စိတ်ဓာတ်ဖြူစင်၊ ဝန်းကျင်လှပ

 

ညစ်ညမ်းမှု(Pollution)များအားလုံးမှာ လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး လူကိုသာမက အခြားသက်ရှိဇီဝများနှင့် သဘာဝပတ်ဝန်းကျင်တို့ကိုပါ ဆိုးကျိုးများသက်ရောက်စေသည်။ ညစ်ညမ်းမှုပုံစံများကိုကြည့်လျှင် လေထုညစ်ညမ်းခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ မြေကြီးညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများညစ်ညမ်း ခြင်း၊ ရေဒီယိုသတ္တိကြွညစ်ညမ်းခြင်း၊ အသံညစ်ညမ်းခြင်း၊ အလင်း ညစ်ညမ်းခြင်း၊ မြင်ကွင်းညစ်ညမ်းခြင်း၊ အပူဓာတ်ညစ်ညမ်းခြင်း စသည်ဖြင့် တွေ့ရှိနိုင်သည်။

 

ညစ်ညမ်းမှုပုံစံအမျိုးမျိုးတို့ကြောင့် လူ၊ သားငှက်တိရစ္ဆာန်သက်ရှိဇီဝများ၊ ဂေဟစနစ်များအပေါ် ကမောက်ကမဖြစ်စေခြင်း၊ ပျက်စီးစေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ ဖိစီးမှုဖြစ်စေခြင်း စသည်တို့ခံစားကြရသည်။

 


စက်ယာဉ်ယန္တရားအမျိုးမျိုးမောင်းနှင်မှု၊ မီးရှို့မှုအပါအဝင် လောင်ကျွမ်းမှုအမျိုးမျိုးတို့မှ ထွက်ပေါ်လာသည့် အန္တရာယ်ဖြစ် စေနိုင်သော ဓာတ်ငွေ့များ၊ ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများ ကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာသည်။ စွန့်ပစ်ဓာတုပစ္စည်း အမျိုးမျိုး၊ ရေဆိုးနှင့် အမှိုက်များကြောင့် မြေပေါ်မြေအောက် ရေထုများကို ညစ်ညမ်းစေပြီး မြေကြီးကိုလည်း ညစ်ညမ်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသလူနေမှုစနစ်များ၊ စက်မှုလုပ်ငန်းများမှ ထွက်လာသည့် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းမှုဖြစ်စေပြီး ယာဉ်လမ်းကြောများ၊ လေယာဉ်အဆင်းအတက်၊ စက်ရုံများ စသည်တို့မှ ထွက်ပေါ်လာသည့် ဆူညံသံများကြောင့် အသံညစ် ညမ်းမှု      ဖြစ်ပေါ်စေသည်။  မှန်များ၊   သတ္တုများအပါအဝင် အဆောက်အအုံများမှ ထွက်လာသည့် တောက်ပသောအလင်းပြန် မှုများ၊ လျှပ်စစ်မီးရောင်များကြောင့် အလင်းညစ်ညမ်းမှု ဖြစ်ပေါ် စေပြီး ဓာတ်အားလိုင်းများ၊ ဖုန်းကြိုး၊ ဓာတ်ကြိုးများ၊ မြင်ကွင်း များကို ပိတ်ဆို့နေစေသည့် ကြော်ငြာဆိုင်းဘုတ်များ၊ တူးဖော်မှု အမျိုးမျိုးတို့ကြောင့် မြေမျက်နှာသွင်ပြင် ပျက်စီးမှုများ၊ စွန့်ပစ် ပစ္စည်းအမျိုးမျိုးတို့ကို    ဟင်းလင်းပြင်၌   ထားရှိမှုများကြောင့် မြင်ကွင်းညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ စက်များမောင်းနှင်မှုကြောင့် ထွက်ပေါ်လာသည့်  အပူရှိန်ကြောင့်  ပတ်ဝန်းကျင်လေထုနှင့် ရေထုတွင် အပူချိန်ပြောင်းလဲမှုဖြစ်ပေါ်လာခြင်းမှာ အပူဓာတ် ဆိုင်ရာ  ညစ်ညမ်းမှုပင်ဖြစ်သည်။

 


ဆိုခဲ့ပါ  ညစ်ညမ်းမှုအမျိုးမျိုးတို့ကြောင့် လူတို့တွင် ကင်ဆာ အမျိုးမျိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ သွေးတိုး၊ နှလုံးနှင့် စိတ်ဖိစီးမှု စသည်တို့ဖြစ်ပေါ်လာစေသည်။ အချို့သက်ရှိ ဇီဝများ   မျိုးသုဉ်းပျောက်ကွယ်သွားပြီး    အချို့မှာ    မျိုးသုဉ်းလု နီးနီးအခြေအနေသို့  ရောက်ရှိသွားရသည်။  သားငှက်တိရစ္ဆာန် များ ရှင်သန်ပေါက်ဖွားမှုနှင့် အစာကွင်းဆက်တို့ ထိခိုက်ပျက်စီး စေခြင်းကြောင့် လူတို့အတွက်လည်း သားငါးရှားပါးမှုကို ဖြစ်ပေါ် စေသည်။ ညစ်ညမ်းမှုများစွာတို့မှာ လူတို့ကြောင့် ဖြစ်ပေါ်လာ ရခြင်းဖြစ်သည့်အလျောက် ညစ်ညမ်းမှုတို့ကို ဖယ်ရှားရှင်းလင်း ရန်မှာလည်း လူသားတို့၌ပင် တာဝန်ရှိသည်။

 


ယခုအခါ မိမိတို့နိုင်ငံအတွင်း မြို့ရွာဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲများ၊ အမှိုက်သရိုက်နှင့် ချုံနွယ်ပိတ်ပေါင်း စုပေါင်းသန့်ရှင်းပွဲများကို တက်တက်ကြွကြွ ကျင်းပပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ သစ်ပင်စိုက်ပျိုးပွဲ များကြောင့် ဒေသများ စိမ်းလန်းစိုပြည်စေခြင်း၊ စုပေါင်းသန့်ရှင်း ပွဲများကြောင့် မြို့ရွာရပ်ကွက်များ သန့်ရှင်းသပ်ရပ်လှပေစေခြင်း အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသကဲ့သို့ပင် ပြည်သူလူထု ရပ်ရွာ လူ့အဖွဲ့အစည်းများအတွင်း သစ်တောသစ်ပင်များကို ချစ်ခင်မြတ်နိုး သည့် စိတ်ဓာတ်များ၊ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ် သည့် အမူအကျင့်ကောင်းများ၊ ရပ်ရွာသာယာလှပမှုကို စုပေါင်း ထိန်းသိမ်းလိုသည့်စိတ်ဓာတ်ကောင်းများလည်း ဖြစ်ထွန်းစေမည် ဟု ယုံကြည်ပါကြောင်း။      ။