက် လတ်တလောမှာ ဒီနည်းလမ်း တွေက အထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်တာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထား တဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာရင်း ဆက်လက်သတိပြုနေထိုင်ကြဖို့ စဉ်ဆက် မပြတ် တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကုသပေးနေမှု အနေ အထား၊ ဆောင်ရန် / ရှောင်ရန် ကိစ္စရပ်တွေနဲ့ပတ်သက် လို့ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ် စဉ်တိုင်း ရှင်းလင်းဖြေကြားပေးလျက်ရှိရာမှာ ဒီနေ့ရဲ့ ကိုဗစ်အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီ အစဉ်မှာ ပါမောက္ခဒေါက်တာမြင့်ဟန်[ညွှန်ကြားရေး မှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်]၊ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁(ရန်ကုန်)၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့]တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး [ဒုတိယညွှန်ကြားရေး မှူးချုပ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်သူ့ ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန] က ပါဝင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးဖြေကြားမှုတွေ စတင်နိုင်ဖို့အတွက် ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုးက ဦးဆောင်ဆွေးနွေး ပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။ ။ ဟုတ်ကဲ့၊ မိဘ
ပြည် သူများ အားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်က နေပြည်တော် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး ဖြစ်ပါတယ်။ ဒီနေ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ကျွန်တော် နဲ့အတူ ဆရာကြီး ပါမောက္ခဒေါက်တာမြင့်ဟန်နဲ့ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ် ဆရာကြီးပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့က ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာမြင့်ဟန် ကနေပြီး မေးခွန်းများကို ဖြေကြားပေးဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားအပ်ပါတယ်ခင်ဗျာ။
ပါမောက္ခဒေါက်တာမြင့်ဟန်။ ။ ဟုတ်ကဲ့ ကျေးဇူး
တင် ပါ တယ်။ ကျွန်တော် ဒီနေ့ မေးခွန်း(၃) ခုကို ဖြေဆိုသွားဖို့ ရှိပါတယ်။ ပထမဆုံး မေးခွန်းက ကျွန်မဟာ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံကဆင်းပြီး အိမ်မှာ Home Quarantine တစ်ပတ် ပြီးပါပြီ။ အခုဆို Home Quarantine ပြီးတာ ၄ ရက်ရှိပါပြီ။ အခု ၄ နှစ် ကလေး၊ ၈ နှစ် ကလေးတို့နဲ့ ထိတွေ့လို့ ရပါပြီလား။ ကလေးတွေနဲ့ ထိတွေ့တဲ့အခါမှာ ဆောင်ရန်/ ရှောင်ရန်တွေကို ကျေးဇူးပြု၍ ညွှန်ကြားပေးပါရှင့်လို့ မေးထားပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ ကိုဗစ် Positive ဖြစ်ပြီး အိမ်မှာ မိသားစုကလေးတွေရှိတဲ့သူတွေ အတွက်က မေးခွန်းရှင် မိခင်အနေနဲ့ စိတ်ပူပန်မှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ မှန်းဆမိပါတယ်။ ကိုဗစ် Positive ဖြစ်ပြီး ဆေးရုံက ဆင်းလာပြီဆိုရင် ဆေးရုံကလည်း ရောဂါ လက္ခဏာတွေ သက်သာမှ၊ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ပြန်လည်ပေးဆင်းခြင်းဖြစ်ပါတယ်။ ပြီးတော့ Home Quarantine အိမ်မှာလည်းဆက်ပြီး တစ်ပတ်ကို တိတိပပ လိုက်နာပြီးနေဖို့ ညွှန်ကြားပြီးလည်း ဖြစ်ပါ တယ်။
ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အဓိက မိသားစုတွေ စိုးရိမ်တာက မိမိတို့ရဲ့ မိသားစုဝင်၊ အထူးသဖြင့် ကလေး တွေကိုပါ။ ကလေးတွေ ကူးစက်သွားမှာ စိုးရိမ်ကြတဲ့ သဘောရှိပါတယ်။ သို့သော်လည်း Home Quarantine တစ်ပတ်နေထိုင်ပြီးရင် ကိုဗစ်ရဲ့သဘောက သူက တခြားသူကို ဆက်ပြီး ကူးစက်နိုင်ခြေ အတိုင်းအတာက နှစ်ပတ်ဆိုရင် စိတ်ချရပါတယ်။ အဲဒီတော့ Positive ဖြစ် ပြီး အခုဆိုရင် နှစ်ပတ်လည်း ကျော်သွားပြီလို့ သိရပါ တယ်။ ဒါဆိုရင် မိမိရဲ့ကလေးတွေနဲ့ ပုံမှန်ထိတွေ့ ဆက်ဆံလို့ရနေပါပြီလို့ ဖြေကြားချင်ပါတယ်။
ကလေးတွေကို ကြည့်လိုက်တော့ အသက်က ၄ နှစ် နဲ့ ၈ နှစ်ဆိုတော့ နို့တိုက်ရတဲ့အရွယ်၊ ရင်ခွင်ပိုက် ကလေးအရွယ်တွေ မဟုတ်တော့တဲ့အတွက် ဆက်လက် ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ပြောရမယ်ဆိုရင် ကိုဗစ် ကူးစက်မှုမြင့်မားတဲ့ကာလမှာ ကျွန်တော်တို့ အမြဲတမ်း အကြံပြုနေတဲ့ အချက် ၄ ချက်ကို ဆက်လက်ပြီး လိုက်နာဖို့လိုပါတယ်။ အဲဒီတော့ မလိုအပ်ဘဲနဲ့ ထိတွေ့မှု တွေကို ရှောင်ရပါမယ်။ လက်ကို မကြာခဏ ဆေးရပါ မယ်။ Mask ကို တပ်ရပါမယ်။ လူစုလူဝေးရှိတဲ့နေရာ တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ အမေအနေနဲ့ စိတ်ပူတဲ့ သူကနေတစ်ဆင့် ကူးစက်ဖို့ လမ်းကတော့ တော်တော်လေး နည်းပါတယ်။ ဒါပေမယ့် ကလေးတွေ အနေနဲ့ အပြင်ကနေပြီး တခြားကနေ ကူးစက်နိုင်တဲ့ အနေအထားတွေရှိနိုင်တဲ့အတွက် ဒါကို ကျွန်တော့်အနေနဲ့ သတိပြုစေချင်ပါတယ်။
အထူးသဖြင့် ကလေးတွေ ဆော့ကစားတဲ့အချိန်တို့၊ ကလေးချင်း တွေ့ထိတဲ့အချိန်တွေ၊ ဈေးတို့ ဘာတို့ကို မိဘတွေက ခေါ်သွားခဲ့ရင်ဖြစ်ဖြစ် လူအုပ်ရှိတဲ့ နေရာတွေ ကို သွားမယ်ဆိုရင် ၈ နှစ် ကလေးက Mask တပ်ဖို့ လိုပါ လိမ့်မယ်။ ၄ နှစ်အရွယ်ကလေးက Mask တပ်ရတာ အခက် အခဲရှိနိုင်တဲ့အတွက် Social Distancing နဲ့ အညီ ခပ်ခွာခွာလေးနေဖို့ ဒါတွေကို သတိပြုစေချင်ပါတယ်။ ကျွန် တော့်အနေနဲ့ ခြုံပြောရရင် ကူးစက်မှုအခွင့်အလမ်းက မိမိကလေးတွေကို အလွန်နည်းသွားပါပြီ။ ဒါပေမယ့် လည်း ကိုဗစ်နဲ့ ပတ်သက်ပြီး ဆောင်ရန် / ရှောင်ရန်တွေကို ဆက်လက်ပြီး လိုက်နာဖို့ ကျွန်တော့်အနေနဲ့ အကြံပြု ချင်ပါတယ်။
တစ်ဆက်တည်းမှာပဲ ကလေးတွေဟာ ယေဘုယျ အားဖြင့် ကိုဗစ်ရောဂါဖြစ်ပွားမှုအနေနဲ့ ကလေးတွေမှာ ကူးစက်ခံရနိုင်တဲ့ အနေအထား အင်မတန် နည်းပါးပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ရောဂါသည် အသက်အရွယ် မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို ကူးစက် နိုင်တဲ့ အနေအထားရှိတဲ့အတွက် ဒါတွေကို သတိထား ရှောင်ကြဉ်သင့်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြား ချင်ပါတယ်။
နောက်ဒုတိယမေးခွန်းက ကိုဗစ် Positive ဖြစ်လို့သာ Quarantine Center ကို သွားလိုက်ရတယ်။ နှာစေး ချောင်းဆိုးခြင်းလည်း မရှိဘူး။ အနံ့အရသာ ပျောက်ခြင်း လည်း မရှိဘူး။ ဖျားနာခြင်းလည်းမရှိပါ။ ကိုဗစ် လက္ခဏာ တွေတစ်ခုမှ မဖြစ်ပါဘူး။ ပုံမှန်စားကောင်း၊ သောက် ကောင်း၊ အိပ်ကောင်းပဲ အဲဒါဘာဖြစ်လို့ပါလဲ။ ကိုယ်နဲ့ နီးနီးကပ်ကပ်နေမိတဲ့ Quarantine ဝင်နေဆဲ ကျွန်မ အမျိုးသားနဲ့ ၃ နှစ်အရွယ် ကလေးက Negative ပါ။ အဲဒါ ဘယ်လိုဖြစ်တာပါလဲရှင် ဆိုပြီး မေးထားပါတယ်။
ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကိုဗစ်မှာ ၈၀ ရာခိုင် နှုန်းသော ကူးစက်ခံရသူတွေက ရောဂါလက္ခဏာ သာမန် လောက် ပြတာတွေလည်းရှိတယ်။ တချို့တွေဆိုရင် မသိမသာ ပြလိုက်တဲ့ လူနာတွေနဲ့ သတိမထားမိတာ တွေလည်းရှိပါတယ်။ တချို့ဆိုရင် စောစောက မေးခွန်းရှင် မေးထားသလို ဘာလက္ခဏာတစ်ခုမှ မရှိဘူး။ ဒါပေမယ့် Positive ဖြစ်သွားတယ်။ ဒီလိုမျိုးလည်း ရှိပါတယ်။
ဒီရောဂါလက္ခဏာ ပြင်းထန်တာတွေက ၅ ရာခိုင် နှုန်းလောက်ဖြစ်တယ်။ အတန်အသင့် ပြင်းထန်တာတွေ က ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်ဆိုတော့ ကိုဗစ်ရောဂါ ကူးစက်တိုင်း ရောဂါလက္ခဏာ မပြပါဘူး။ သို့သော် ရောဂါလက္ခဏာမပြတဲ့သူကလည်း တခြားသူကို ကူးစက် နိုင်တဲ့ အခွင့်အလမ်းတွေ၊ အနေအထားမျိုးတွေ ရှိနေပါ သေးတယ်။ ဒါပေမယ့် သူ့ရဲ့ အမျိုးသားနဲ့ ၃ နှစ်အရွယ် ကလေးက Negative ဖြစ်တယ်။ အဲဒါဘာဖြစ်လို့ပါလဲ ဆိုတော့ စောစောက ကျွန်တော် ဆွေးနွေးသလိုပါပဲ။ ကလေးတွေက အခြေခံယေဘုယျ သဘောတရား အားဖြင့်ကိုက ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ခံရ တဲ့နှုန်းထားက လူကြီးတွေလို မများပါဘူး။ ဒါကြောင့် လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ရောဂါကူးစက် မှုမှာ မိမိမှာရှိတဲ့ ကိုယ်ခံအားပေါ်မှာလည်း မူတည်ပါ တယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးရဲ့ ပြင်းထန်မှုအားပေါ်မှာလည်း မူတည်ပါတယ်။ သူ့ရဲ့ ပိုးကောင်ရေ အရေအတွက် ဒါမျိုးတွေလည်း မူတည်နေပါတယ်။
ဒါ့အပြင် ကူးစက်ပုံနည်းလမ်း ဖြစ်ပါတယ်။ အထူး သဖြင့် ကူးစက်တာများတာက အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာတွေရှိရင် ပိုပြီးကူးစက်တာ များပါတယ်။ ဥပမာ - ချောင်းဆိုးနေမယ်။ နှာစေးနေမယ် စသဖြင့် ဒီလိုမျိုးတွေရှိရင် ကူးစက်မှုဖြစ်စေတဲ့အတွက် မေးခွန်းရှင်က သူ့မှာ ဒီလက္ခဏာတွေ ဘာမှမရှိတဲ့အတွက် မိမိရဲ့ အမျိုးသားမှာရော၊ ကလေးမှာရော ကူးစက်မှု မရှိ တာ ဖြစ်နိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြား လိုပါတယ်။
ဘယ်လိုပဲပြောပြောပေါ့နော်၊ ရောဂါလက္ခဏာတွေ မရှိဘူးဆိုတာ ဝမ်းသာဖို့လည်း ကောင်းပါတယ်။ မိမိရဲ့ ကလေးနဲ့ အမျိုးသားက Quarantine ဝင်ရတယ်ဆိုတာ က သူတို့ကိုလည်း စောင့်ကြည့်ရတာပါ။ အထူးသဖြင့် ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင် တယ်ဆိုတော့ ဒါကို စောင့်ကြည့်တဲ့အနေအထားဖြစ် တယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားချင်ပါတယ်။
နောက်ဆုံးမေးခွန်းက ကျွန်တော်တို့ ဒီအစီအစဉ် တွေမှာ မကြာခဏလည်း ဖြေကြားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မေးလာတဲ့အတွက်လည်း ထပ်ပြီးဖြေပါမယ်။ မေးခွန်းက ကိုဗစ်ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲမှာ တစ်လခွဲ လောက် ရှိနေတယ်ဆိုရင် အဲဒီလူကို ထိခိုက်လား၊ အသက် ဆုံးရှုံးမှုရော ဖြစ်ပေါ်နိုင်သလား၊ ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတဲ့နောက်ပိုင်းကို ဆိုလိုပါတယ် လို့ မေးထားပါတယ်။
