
ရန်ကုန် ဇွန် ၁၂
၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု(စ) ဒုတိယနေ့ အဖြစ် မြန်မာနှင့် ကာဂျစ္စတန် အသင်းတို့ ဇွန် ၁၁ ရက် မြန်မာ စံတော်ချိန် ည ၉ နာရီခွဲက ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင် ကစားရာ ကာဂျစ္စတန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာနှင့် ကာဂျစ္စတန် အသင်းသည် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း တွေ့ဆုံခဲ့ကာ မြန်မာအသင်းသည် သုံးကြိမ်စလုံး အရေးနိမ့်ခဲ့ပြီး ယခုပွဲတွင် ပေးဂိုးအနည်းဆုံး ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရရှိ အောင် စွမ်းဆောင်နိုင်ခြင်း မရှိ ခဲ့ပေ။ မြန်မာအသင်းသည် ယခုပွဲ တွင် နှစ်ပွဲဆက် အရေးနိမ့်ခဲ့သဖြင့် လက်ကျန်တစ်ပွဲကစားရန် ကျန် သေးသော်လည်း အာရှဖလား ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့သည်။
မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ယခုပွဲတွင် လည်း ခံစစ်အသားပေးပုံစံဖြင့် ပွဲထွက်ခဲ့ပြီး လှိုင်းဘိုဘို၊ သန်းပိုင်၊ ဆွမ်လမန်၊ ရန်နိုင်ဦး၊ လွင်မိုး အောင်၊ ကျော်ဇင်လွင်၊ ဝင်းမိုး ကျော်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ပြည့်ဖြိုးသူ(ဂိုး)တို့ ပါဝင်ကစား ခဲ့သည်။ မြန်မာအသင်းသည် ဂိုးရနိုင်သည့်အခွင့်အရေး သုံးကြိမ် ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ သဖြင့် ချေပဂိုးမရဘဲ အရေးနိမ့်ခဲ့ ခြင်းဖြစ်သည်။ ကာဂျစ္စတန် အသင်းအတွက် အနိုင်ဂိုးများကို မိုင်ယာမီတစ်ဦးတည်းက ၂၅၊ ၄၅ မိနစ်တွင် သွင်းယူခဲ့သည်။
ဇွန် ၁၁ ရက်က ကစားသည့် အခြားအုပ်စုပွဲစဉ်များတွင် ကူဝိတ် က နီပေါကို လေးဂိုး-တစ်ဂိုး၊ ဂျော်ဒန်က အင်ဒိုနီးရှားကို တစ်ဂိုး- ဂိုးမရှိ၊ ဖိလစ်ပိုင်က မွန်ဂိုလီးယား ကို တစ်ဂိုး-ဂိုးမရှိ၊ ပါလက်စတိုင်း က ယီမင်ကို ငါးဂိုးပြတ်၊ ထိုင်းက သီရိလင်္ကာကို နှစ်ဂိုး-ဂိုးမရှိ၊ ဥဇဘက်ကစ္စတန်က မော်လ်ဒိုက် ကို လေးဂိုးပြတ်၊ ဟောင်ကောင်က ကမ္ဘောဒီးယားကို သုံးဂိုးပြတ်၊ အိန္ဒိယက အာဖဂန်နစ္စတန်ကို နှစ်ဂိုး-တစ်ဂိုး၊ တာ့ခ်မင်နစ္စတန်က ဘင်္ဂလားဒေ့ရှ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဘာရိန်းက မလေးရှားကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။ အုပ်စု(စ) အခြားပွဲစဉ်တွင် တာဂျစ် ကစ္စတန်အသင်းက စင်ကာပူ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွန် ၁၁ ရက် ပွဲစဉ် များအပြီးတွင် အုပ်စု(စ)၌ တာဂျစ် ကစ္စတန်နှင့် ကာဂျစ္စတန်အသင်း က နှစ်ပွဲကစား ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အလား အလာကောင်းနေပြီး မြန်မာနှင့် စင်ကာပူအသင်းမှာ နှစ်ပွဲဆက် အရေးနိမ့်ကာ တစ်ပွဲကစားရန် ကျန်သေးသော်လည်း ခြေစစ်ပွဲ အောင်မြင်ခွင့်ဆုံးရှုံးခဲ့သည်။ မြန်မာ အသင်းသည် နောက်ဆုံးပွဲအဖြစ် ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်း နှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF