၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအပါအဝင် ကိုးသင်းယှဉ်ပြိုင်မည်

 

ရန်ကုန်  ဇွန်  ၁၀


အာဆီယံဘောလုံးအဖွဲ့ချုပ်က  ကြီးမှူးကျင်းပမည့်  ၂၀၂၂  အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအပါအဝင် စုစုပေါင်း ကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 


ယင်းပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၄ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ပါဝင်နေ သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ မြန်မာ၊ မလေးရှားနှင့်   ဖိလစ်ပိုင်အသင်းတို့   ပါဝင်နေသည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ် လျက်ရှိသည်။

 


အာဆီယံဘောလုံးအဖွဲ့ချုပ်သည်   ယင်းပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအဖြစ် တစ်ကြိမ်သာ ကျင်းပခဲ့ဖူးပြီး ရှစ်နှစ်အကြာတွင် ဒုတိယအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယခု နှစ် ပြန်လည်ကျင်းပမည့် ပြိုင်ပွဲကို အာဆီယံ ယူ-၁၈ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။၂၀၁၄ ခုနှစ်က ပထမအကြိမ်ကျင်းပသည့်ပြိုင်ပွဲတွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး မြန်မာအသင်းက တတိယဆုရရှိခဲ့သည်။


ရဲရင့်လွင်