ဟုတ်ပါတယ်။ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲတွေ က ကျွန်တော်တို့ အရင်ကလည်း ပြောထားခဲ့ပါတယ်။ ကိုဗစ်ရောဂါဖြစ်တဲ့အချိန်မှာ ဘယ်လောက်ထိဆိုးလဲ အပေါ်မှာလည်း မူတည်ပါတယ်။ တချို့တွေကျတော့လည်း ပြင်းပြင်းထန်ထန် အဆုတ်နဲ့ပတ်သက်ပြီး အသက်ရှူရ ကျပ်တယ်။ ICU ထဲမှာ ကုသမှုခံယူရတယ်။ အသက်ရှူ ပံ့ပိုးစက်တွေရဲ့ အကူအညီယူရတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းမှုတွေ ဖြစ်ပေါ်တဲ့အထိလည်း ဒါဖြစ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် ၁၁ ရက်ပြည့်ပြီး ဆေးရုံက ဆင်းလာတယ်ဆိုရင် ကုသမှုအပိုင်းအရ တော်တော်လေး လုံလောက်ပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ရဲ့ တွေ့ရှိချက်တွေအရ အချိန်အတန်အကြာ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရင်ဘတ်အောင့်တာတွေ၊ ရင်ဘတ်လေးလံတာတွေ၊ ချောင်းဆိုးတာဆက်ပြီး ကျန်တာတွေ၊ အသိဉာဏ်၊ မှတ်ဉာဏ်တွေ လျော့နည်း လာတာတွေ၊ ညအိပ်တဲ့အခါမှာ အိပ်မပျော်တဲ့ ပြဿနာ တွေ၊ စိတ်ဖိစီးမှုများတာနဲ့ စိတ်ကျဝေဒနာဖြစ်တာတွေ ဒါတွေလည်း ရှိတတ်ပါတယ်။ တချို့တွေကလည်း အသက်ရှူမဝတာတွေလည်း ခံစားရပါတယ်။ တော်တော် များများခံစားရတဲ့လက္ခဏာတစ်ခုက အားအင်ချည့်နဲ့ပြီး နွမ်းနယ်နေတာမျိုးကို လူနာ ၅၀ ရာခိုင်နှုန်းကျော်က ခံစားရတာကို တွေ့ရှိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာတွေမှာလည်း ခံစားရမှုတွေ ရှိတတ်ပါတယ်။ တချို့ကျတော့ ခန္ဓာကိုအောက်ပိုင်းလှုပ်ရှားရမှု အားနည်း တာတွေ၊ ဟန်ချက် မထိန်းနိုင်တာတွေ၊ ခြေတုန်၊ လက်တုန်ရောဂါတွေဖြစ်တာမျိုးကိုလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တချို့ဆိုရင် အနံ့ပျောက်တာနဲ့ အရသာ ပျောက်တာကို တာရှည်စွာခံစားရတဲ့ လူနာမျိုးတွေ လည်း ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး။ ။ ကျေးဇူးတင်ပါ
တယ် ဆရာ။ ဆက်လက်ပြီး ဆရာကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး က ဖြေကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ပါမောက္ခဒေါက်တာဇော်ဝေစိုး။ ။ ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကို မေးထား တဲ့ မေးခွန်းတစ်ခုကဘာလဲဆိုတော့ ဆရာဝန်ကြီးများရှင့်။ ကိုဗစ် - ၁၉ ရောဂါပိုးသည် ဆံပင်များပေါ်တွင် ကပ်ငြိ ၍ အသက်ရှင်နေနိုင်ပါသလားရှင့် ဆိုတာ ဖြစ်ပါတယ်။ ကျွန်မတို့မှာ နေ့တိုင်း လုပ်ငန်းခွင်သို့သွားရသော်လည်း အသက်အရွယ်အရ နေ့တိုင်းခေါင်းမလျှော်နိုင်သော ကြောင့်သိလို၍ ဖြေကြားပေးစေလိုပါတယ်ရှင့် ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆံပင်မရှိတဲ့သူကို ဆံပင်အကြောင်း မေးတော့ ဘယ်လိုဖြေရမလဲ စဉ်းစားရပါတယ်။
တကယ်တော့ လေ့လာထားတာက The Lancet ထဲမှာရှိပါတယ်။ ဆံပင်နဲ့ပတ်သက်ပြီးတော့ လေ့လာ ထားချက် The Lancet ဆိုတဲ့ သိပ္ပံဂျာနယ်ထဲမှာ အဝတ် အစားတွေနဲ့ ပတ်သက်ပြီး လေ့လာထားတာ၊ မျက်နှာပြင် တွေနဲ့ပတ်သက်ပြီး လေ့လာထားတာ ရှိပါတယ်။ အဝတ် အစားနဲ့ဆိုရင်တော့ သူက အဝတ်အစားပေါ်မှာ ပိုးက တစ်ရက်လောက် အသက်ရှင်နေနိုင်တယ်။ ဒါပေမယ့် Hard Surface လို မာတဲ့နေရာတွေ၊ Stainless Steel တွေ၊ ပလတ်စတစ်တွေအပေါ်မှာဆိုရင် ၄ / ၅ ရက် လောက်အထိ အသက်ရှင်နေနိုင်ပါတယ်။
ဆံပင်ကိုတော့ အတိအကျလေ့လာထားတဲ့ လေ့လာ ချက်တော့ ရှာလို့မတွေ့ပါဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ရေးထားတာတော်တော်များများ ရှိပါတယ်။ နာရီပိုင်းကနေ ရက်ပိုင်းအထိ ဒီပိုးက ရှိနေနိုင်တယ်လို့ တော်တော် များများကယူဆပြီး ရေးထားတာရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တကယ်တော့ ဆံပင်ကတစ်ဆင့် ကူးစက် နိုင်တာက ဆံပင်ကနေ လက်ကိုကူးမယ်၊ လက်ကနေ တစ်ဆင့် အဓိကကူးနိုင်မယ်။ ဒါနဲ့ပတ်သက်ပြီး လိုက်နာရ မှာက လက်ဆေးတာဟာ အရေးကြီးပါတယ်။ အခုလည်း တော်တော်များများ ဆံပင်ကို ကာကွယ်ထားကြတယ်။ Cap စွပ်ထားကြတယ်။ အစိမ်းတွေ၊ အပြာတွေ ဒီလိုစွပ် ထားရင်လည်းရတယ်။ အချို့လည်း အဝတ်နဲ့ ပေါင်းထား တယ်။ အချို့လည်း ဦးထုပ်ဆောင်းထားတယ်။ အဲဒီလိုမျိုး ကာကွယ်ထားရင်လည်း ရပါတယ်။ နောက် Social Distancing ၆ ပေအကွာမှာနေမယ်ဆိုရင်လည်း ကိုယ့် ဆံပင်မှာ ဘာပိုးမှ အခြားသူဆီက ကပ်စရာအကြောင်း မရှိဘူး။ ဒါ့အပြင် အားလုံးက Mask ကို တပ်မယ်။ အခုလည်း Campaign လုပ်နေတယ်။ ရန်ကုန်မှာ ဆိုရင် နေရာအနှံ့အပြားမှာ ဒါကို Campaign လုပ်တယ်။ ပြည်သူ လူထုကို သိအောင် နှိုးဆော်တာတွေနဲ့ အသိပေးတာတွေ လုပ်တယ်။ Mask ရယ်၊ Face Shield ရယ်။ ကျွန်တော်တို့ မဲပေးတုန်းကလည်း Mask ရော၊ Face Shield ရော တပ်ရပါတယ်။ ဒီလိုသာ လူတိုင်း၊ လူတိုင်း Mask ရော၊ Face Shield ရော တပ်မယ်ဆိုရင် ကျွန်တော်တို့ ဆံပင်မှာ ဒီလိုပိုးတွေ ကပ်ငြိစရာအကြောင်းမရှိဘူး။
ဒါကြောင့် အရေးကြီးတာက ကိုဗစ် - ၁၉ ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ လိုက်နာရမယ့် အချက်တွေ ကိုသာ လိုက်နာမယ်ဆိုရင် ကျွန်တော်တို့ ဆံပင်တွေမှာ ကပ်ငြိမှာမဟုတ်ဘူး။ တကယ်လို့ မတော်တဆများ လူတစ်ယောက်က ကိုယ်နဲ့ကပ်ပြီး ချောင်းဆိုးလိုက်တာ၊ နှာချေလိုက်တာတို့ ဖြစ်သွားရင် ဆံပင်မှာ ကပ်သွားနိုင် သလားဆိုတော့ ကပ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခုနောက်ပိုင်းမှာ ဆံပင်ကို ခဏခဏ သပ်တာ၊ ခဏခဏဖြီးတာ မလုပ်သင့်ဘူး။ အဲဒါတွေဟာ သတိထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စောစောကလို ဖြစ်ပွားခဲ့မယ်ဆိုရင် သန့်ရှင်း ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် စာအုပ်တော်တော်များများ ထဲမှာ ရေးထားတာက တစ်နေ့ကို တစ်ကြိမ် ခေါင်းလျှော် ဖို့ Recommend လုပ်ပါတယ်။ ဒါပေမယ့် တော်တော် ခက်ခဲပါတယ်။ နေ့တိုင်းသာ ခေါင်းလျှော်ရမယ်ဆိုရင် ကျွန်တော့်လိုလူမျိုးအတွက် ပြဿနာမရှိပေမယ့် ဆံပင် ရှည်တဲ့သူတွေအတွက်ဆို နေ့တိုင်းခေါင်းလျှော်ဖို့ အတော် ခက်ပါတယ်။ ဆိုတော့ ဒါဟာမဖြစ်နိုင်ဘူး။ ခဏခဏ ခေါင်းတွေလျှော်နေရင်လည်း ဆံပင်တွေပျက်စီးမှာပါ။
ဒါကြောင့် တကယ်လိုက်နာသင့်တာက ကျွန်တော် တို့အားလုံး အခုသတ်မှတ်ထားတဲ့အတိုင်းပဲ Mask ကို တပ်ပါ။ Face Shield ကို တပ်ပါ။ Protection အနေနဲ့ ဆံပင်ကို၊ ခေါင်းကို Cap စွပ်ပါ။ ဈေးတွေ၊ လူများတဲ့နေရာ တွေ၊ လူစုလူဝေး ဖြစ်တဲ့နေရာတွေကို သွားမယ်ဆိုရင် Cap ကို စွပ်ထားဖို့၊ ဖြစ်နိုင်ရင် တစ်နေ့တစ်ကြိမ် ခေါင်းလျှော်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် တတ်နိုင်သမျှ အလုံအခန်း ကျဉ်းကျဉ်းထဲမှာ လူအများကြီးနေတာဆိုရင် ဆံပင်မှာ ပိုးတွေကပ်ငြိနိုင်ပါတယ်။ ဒါကြောင့် အဲဒီ မေးခွန်းကို ကျွန်တော်အခုလိုပဲ ဖြေကြားပါရစေ။
နောက်မေးခွန်းနံပါတ် ၂ ကတော့ ကျွန်တော်မှတ်မိ ပါတယ်။ ပြီးခဲ့တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍမှာ ပါမောက္ခ ဆရာကြီး ဦးထင်အောင်စော ဖြေကြားပြီးသားပါ။ ခုခံအားကျဆင်းတဲ့သူ ကူးစက်ရင် ပြန်ပျောက်နိုင်ပါ သလား၊ အသက်ဆုံးရှုံးမှုဖြစ်နိုင်ပါသလား ဆိုတာ ဖြစ်ပါ တယ်။
