အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်နိုင်မှုနှင့်သတ်မှတ် လုပ်ထုံးလုပ်နည်းလိုက်နာမှုအခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၀


အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက် ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်း လိုက်နာမှု အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန်ချက်အရ အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် ယမကာများကို ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ရောင်းချမှုများနှင့် ပတ်သက်၍ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း။
ကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးများကို လည်း ပုံမှန်ကျင်းပပြီး ယမကာများ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု၊ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များ လျှောက်ထား မှု ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက် များကိုချမှတ်ခြင်း၊ လိုအပ်ပါက အထက်အဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ အချို့ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အသင်း အဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သဘောထား၊ အကြံ ပြုချက်များကို ရယူဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အရက်ချက် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများရှိ အသေးစားနှင့် အလတ်စား အရက်ချက်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု၊ စက်ရုံလည်ပတ် ဆောင်ရွက်နိုင်မှု အခြေအနေ၊ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့် လိုင်စင်များ ရယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာဆက်စပ် ဌာနများ၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မှု အခြေအနေများ၊ အထူးသဖြင့် လုပ်ငန်းရှင်များ၏ ရေဆိုး သန့်စင်စွန့်ပစ်စနစ် တပ်ဆင်နိုင်မှုအခြေအနေများကို သိရှိ နိုင်ရေးအတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ ဆောင်ရွက်မှုအခြေအနေများကို ရယူ စုစည်းသွားပြီး နောက်တစ်ကြိမ်ကျင်းပမည့် အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အရက်ချက်စက်ရုံလုပ်ငန်းရှင်များက ၎င်းတို့၏ စက်ရုံ လည်ပတ်နိုင်မှုအခြေအနေ၊ ရေဆိုးသန့်စင်စွန့်ပစ်စနစ် တပ်ဆင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ D-1၊ D-2 ယစ်မျိုး လိုင်စင်များရယူ၍ လုပ်ငန်းဆောင်ရွက်ရာတွင် လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများကို တင်ပြ ဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနများမှလည်း ဌာန အလိုက် သတ်မှတ်လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များ၊ လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များအရ ဆက်လက် ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
သတင်းစဉ်