
နေပြည်တော် နိုဝင်ဘာ ၂၀
(၃၁)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ ကလေးများနေ့) အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ Unicef မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဝင်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒ ရေးဆွဲရေးနည်းပညာဆိုင်ရာလုပ်ငန်း ကော်မတီဝင်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များ၊ ဆယ်ကျော် သက်ကလေးသူငယ် ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးသူငယ် များ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ မြှင့်တင်ဆောင်ရွက် ရန်အတွက် ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ စာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ထိုရက်ကို ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ် နိုဝင်ဘာ ၂၀ ရက် ကို World Children’s Day (ကမ္ဘာ့ ကလေးများနေ့)အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိကြရာ ယခုနှစ်သည် (၃၁)ကြိမ်မြောက် ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ စာချုပ်ကို ၁၉၉၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကလေးသူငယ်များနှင့် ပတ်သက်၍ အခြားနိုင်ငံများနည်းတူ “ကမ္ဘာ့ ကလေးများနေ့” အခမ်းအနားများကို ကျင်းပလျက်ရှိသည့်အပြင် ဖေဖော် ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို “မြန်မာ့ကလေးများနေ့” ဟု သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကလေးသူငယ်များအတွက် နိုင်ငံ တစ်ဝန်းမှာ အထိမ်းအမှတ်အခမ်း အနားများ ဆောင်ရွက်ပေးလျက် ရှိကြောင်း။
မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာ ဗျူဟာများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မွေးစမှ(၈)နှစ်အရွယ်အထိ ကလေး သူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် မှုအတွက် လုပ်ငန်းအစီအစဉ်များ၊ တိုင်းတာစစ်ဆေးမှုများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် တွင် ကလေးသူငယ်အား ရောင်းချ ခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ စာချုပ်တစ်ခုဖြစ် သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု ဆိုင်ရာ နောက်ဆက်တွဲအခြေပြစာ ချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း။
ထို့အပြင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေ များကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြောင်းလဲ လာသောခေတ်စနစ်နှင့်အညီ ဥပဒေ များကို လိုအပ်သလို ပြန်လည်ပြင်ဆင် မှုများ ဆောင်ရွက်လျက်ရှိပြီး ကလေး သူငယ်များကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံမှ ပိုမိုကာကွယ် စောင့်ရှောက်နိုင်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ၂၀၁၉ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအသစ် အဖြစ် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ ပါကြောင်း။
ထိုကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအသစ်တွင် ပိုမို ထိရောက်စွာ ကာကွယ်စောင့်ရှောက် နိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများကို ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူ ညီမျှစွာ လက်လှမ်းမီ ခံစားရရှိရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ထားရှိပါကြောင်း၊ ထို့အပြင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အရ တိကျသော နည်းဥပဒေပြဋ္ဌာန်း ချက်များ ပေါ်ပေါက်လာစေရန် ဆက် လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကလေးသူငယ် တစ်ဦးချင်းစီ အတွက် ကလေးသူငယ်အခွင့်အရေး များနှင့်အညီ နည်းလမ်းမှန်များဖြင့် ပြုစုကာကွယ်စောင့်ရှောက်နိုင်ရန် စနစ်ကျသော မူဝါဒတစ်ရပ်လည်း လိုအပ်လျက်ရှိရာ နိုင်ငံတကာစံနှုန်း များနှင့်အညီ လက်တွေ့ကျ၍ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ဖြစ်ပေါ်စေရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့က အရပ်ဘက်အဖွဲ့ အစည်းများ၏ အကြံပြုချက်များကို ရယူရေးဆွဲ လျက်ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ် သည့်အတွက် ကော်မတီသို့ (၅)နှစ် တစ်ကြိမ် အစီရင်ခံစာ တင်သွင်းရန် တာဝန်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လကုန်တွင် တင်သွင်းနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် ကလေးသူငယ်များအတွက် အခွင့် အရေးများကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီ စံနှုန်းများကို မြှင့်တင် နိုင်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ပြီး အခြေခံအုတ်မြစ် ကောင်းများကို ချမှတ်နိုင်သော နှစ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေး များနေ့ အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “A Day to reimagine a better future for every child” “ကလေးအားလုံးရဲ့ အနာဂတ်လှပ ဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ယခုအချိန်ခါသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ဆဲ ကာလဖြစ်သည့်အတွက် ကလေး သူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးရာမှာ အခက်အခဲ များ ကြုံတွေ့နေရသော်လည်း လတ်တလော ဖြေရှင်းဆောင်ရွက် ပေးခြင်းမပြုပါက ကလေးငယ်များ ၏ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထား ခြင်း ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်း ကလေးသူငယ်များ၊ အလုပ်လုပ်နေရ သော ကလေးများ၊ ရွှေ့ပြောင်း ကလေးများ၊ တိုက်ပွဲရှောင်ကလေး များ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ ကလေးများ၊ လမ်းပေါ်နေ ကလေးများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေး များအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုအသိုင်းအဝန်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး ဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ယူနီ ဆက်(မြန်မာ) အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များ ဖော်ထုတ်ကာ အစီ အမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး ဦးတည်ကြိုးပမ်းလျက်ရှိရာမှာ တိုင်းရင်းသားဒေသရှိ ကလေးသူငယ် များအပါအ၀င် ပြည်သူများ တစ်ဦး ချင်းစီအား လူမျိုးဘာသာ မခွဲခြားဘဲ၊ တစ်ဦးတစ်ယောက်မျှ မချန်လှပ်ဘဲ သာတူညီမျှခံစားရရှိရေး၊ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့် ကလေးသူငယ် များနှင့် ပတ်သက်၍ ကလေးသူငယ် များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံး စေရန်၊ ကလေးသူငယ်များ၏ အခွင့် အရေးများကို ကလေးများအားလုံး သိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် ကလေး သူငယ်များ၏ အသံများကိုပါ နားထောင်ပြီး ကလေးသူငယ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများ က အစွမ်းကုန် ဆောင်ရွက်ပေးကြ ပါရန်နှင့် လိုအပ်သော ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာ သော သဝဏ်လွှာအား UNICEF Myanmar မှ ဌာနေ ကိုယ်စားလှယ် Ms. June Kunugi က ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အတွက် ကလေး သူငယ်များ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသော ဆောင်ရွက်ချက် ဗီဒီယို မှတ်တမ်းပြသခဲ့ပြီး ကလေးကိုယ်စား လှယ်တစ်ဦးက ကလေးသူငယ်အခွင့် အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိ သူများထံ တင်ပြတောင်းဆိုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ သတင်းစဉ်