ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ဆွေးနွေး


 

နေပြည်တော် နိုဝင်ဘာ ၂၀


(၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (11th ASEAN Education Ministers Meeting) ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူ၍ အွန်လိုင်းဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ပညာရေး ဝန်ကြီးများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တို့ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးများက အလှည့်ကျ မိန့်ခွန်းပြောကြားကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များ ပြောင်းလဲ ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘေးကင်း လုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ သင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် အနာဂတ်၌ ထပ်မံ ကြုံတွေ့လာနိုင်သည့် ကိစ္စရပ်များကို အကောင်းဆုံးရင်ဆိုင် နိုင်ရန်အတွက် လက်ရှိ ပညာရေးစနစ်ကို ပြန်လည်ပုံဖော် ရာတွင် အစိုးရများနှင့် ပညာရေးဌာနများအနေဖြင့် စိန်ခေါ် မှုများ ရင်ဆိုင်နေရပါကြောင်း။
ပညာရေးဝန်ကြီးဌာန၏ Education Channel မှတစ်ဆင့် ဗီဒီယိုသင်ခန်းစာများကို ထုတ်လွှင့်ပေးနေ သကဲ့သို့ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်မာဒစ်ဂျစ်တယ် ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှတစ်ဆင့် အွန်လိုင်း သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းရှိ ကျောင်းသားများ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံး စေရေးဟူသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒအပေါ် အခြေခံလျက် အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်း များနှင့် FM ရေဒီယိုတို့နှင့် ပူးပေါင်းကာ လေ့လာသင်ယူမှု အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိ ပါကြောင်း၊ DBE Boxes များနှင့် ဒစ်ဂျစ်တယ် သင်ကြား-သင်ယူမှုဆိုင်ရာ Toolkits များကို အင်တာနက်လိုင်းများမရရှိနိုင်သည့် ဝေးလံခေါင်ဖျားဒေသများတွင် အသုံးပြုနိုင် ပါကြောင်း၊ DBE Boxes များနှင့် ဒစ်ဂျစ်တယ်သင်ခန်းစာ များကို ပြုစုလျက်ရှိသကဲ့သို့ Myanmar National Open University ဖော်ဆောင်နိုင်ရေးအတွက်လည်း လေ့လာ ဆွေးနွေးလျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူများ လူသားကောင်း စိတ်ဓာတ်ရှိမှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ် တီထွင်မှုကို ဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု(IQ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါး သူကို စာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစု အရည်အသွေးများ ပြည့်ဝစေရေးအတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊ မဟာ ဗျူဟာများ၊ မူဝါဒများနှင့်အတူ အာဆီယံ ပညာရေးစီမံ ချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) ၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် လာမည့် ၁၀ နှစ်အတွင်း အကောင် အထည်ဖော်မည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်းပုံဖော်သွားမည် ဖြစ်ပါကြောင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀ ခုနှစ်)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) (၂၀၃၀) ၏ ရည်မှန်းချက်များ၊ အမျိုးသားပညာရေးဥပဒေ (၂၀၁၄)၊ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဥပဒေ (၂၀၁၈)၊ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်မှု(CESR) (၂၀၁၆)၊ အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း နှစ်လယ်သုံးသပ်ချက် အစီရင်ခံစာ(၂၀၁၉)မှ ထောက်ခံအကြံပြုချက်များအပါအဝင် အစီရင်ခံစာများ၊ တင်ပြချက်များကို ကျယ်ကျယ် ပြန့်ပြန့်လေ့လာသုံးသပ်၍ Stakeholders များ၏ သဘောထားမှတ်ချက်နှင့် အကြံပြု ချက်များကို ပေါင်းစပ်ကာ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်းကို ရေးဆွဲပြုစုသွားမည် ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကျင်းပခဲ့သော ဆီမီယို အစည်းအဝေးရလဒ်များနှင့် ဦးစားပေး (၇) ရပ်တို့ကို မိမိတို့ အနီးကပ် ပူးပေါင်းအကောင်အထည်ဖော်သွားကြမည် ဖြစ်ပါကြောင်း၊ သဘာဝအရင်းအမြစ်များမှာ အကန့် အသတ်ရှိပြီး လူသားအရင်းအမြစ်များမှာ ပိုမိုတန်ဖိုးရှိပါ ကြောင်း၊ သင်ယူလေ့လာမှုမှာမူ အနန္တအရင်းအမြစ်များ ဖြစ်ပြီး အနန္တရတနာသိုက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံဒေသတွင် တစ်သက်တာ ဒစ်ဂျစ်တယ် ပညာရေး အခွင့်အလမ်းမြှင့်တင်ခြင်းဖြင့် ၂၁ ရာစု အရည်အသွေး များ ပိုင်ဆိုင်ရန် တစ်သက်တာသင်ယူမှုများကို လေ့ကျင့် ပျိုးထောင်သွားကြမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး ကျန်းမာပျော်ရွှင်စေ ရန်နှင့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အောင်မြင်စွာ ကြေညာနိုင်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၁၁)ကြိမ်မြောက် အာဆီယံပညာရေး ဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်