နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်းနှင့် တည်ငြိမ်အေးချမ်းမှု

 

ပြီးခဲ့သည့်  မေလမှစတင်၍  မြန်မာနိုင်ငံသို့  ခရီးသွားဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည်များ    အရေအတွက်    ဆယ်ဂဏန်း အနည်းငယ်မျှ ဝင်ရောက်လာခဲ့ရာ ယခုဇွန်လ တတိယပတ်အတွင်း ထိ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာတွင် ကိုဗစ်-၁၉   ကူးစက်ပျံ့နှံ့မှု စတင်ချိန်တွင် ဦးစွာထိခိုက်ဆုံးရှုံးရသည့် စီးပွားရေး လုပ်ငန်းများထဲတွင်  ခရီးသွားလုပ်ငန်းများကလည်း  ထိပ်ဆုံး၌ ပါဝင်သည်။

 


ပုံမှန်အားဖြင့်ဆိုလျှင်    ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ပြည်ပဝင်ငွေ အမြောက်အမြား  ရှာဖွေပေးနိုင်သည့်  လုပ်ငန်းဖြစ်သည်။ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးကို အဓိကထားနေ ရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်‌သော်လည်း ဝန်ဆောင်မှု စီးပွားရေးကဏ္ဍ တွင် အပါအဝင်ဖြစ်သည့် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် အရင်းအမြစ်များစွာ   ပိုင်ဆိုင်ထားသော    နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း စသည်ဖြင့် ကွဲပြား ခြားနားသော သဘာဝရှုခင်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ၊  အရောင်အသွေးစုံလင်သည့်  တိုင်းရင်းသားလူမျိုးများ ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများ စသည်တို့မှာ ကမ္ဘာ လှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရာများ ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း အောင်မြင်နိုင်ရန်အတွက် ဟိုတယ်နှင့် တည်းခိုရန်နေရာများ၊ ပြည်တွင်းလမ်းပန်းဆက်သွယ် ရေးများ၊ နိုင်ငံတကာလေဆိပ်များကို အဆင့်မြှင့်တင်ရန်၊ ခရီးသွား များအတွက်           လိုအပ်သည့်    သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူ လျင်မြန်စွာ ရရှိနိုင်အောင် ဖန်တီးပေးထားရန်၊ ခရီးသွားဝန်ဆောင် မှုလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့်  လွယ်ကူစွာ  ဆောင်ရွက် နိုင်ရန် အင်တာနက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများကို  အဆင့် မြှင့်တင်ရန်၊  ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့်  ငွေကြေးသုံးစွဲမှုများ အတွက် ဘဏ်လုပ်ငန်းစနစ်များ အဆင့်မြင့်ရန်၊ ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး မိမိတို့နိုင်ငံနှင့်လည်း ကိုက်ညီနိုင်သည့် ခရီးသွား အစီအစဉ်အသစ်များ   ဖန်တီးပေးရန်၊    နိုင်ငံ၏ယဉ်ကျေးမှုနှင့် ပြည်သူများ၏ အကျင့်စာရိတ္တတို့ကို မထိခိုက်စေသော ပုံစံများဖြင့် ကမ္ဘာလှည့်ခရီးသည်များ   ညဘက်အပန်းဖြေစရာ၊    သွားလာ စားသောက်စရာနေရာများ ဖန်တီးပေးရန် စသည်တို့ကို ခရီးသွား လုပ်ငန်းကျွမ်းကျင်သူတို့က   အကြံပြုထားကြသည်ကို    တွေ့ရ သည်။

 


မိမိတို့နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်မှ ရုန်းထွက် နိုင်ရေး၊ နိုင်ငံ့စီးပွားတိုးတက်လာရေးတို့အတွက် ပထမစီးပွားရေး ဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍမှ စိုက်ပျိုး‌ရေးပြီးလျှင် ဝန်ဆောင် မှုကဏ္ဍမှ ခရီးသွားလုပ်ငန်းမှာ ပြည်ပဝင်ငွေ အမြောက်အမြား ရရှိနိုင်ရန်  အခွင့်အလမ်းရှာဖွေကြရမည်ဖြစ်သည်။  ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အောင်မြင်မှုရရှိပါက ပြည်တွင်းမှ လုပ်ငန်းရှင် များ၊ စားသောက်ဆိုင်၊ ရိုးရာလက်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ  စသည့်ဆက်စပ်နေသည့် လုပ်ငန်းများတွင်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာ မည်ဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အရေးအကြီးဆုံး ဖြစ်သည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ကို   တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတို့တွင်  ပြည်သူ လူထု၏        တက်ကြွစွာပါဝင်မှုဖြင့်    တည်ဆောက်နိုင်ပါစေကြောင်း။    ။