ခုခံအားကျဆင်းတဲ့သူတွေမှာ ခုခံအားကျဆင်းတဲ့ ရောဂါ HIV လိုဟာမျိုးဆိုရင် ဒီဟာကိုသာ ပုံမှန်ဆေးကုသ မှုတွေ ခံယူနေမယ်ဆိုရင်၊ ဆေးပုံမှန်သောက်နေမယ် ဆိုရင် ကျွန်တော်တို့တွေနဲ့ အတူတူပါပဲ။ သာမန်လူတွေနဲ့ အတူတူပါပဲ။ သူ့ရဲ့ပိုးဝင်ရင်ဖြစ်မယ့် ရောဂါလက္ခဏာတွေ၊ ခံစားရမှာတွေ၊ အသက်အန္တရာယ်တွေဟာ အတူတူပါပဲ။ ဘာမှကွဲပြားခြင်း မရှိပါဘူး။ ဒါကြောင့် ခုခံအားကျဆင်း တဲ့သူ၊ ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ခံစားနေရသူနဲ့ မခံစားရတဲ့သူဟာ မကွာပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ Body Resistance သိပ်နည်းနေတဲ့သူတွေဆိုရင်တော့ ကိုယ်ခံအားကောင်း အောင် စားတာ၊ သောက်တာ၊ Vitamin C တွေကို ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ၊ အမေးအဖြေတွေမှာ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထူးအများကြီး မဖြေကြားတော့ ပါဘူး။ တကယ်တော့ HIV ကူးစက်တဲ့သူတွေဟာ ဆေးသာ ပုံမှန်သောက်နေမယ်၊ ပုံမှန်ကုသမှုခံယူနေမယ်ဆိုရင် ကျွန်တော်တို့တစ်တွေနဲ့အတူတူပဲ ဖြစ်ပါတယ်။
နောက်ဆုံးမေးခွန်းက ကိုဗစ် - ၁၉ ရောဂါဖြစ်ပြီး နောက် ထပ်ပြီးကူးစက်နိုင်ပါသလား။ ပျောက်သွားရင် လည်း နောက်ဆက်တွဲဆိုးကျိုး၊ ကောင်းကျိုးတွေ ဘယ်လို ဖြစ်နိုင်ပါသေးလဲ ဖြေပေးစေချင်ပါတယ် ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး နှစ်ပိုင်းဖြစ်ပါတယ်။ ပထမပိုင်းက ကူးစက် နိုင်ပါသလား၊ နောက်တစ်ပိုင်းက ပျောက်သွားရင် နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။ ခုနဆရာကြီး ဦးမြင့် ဟန်လည်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြေကြားသွားပြီး သားဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပထမပိုင်းကို ဖြေရမယ်ဆိုရင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီး နောက်ထပ်ကူးစက်နိုင် ပါသလားဆိုတော့ တစ်ကမ္ဘာလုံးက ဒါနဲ့ပတ်သက်ပြီး လေ့လာချက်တွေနဲ့ Report လုပ်ထားတာကတော့ လေးယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဒီနေ့နံနက်ပဲ အင်တာနက်က ရှာပါတယ်။ ရှာကြည့်တော့ ကမ္ဘာပေါ်မှာ နိုင်ငံအနှံ့က ဒီလူကတော့ အရင်တုန်းက ကိုဗစ်ဖြစ်တယ်။ ဖြစ်ပြီးတော့ ပျောက်သွားတယ်။ Negative ဖြစ်သွားပြီး တော့ နောက်တစ်ခေါက်ပြန်ပြီး ကိုဗစ်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိပြီး တရားဝင် Report လုပ်ထားတာ လေးယောက်ပဲ ရှိပါသေးတယ်။
အခုလိုမျိုး သန်းနဲ့ချီပြီး ဖြစ်နေတဲ့အချိန်မှာ လေးယောက်ပဲ ဖြစ်တယ်ဆိုတော့ ရှားပါတယ်လို့ ပြောရင် လည်း ရပါတယ်။ ဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေး ကို နည်းပါတယ်။ ဒါပေမယ့် ကိုဗစ် - ၁၉ အကြောင်းကို ကျွန်တော်တို့ တိတိကျကျသိတဲ့သူ မရှိသေးဘူး။ ကျွန်တော်တို့အားလုံးဟာ ဒါကို လေ့လာနေကြတုန်း၊ ရှာဖွေနေကြတုန်း ဖြစ်တဲ့အတွက် လောလောဆယ် နိုင်ငံတကာမှာ ဖြစ်တဲ့အနေအထားကို ဖြေကြားခြင်း ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပါမောက္ခဒေါက်တာမြတ်ဝဏ္ဏစိုး ။ ။ ကျေးဇူးတင်ပါ
တယ် ဆရာ။ ဆရာကြီးတို့ဖြေပြီးတဲ့နောက် ကျွန်တော့်အနေနဲ့ Quaran-tine ဆိုင်ရာ မေးခွန်း သုံးခုနဲ့ ပိုးသတ်ဆေးဖျန်းခြင်း ဆိုင်ရာ မေးခွန်း တစ်ခုကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးခွန်းအနေနဲ့ အလုပ်ကိစ္စနဲ့ ရန်ကုန်မှ နေပြည်တော်သို့ လာရောက်ရာတွင် Quarantine ရက် မည်မျှနေထိုင်ရမည်ကို သိရှိလိုပါတယ်။ တရားဝင်အမိန့်စာ ထုတ်ပြန်ထားခြင်း ရှိ / မရှိ သိလိုပါတယ်ဆိုပြီး မေးမြန်း ထားပါတယ်။
