
နေပြည်တော် နိုဝင်ဘာ ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော (၃၈) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) သို့ ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပါဝင်တက်ရောက် သည်။
ယနေ့တွင် (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ၊ ၂၀၂၀ ပြည့်နှစ် ASEAN Energy Business Forum တို့၏ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး အာဆီယံစွမ်းအင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်နိုင်ငံ Ministry of Industry & Trade, Vice Minister Mr. Dang Hoang An က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး (38th AMEM)၊ (၆) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီအစည်းအဝေး (6th AMEM-IEA)၊ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ် များ ချီးမြှင့်ခြင်းအစီအစဉ်တို့ကို ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးများ တက်ရောက်ရာတွင် အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ASEAN Plan of Action for Energy Cooperation - APAEC) တွင် ပါဝင်သည့်ကဏ္ဍခွဲ ခုနစ်ခု ဖြစ်သည့် အာဆီယံ လျှပ်စစ်ဓာတ်အားကွန်ရက်၊ အာဆီယံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်၊ အာဆီယံ ကျောက်မီးသွေးစွမ်းအင်ကဏ္ဍ၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်၊ ဒေသတွင်းစွမ်းအင် မူဝါဒနှင့်စီမံရေး၊ ပြန်ပြည့်မြဲစွမ်းအင်၊ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် ထိရောက်စွာသုံးစွဲရေးတို့၏ Phase I (2016-2020) ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် Phase II (2021-2025) ပါ အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး နှင့် သန့်ရှင်းသောစွမ်းအင် ပြောင်းလဲသုံးစွဲမှုမြှင့်တင်ရေးတို့အတွက် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများဖြင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှု များကို စွမ်းအင်ကဏ္ဍလုပ်ငန်းများ ကြံ့ကြံ့ခံကာ တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ် များကို လည်းကောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ Energy Security နှင့် Electricity Security ကိစ္စရပ်များအားလည်းကောင်း၊ စွမ်းအင်မူဝါဒအသစ်များ ပြောင်းလဲချမှတ် ကျင့်သုံးရေးကိစ္စရပ်များကို လည်း ကောင်း သုံးသပ်ဆွေးနွေး အတည်ပြုခဲ့သည်။
အစည်းအဝေးအစီအစဉ်များအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်း နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Mr. Supattanapong Punmeechaow နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို သီးခြားဆွေးနွေးသည်။
အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီး ဌာနများ၏ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ ဖြစ်သည့် International Energy Agency (IEA)၊ International Renewable Energy Agency (IRENA)၊ ASEAN+3 နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန် စသည့်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် (၁၇)ကြိမ် မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် ASEAN+3 နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားအစည်းအဝေး (17th AMEM+3)၊ (၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင် အေဂျင်စီအစည်းအဝေး (4th AMEM-IRENA)၊ (၁၄)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး (14th EAS-EMM) တို့သို့ Online မှတစ်ဆင့် ဆက်လက် တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်