ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


 

နေပြည်တော် နိုဝင်ဘာ ၁၉


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း၊ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ဦးစီး ကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးကြည်မင်း၊ ဦးသာဦး၊ ဦးခင်မောင်ဝင်းနှင့် ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးထွန်းအုံနှင့် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများအားလုံးက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်း အဝေးကို ဖွင့်လှစ်သည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြား ရာတွင် ကထိန်လျာသင်္ကန်းအလှူသည် ဘုရားရှင်က ဝိနည်းသိက္ခာပုဒ်နှင့် ဆက်စပ်ခွင့်ပြုထားသည့် သံဃိက အလှူဖြစ်သကဲ့သို့ ကထိန်ကာလကို သီတင်းကျွတ်လပြည့် ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခွင့်ပြုထားသည်ကို မှတ်သားသိရှိရပါကြောင်း၊ ထို့ကြောင့် ကထိန်လျာသင်္ကန်းအလှူသည် “တစ်နှစ်မှာတစ်လ၊ တစ်လ မှာ တစ်ရက်၊ တစ်ရက်မှာတစ်ကျောင်း၊ တစ်ကျောင်းမှာ လည်း တစ်ကြိမ်” သာ လှူဒါန်းခွင့်ရသည့်ကာလဒါန အလှူ တော်ဖြစ်သည့်အတွက် မွန်မြတ်သည့်အလှူတော် ဖြစ်ပါ ကြောင်း။
(၉)ကြိမ်မြောက် ကျင်းပ
ယခုလို ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၁၂ ခုနှစ်က အစပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ကြီးမှူး၍ ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၉)ကြိမ် မြောက် ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် နှစ်စဉ်ကျင်းပနေကျဖြစ်သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့် အတွက် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါကပ်ရောဂါကို စနစ်တကျ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်ကာလလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာ များ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီးကိစ္စတစ်ရပ် အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အခမ်းအနားကျင်းပမည့်နေရာများတွင် ကြိုတင် ပိုးသတ်ဆေးဖျန်းထားရန်၊ အဆိုပါနေရာများတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ထိတွေ့နိုင်မှုများရှိပါက ကျန်းမာရေးဆေးစစ်မှုများ ကြိုတင်ဆောင်ရွက်ထားရန်၊ အခမ်းအနားသို့ တက်ရောက်လာသူများအတွက် နှာခေါင်း စည်း(Mask)များ၊ မျက်နှာအကာ (Face Shield) များနှင့် လက်အိတ်(Glove)များ ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက် ထားရန်၊ အခမ်းအနားပြုလုပ်မည့်နေရာသို့ မဝင်ရောက်မီ လက်ဆေးကြောသန့်စင်နိုင်ရေးအတွက် လက်သန့်စင် ဆေးရည် (Hand Sanitizer/Gel)များ ထားရှိနိုင်ရေးတို့ကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှလည်း ကထိန် လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ ရာတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန် ချက် (၂၁)ချက်ကို ရေးဆွဲပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန် ရှိသူများအနေဖြင့် အဆိုပါ စံလုပ်ငန်းလမ်းညွှန်ချက် (၂၁)ချက်ကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်(၁)ပါး၊ အကျိုးတော်ဆောင်ဆရာတော်(၁)ပါး၊ ဥပ္ပါတသန္တိ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်(၉)ပါး၊ ကထိန်အလှူခံကျောင်းတိုက်မှ သံဃာတော် (၇) ပါး၊ စုစု ပေါင်း (၁၈) ပါးတို့ကို ပင့်ဆောင်ပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများကို ပင့်ဆောင်ရာတွင် လည်း အသွား/အပြန် အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ကာ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါ ကြောင်း။
ကြိုတင်စီစဉ်ဆောင်ရွက်
ဆရာတော်ကြီးများ နေပြည်တော်သို့ရောက်ရှိပါက သီတင်းသုံးမည့် ဥပ္ပါတသန္တိစေတီတော် သံဃာရာမ ကျောင်းဆောင်တွင်လည်း စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံး နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် တင့်တယ်စေရေး ဆောင်ရွက်ထားရှိရန်နှင့် ဝေယျာဝစ္စ ဆောင်ရွက်မည့် ကပ္ပိယကာရကများကိုလည်း ကျန်းမာရေး ဆေးစစ်မှုများ ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း။
အခမ်းအနားကျင်းပမည့် နေ့ရက်မတိုင်မီနှင့် အခမ်းအနားကျင်းပမည့်နေ့ရက်တို့တွင် ဆရာတော်ကြီးများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်မည့် ဆွမ်းဟင်းများ ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာ ရေးနှင့်ညီညွတ်အောင် စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးဆပ်ကော်မတီအနေနှင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အားလျော်စွာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ် လျှင် လိုအပ်သလို ချက်ချင်းဆောင်ရွက်နိုင်ရန် ဆေးခန်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရန်၊ Medical Checkup ပြုလုပ်နိုင်ရေးပြင်ဆင်ထားရန်နှင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် လိုအပ်သည့်ဆေးနှင့် အကာအကွယ်ပစ္စည်းများ ထားရှိဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။
အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန် တော်ကြီးအတွင်း နေရာချထားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် အကွာ အဝေး Social Distancing နှင့်အညီ သတ်မှတ်ဆောင်ရွက် သွားရန်၊ ဘုရားခန်းနှင့် သံဃာစင်မြင့်ကို ကြည်ညိုဖွယ် ဖြစ်အောင် ပြင်ဆင်ထားရန်နှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ပဒေသာပင်များကိုလည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ သာသနာ့မဟာဗိမာန်တော်ကြီးရှိ သတ်မှတ်နေရာသို့ ပဒေသာပင်များ အချိန်မီရောက်ရှိစေ ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အခမ်းအနားပြီး၍ ပဒေသာပင်များကို သက်ဆိုင်ရာကျောင်းတိုက်များသို့ ပို့ဆောင်ရာတွင်လည်း COVID-19 ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပို့ဆောင်နိုင်ရေးစီမံဆောင်ရွက်သွားရန် ပြောကြားလိုပါ ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၀ ပြည့်နှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ ယခုနှစ်တွင် ကျန်းမာရေး ရှုထောင့်ကိုပါ အလေးထား ထည့်သွင်းစဉ်းစားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက် သည့်အခါမှာ လစ်ဟာမှုမရှိစေရေး အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သလို ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများလည်း ပြုလုပ်သွားရန် ပြောကြားလိုပါ ကြောင်း။
အထူးပြောကြားလိုသည်မှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာရမည့် စံလုပ်ငန်း လမ်းညွှန်ချက် (၂၁)ချက်တို့ကို တိကျစွာလိုက်နာဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည့်အတွက် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားကြရန် အလေး အနက် ပြောကြားလိုပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး တွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အခမ်းအနားသို့ ကြွရောက်မည့် ဆရာတော်ကြီးများအား ပင့်ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ အခမ်းအနားကျင်းပမည့် အစီအစဉ်နှင့် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားမည့်အခြေအနေ၊ ဆပ်ကော်မတီ များ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုပြုလုပ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြ
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းပြင်ဆင်ရေးနှင့် ဆက်ကပ် ရေးဆပ်ကော်မတီများနှင့်စပ်လျဉ်း၍ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာတော်ကြီး များ သီတင်းသုံးနေထိုင်ရန် ကြိုဆိုနေရာချထားမည့် အခြေ အနေ၊ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ အခမ်းအနားသို့ တက်ရောက်မည့်သူများအား ဖိတ်ကြားထားရှိမှုအခြေအနေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးဇာနည်ဝင်းက ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီနှင့် သံဃာတော်များပင့်ဆောင် ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီများနှင့် စပ်လျဉ်း၍ အခမ်းအနားကျင်းပမည့်နေ့တွင် ဆွမ်းဆက်ကပ် နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာတော်ကြီးများအား ကြိုဆိုပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင် ထွန်းက ပဒေသာပင်များစီစဉ်ရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများအလိုက် ပဒေသာပင်များ အချိန်မီရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အခမ်းအနားပြီးပါက ပဒေသာပင်များကို သက်ဆိုင်ရာ ကထိန်ခံကျောင်းတိုက်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင် ဝင်းမောင်က ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီနှင့် စပ်လျဉ်း ၍ လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက သတင်းမှတ်တမ်းထုတ်ပြန်ရေး ဆပ်ကော်မတီ နှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာဆပ်ကော်မတီ များအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေ၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် လိုအပ်သည့်ဆေးနှင့် အကာအကွယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ဆရာတော်ကြီးများအတွက် ဆွမ်း ဟင်းများ ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ် ပြီး ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် စစ်ဆေး ဆောင်ရွက်သွားမည့်အခြေအနေ၊ အခမ်းအနားကျင်းပ မည့်နေရာများနှင့် ဆရာတော်ကြီးများ သီတင်းသုံးမည့် ကျောင်းဆောင်များတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွား မှုမရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ အခမ်းအနားသို့ ကြွရောက်မည့် ဆရာတော်ကြီးများ၊ အခမ်းအနားတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ဆရာတော်ကြီးများ၏ ဝေယျာဝစ္စဆောင်ရွက်မည့် ကပ္ပိယ ကာရကများကို ကျန်းမာရေးဆေးစစ်မှု ကြိုတင်ဆောင်ရွက် မည့်အခြေအနေများနှင့် အခမ်းအနားကျင်းပရာတွင် လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် (၂၁)ချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီစစ်ဆေး ဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ အလှည့်ကျသဘာပတိ ဦးထွန်းကြည်က ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေး ဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်မည့် လုံခြုံရေး အစီအမံများကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အခမ်းအနားကျင်းပရာတွင် အသုံးပြုမည့် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက အခမ်းအနားမကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေ ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေကို လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦးက လုံခြုံရေးဆပ်ကော်မတီ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက် လာကြသူများအားလုံးက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်