ဒီမေးခွန်းက တစ်နိုင်ငံလုံးက ပြည်သူတွေလည်း စိတ်ဝင်စားမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အကျယ်တဝင့် ဖြေကြားသွားဖို့ စီစဉ်ထားပါတယ်။ နေပြည်တော်ကောင်စီအနေနဲ့ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလ ၁ ရက်ကစပြီး အမိန့်အမှတ် ၉၄ / ၂၀၂၀ နဲ့ ၉၅ / ၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအမိန့်တွေ က ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ လာရောက် သူများနဲ့ နေပြည်တော်မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်သူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်ဖြစ်ပါတယ်။
ထို့အတူပဲ အမိန့်အမှတ် ၉၅ / ၂၀၂၀ ကတော့ နေပြည်တော်သို့ လာရောက်မယ့် ဝန်ထမ်းများနဲ့ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်မယ့် ဝန်ထမ်းများ သိရှိလိုက်နာစေရန် ဖြစ်ပါတယ်။ အဲဒီ အမိန့်ကြေညာ စာတွေမှာ ဖော်ပြထားတဲ့ အဓိကအချက်ကတော့ နေပြည်တော်ကို ပြန်လည်ဝင်ရောက်မယ့် မည်သူမဆို Facility Quarantine ကို အတိုင်းအတာ တစ်ခုဝင်ရမယ်။ ပြီးရင် ဆေးစစ်ဆေးမှုခံယူပြီး ရောဂါကင်းရှင်းကြောင်း ရရှိမှသာ နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုထားတာဖြစ်ပါတယ်။
အဲဒီမှာလည်း ကျွန်တော်တို့က ဘယ်လိုစိစစ်ထား သလဲဆိုတော့ လာရောက်တဲ့ဒေသ ဘယ်ဒေသက လာသလဲ။ ရောဂါဖြစ်ပွားခြင်းမရှိတဲ့ မြို့နယ်တွေက လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ Facility Quarantine ဝင်တယ်။ တစ်ရက်အကြာမှာ Swab ယူပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး သုံးရက်အကြာမှာ ရောဂါပိုးမရှိဘူးဆိုရင် နေပြည်တော်ထဲကို ဝင်ရောက်ခွင့်ပြုပါတယ်။
Stay at Home လို့ခေါ်တဲ့ ရောဂါဖြစ်ပွားမှုရှိတဲ့ မြို့နယ်တွေက လာမယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ Facility Quarantine ကို ၁၄ ရက်ထားပြီး Swab နှစ်ကြိမ် စစ်ရပါမယ်။ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နေပြည်တော် မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုပ်ငန်းဆောင်ရွက်ဖို့ ခေါ်ယူ ခြင်းခံရတဲ့ ဝန်ထမ်း တွေဆိုရင် ခုနစ်ရက်နဲ့ Swab နှစ်ကြိမ် စစ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့် အနေနဲ့ပြောကြားလိုတာက အခု တည်ဆဲအမိန့်တွေအရ နေပြည်တော်ကို ဝင်ရောက်မယ်ဆိုရင် Facility Quarantine မဖြစ်မနေ ဆောင်ရွက်ပြီး Swab စစ်ခံရမှာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။
အဲဒီမှာ ဒုတိယအချက်အနေနဲ့ Hotel Quarantine ဝင်ရောက်ဖို့ကိစ္စ ဖြစ်ပါတယ်။ နေပြည်တော်မှာ Quarantine ဝင်ရောက်ဖို့အတွက် Facility Based Quarantine အနေနဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ နဲ့ ရွာတော်စစ်ကြောရေးနဲ့တည်းခိုရေးစခန်းတွေကို ထားရှိ လေ့ရှိပါတယ်။
ထို့အတူ ဟိုတယ်တွေကိုလည်း ချိတ်ဆက်ထားပြီး ဟိုတယ်မှာ နေရာရှိရင် Hotel Quarantine ပေးဝင်လေ့ ရှိပါတယ်။ Hotel Quarantine ဝင်ဖို့အတွက်ကို နေပြည်တော်ကောင်စီကို တင်ပြပြီး နေပြည်တော် ကောင်စီရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရတာဖြစ်ပါ ကြောင်း ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။
