နောက်ထပ်အခွင့်အလမ်းများစွာ

 

၂၀၂၂ ခုနှစ်၊      တက္ကသိုလ်ဝင်စာမေးပွဲ     အောင်စာရင်းများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။    စာမေးပွဲကျင်းပစဉ်က ဝင်ရောက်ဖြေဆိုသူပေါင်း သုံးသိန်းနီးပါးရှိခဲ့ရာ နှစ်စဉ်အောင်ချက် ရာခိုင်နှုန်းများကို ပြန်လည်လေ့လာကြည့်ပါက ဝင်ရောက်‌ဖြေဆို သူများ၏ သုံးပုံတစ်ပုံခန့်သာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ကြ ခြင်းဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံခန့်မှာ ကျရှုံးကြသည့်အတွက် ယခုနှစ် တွင်လည်း စာမေးပွဲအောင်သူထက် ကျသူက များမည်ဟု တွက်ဆနိုင်သည်။ 

 


တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်သည့်အခါတိုင်း အောင်သူပြုံး၍ ရှုံးသူငိုင်ကြသည်မှာ  သဘာဝဖြစ်သော်လည်း အလွန်အကျွံ၊ အစွန်းရောက်ခံစားမှုများကြောင့် မဖြစ်သင့်သည့် ဖြစ်ရပ်များ    ဖြစ်ပွားလေ့ရှိသည်ကို      သတိပြုကြဖို့လိုသည်။ အထူးသဖြင့်  စာမေးပွဲမအောင်သူကို လိုသည်ထက်ပို၍ ပြစ်တင် ဖိနှိပ်ပြောဆိုခြင်း၊ ပတ်ဝန်းကျင်၌ အရှက်ရစေသည့် အပြုအမူမျိုး ပြုလုပ်ခြင်းတို့ကို မိသားစုဝင်တို့အနေဖြင့် ရှောင်ရှားရန်လိုပြီး နောက်တစ်ကြိမ်ထပ်မံကြိုးစားရန်အတွက်သာ အားပေးကြရမည် ဖြစ်သည်။

 


စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာ သင်ယူမှုများ ပြီးဆုံးပြီး အဆင့်မြင့်ပညာများ  ဆက်လက်သင်ယူနိုင် ရန် ဆန်းစစ်ချက်သာဖြစ်ပြီး    ဘဝအတွက်အဆုံးအဖြတ်တစ်ခု အဖြစ်     မမှတ်ယူသင့်သည်ကို    သိထားကြဖို့လိုသည်။  ကြိုးစား အားထုတ်မှုများ မပြည့်စုံသေး၍ဖြစ်စေ၊ အခြားသော  အကြောင်း အရာများကြောင့်ဖြစ်စေ   မိမိကဲ့သို့ပင် ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအရေးနိမ့်သူအရေအတွက်က အောင်မြင်သူ အရေအတွက် ထက်များပြားစွာ ရှိနေသည်ကိုလည်း သတိမူကြရမည်ဖြစ်သည်။ ထို့အပြင်  ဤစာမေးပွဲကို တစ်ကြိမ်၊  နှစ်ကြိမ်မက ဖြေဆိုခဲ့ပြီး မအောင်မြင်နိုင်သူတို့အဖို့လည်း   အသက်မွေးဝမ်းကျောင်းပညာ များနှင့် ပြင်ပလေ့လာဆည်းပူးမှုများမှတစ်ဆင့်  ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကို   အရင်းတည်ကာ   ဘဝတွင်အောင်မြင်မှုများ  ရယူနိုင်ကြ သေးသည်။

 


စာမေးပွဲကျရှုံးမှုကို အကြောင်းပြု၍ ခံစားမှုကို ဦးစားပေးကာ အဆင်အခြင်မဲ့ ထင်ရာစိုင်းခြင်းသည် လုံးဝမပြုလုပ်သင့်သော အပြုအမူများပင် ဖြစ်သည်။ ယခုတစ်ကြိမ် ကျရှုံးမှုမှ မိမိ၏ အားနည်းချက်များကို ဖြည့်ဆည်းကာ နောက်တစ်ကြိမ် အားထုတ် ကြိုးပမ်းခြင်းဖြင့် အောင်ရမည်သာ ဖြစ်သည်။ နောက်ထပ်ဖြေဆို ရန် အခွင့်အလမ်းများ ရှိနေသည်ကို မျက်ကွယ်ပြုလျက် ရေစုန်မျှော လိုက်သွားခြင်းအားဖြင့် ဘဝတွင် နောက်ထပ်အကြိမ်ကြိမ် ရှုံးနိမ့် မှုများနှင့် ကြုံတွေ့နိုင်သည်။ ပြင်းပြသည့် ဆန္ဒ၊ ထက်သန်သည့် စိတ်ဓာတ်၊ မလျှော့စတမ်းသော လုံ့လ၊  ဝီရိယ၊ ပြီးပြည့်စုံသော ဉာဏ်ပညာတို့က  တက္ကသိုလ်ဝင်စာမေးပွဲကိုသာမက  မိမိတို့၏ ဘဝတစ်လျှောက်လုံးတွင် တွေ့ကြုံရမည့် လောက၏ စာမေးပွဲ များစွာတို့ကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ရာ တစ်သက်တာ လုံး ဖြည့်ကျင့်သွားကြရန် တိုက်တွန်းလိုသည်။

 


အောင်ပွဲအတွက်      ပြင်ဆင်ခြင်းသည်     တစ်ပွဲတိုး  အလုပ် မဟုတ်ဘဲ နေ့စဉ်မှန်မှန် ယုံကြည်ချက်၊ ရည်မှန်းချက်ဖြင့် ပြုလုပ် နေရခြင်းမျိုးဖြစ်ရာ     တောင်တက်ခြင်းနှင့်     သဏ္ဌာန်တူသည်။ တောင်ထိပ်သို့ရောက်ရန်အတွက်   ဇွဲ၊  လုံ့လ၊ ဝီရိယ၊ ကြံ့ခိုင်မှု၊ ယုံကြည်မှုတို့ဖြင့် တစ်လှမ်းပြီးတစ်လှမ်း တက်ရောက်ရခြင်းပင် ဖြစ်သည်။   မိမိတို့၏   ဘဝတွင်လည်း   အောင်မြင်မှုများနည်းတူ ရင်ဆိုင်ရဖွယ်ရှိသည့် ရှုံးနိမ့်မှုများကို လောက၏ ဖြစ်မြဲတရားများ အဖြစ်  ရှုမြင်ကာ အောင်စိတ်မွေး၍ အောင်မြင်စွာ ကျော်လွှား နိုင်ကြပါစေကြောင်း။           ။