
နေပြည်တော် နိုဝင်ဘာ ၁၉
Swiss Challenge တင်ဒါကော်မတီသည် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းသစ်၊ ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စား ကြောင်း အဆိုပြုလွှာ (Expression of Interest - EOI) များ ဖိတ်ခေါ်ခဲ့ရာ သတ်မှတ်ရက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်အတွင်း နိုင်ငံပေါင်း ကိုးနိုင်ငံရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က တင်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့အစည်းများအနက် သတ်မှတ်အရည်အချင်း၊ လိုအပ်ချက်များနှင့် ပြည့်စုံသော အဖွဲ့အစည်း ၁၅ ဖွဲ့ကို ရွေးချယ်ပြီး အဆိုပြုဖိတ်ခေါ်လွှာများ (Request for Proposals – RFP) ဝယ်ယူနိုင်ကြောင်း အကြောင်းကြားခဲ့ရာ သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၆ ရက်အတွင်း တရုတ်(တိုင်ပေ) အခြေစိုက် BES Engineering Corporation ၊ ပြင်သစ်နိုင်ငံအခြေစိုက် BYMA Myanmar Limited, a Bouygues Construction Group subsidiary ၊ မြန်မာ နိုင်ငံအခြေစိုက် Dragon Power Company Limited ၊ ပြင်သစ်နိုင်ငံအခြေစိုက် EDF HQ Singapore Pte Ltd ၊ မြန်မာနိုင်ငံအခြေစိုက် Myanmar National Brotherhood Consortium၊ အိန္ဒိယနိုင်ငံအခြေစိုက် NTPC Limited၊
စင်ကာပူနိုင်ငံအခြေစိုက် Nylect Technology (Myanmar) Ltd ၊ မြန်မာနိုင်ငံအခြေစိုက် Southern Metal Industry Co. Ltd ၊ ပြင်သစ်နိုင်ငံအခြေစိုက် SUEZ Group အဖွဲ့ အစည်းကိုးဖွဲ့က ဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းကိုးဖွဲ့အနေဖြင့် လက်ရှိဖွဲ့စည်း ထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည် ဖြစ်သည်။
သိရှိလိုသည့်အချက်များ မေးမြန်းဖြေကြားခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလယ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်