ဒုတိယအချက်အနေနဲ့ ခရီးသွားလာတာနဲ့ဆက်စပ်ပြီး အခု ကျွန်တော့်အမျိုးသမီး မီးဖွားတာနဲ့ ဆက်စပ်လို့ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်ကနေ ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကိုသွားရင် Q ဝင်ရမှာလား။ ဆေးစစ်ချက်မယူထားရင် လမ်းမှာ တားထားတာခံရမှာ လားဆိုပြီး မေးထားတာရှိပါတယ်။
အဲဒီအတွက်တော့ နွားထိုးကြီးမြို့နယ်က Stay at Home မြို့နယ် မဟုတ်တဲ့အတွက် ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ပုသိမ်မြို့ကို တိုက်ရိုက်သွားရင် Quarantine ဝင်စရာမလိုပါဘူး။ တကယ်လို့ Stay at Home မြို့နယ်ကတစ်ဆင့် လာမယ် ဆိုရင်တော့ Quarantine ဝင်ရမှာဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ဖြေကြားလိုပါတယ်။
နောက်ပြီး တတိယအချက်အနေနဲ့ ဆေးစစ်ပြီး ရောဂါပိုးမတွေ့ရှိသူကို ရပ်ကျေးမှာ Quarantine ဝင်ခိုင်းတာ ဘာကြောင့်လဲ။ ကျန်းမာရေးဌာနက ထုတ်ပြန် ထားတာ ရှိပါသလား။ သိရှိနိုင်ရန် မေးမြန်းအပ်ပါသည် ဆိုပြီး မေးထားပါတယ်။ ခုန ဆရာကြီးပါမောက္ခ ဒေါက်တာမြင့်ဟန် ဖြေကြားတဲ့အထဲမှာလည်း ပါပါ တယ်။ ကျွန်တော်တို့သည် Facility Quarantine ပြီးရင် Home Quarantine တစ်ပတ် ဆောင်ရွက်ရပါတယ်။ ဒါသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ Guideline ဖြစ်ပါတယ်။ ဒါကြောင့် ဆေးစစ်ပြီး ပိုးမတွေ့ရှိတဲ့သူတွေလည်း လွတ်လွတ် လပ်လပ်မသွားရသေးဘဲ တစ်ပတ်ခန့် အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း Quarantine ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားလိုပါတယ်။
နောက်ဆုံးမေးခွန်းက ကြေးချွတ်ဆေးကို ရေနဲ့ ရောပြီး ပိုးသတ်ဆေးအဖြစ် အသုံးပြုနေတာ တွေ့လို့ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေတွေမှာ သုံးသင့် / မသုံးသင့် သိချင်ပါတယ်။ အန္တရာယ်မရှိအောင် ဘယ်လို လုပ်ဆောင်ရလဲဆိုပြီး မေးထားပါတယ်။
အဲဒီတော့ ကျွန်တော့်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အများ ပြည်သူနဲ့ သက်ဆိုင်သောနေရာများတွင် ပိုးသတ်ဆေး ဆိုင်ရာ သိကောင်းစရာများဆိုတဲ့ စာစောင်လေးကို ညွှန်းလိုပါတယ်။ အဲဒါသည် MOHS Website ထဲမှာ ကြည့်လို့ရပါတယ်။ အဲဒီမှာ ဖော်ပြထားတာကတော့ အများပြည်သူအသုံးပြုတဲ့နေရာတွေ၊ ရုံးတွေ၊ ကျောင်း တွေ၊ စားသောက်ဆိုင် အဲဒီလိုနေရာမျိုးတွေမှာရှိတဲ့ ဥပမာ- တံခါးလက်ကိုင်၊ အိမ်သာ၊ လှေကားလက်ရန်း၊ ရေပိုက် ခေါင်း၊ အလုပ်စားပွဲ စတဲ့နေရာတွေရဲ့ Hard Surface တွေမှာ ရောဂါပိုးက ၄/ ၅ ရက်ခန့်နေနိုင်လို့ အဲဒီဟာ တွေကို ပိုးသတ်ဆေးဖျန်းသင့်ပါတယ်လို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။
ဘယ်လိုနေရာမျိုးတွေ မဖျန်းသင့်ဘူးလဲဆိုတော့ ဈေးတွေ၊ လမ်းမကြီးပေါ်တွေ၊ Open Space တွေမှာ မဖျန်းရပါဘူး။ လူသွားလျှောက်လမ်းတွေမှာ မဖျန်းရ ပါဘူး။ နောက်ပြီး သေတ္တာတွေ၊ အကန့်တွေ၊ အခန်းငယ် အလုံပိတ်တွေထဲမှာလည်း လူခန္ဓာကိုယ်အပေါ်ကို အငွေ့တွေ၊ ဆေးတွေဖျန်းတာ မဆောင်ရွက်ဖို့ ပြောထား ပါတယ်။
အသုံးပြုဖို့ဆေးပစ္စည်းအနေနဲ့ Bleaching Powder နဲ့ ကလိုရင်းကွန်ပေါင်းတွေ၊ ဆိုဒီယမ်ဟိုက်ဒရိုက် ကလိုရိုက်၊ အဝတ်လျှော်ဆေး၊ ကြေးချွတ်ဆေးတွေကို အသုံးပြုနိုင်ကြောင်း ဖြေကြားရင်းနဲ့ ဒီနေ့ ဖြေကြားတဲ့ ကျွန်တော်ရဲ့ ဖြေကြားချက်တွေကို နိဂုံးချုပ်လိုက်ပါတယ်။ မိဘပြည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။ ။
- Log in to post comments