
မြစ်ကြီးနား ဇွန် ၁၂
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉) နှစ် အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပ ရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား မြို့နယ်အသင်းနှင့် ဆော့လော် မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစား ကြသည်။
ထိုသို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန် ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြည့်ရှု အားပေးခဲ့ကြရာ မြစ်ကြီးနား မြို့နယ်အသင်းက ဆော့လော် မြို့နယ်အသင်းအား ပယ်နယ်တီ အဆုံးအဖြတ် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဗန်းမော်မြို့နယ်အသင်းနှင့် ဆော့လော်မြို့နယ် အသင်းတို့ အတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဇနီးတို့က ပထမဆုရ မြစ်ကြီးနားမြို့နယ် အသင်း အတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးထံ တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ ဘောလုံးအသင်း ၁၂ သင်းတို့က ဇွန် ၃ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်း ဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် ဘောလုံး ပြိုင်ပွဲအတွက် ကချင်ပြည်နယ် လက်ရွေးစင်အသင်းကို လူ ရွေးချယ်ခဲ့ကြောင်းနှင့် အဆိုပါ လက်ရွေးစင်အသင်းအား ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပြည်နယ်ဘောလုံး ဆပ်ကော်မတီတို့မှ စခန်းသွင်း လေ့ကျင့်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)