
ဒေါက်တာထွန်းမြင့်
တွေ့ဆုံမေးမြန်း - မင်းသစ်(MNA) ၊ ဓာတ်ပုံ-ဇော်မင်းလတ် (MNA) နှင့် ကျော်ဇေယျာဝင်း
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရန် စီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေကြသည့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်အေးတို့အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ထားသည်များကို တင်ပြလိုက်ရပါသည် -
ဒေါက်တာ ထွန်းမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန
(ယမန်နေ့မှ အဆက်)
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်ကူးစက်မှုနဲ့
လူသေဆုံးမှု ဘာကြောင့် များလာသလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက ပြီးခဲ့တဲ့
ဩဂုတ် ၁၇ ရက်နောက်ပိုင်းမှာ ကူးစက်မှု တွေ မြင့်တက်လာတယ်။ ကိုဗစ် ပထမလှိုင်းမှာတုန်း ကတော့ ကူးစက်မှုနည်းတဲ့အတွက် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကာလတုန်းကတော့ ပြည်ပက ပြန်လာတဲ့သူတွေကတွေ့တယ်။ အဲ့ဒီကနေ တစ်ဆင့် ကူးစက်တယ်။ အဲ့ဒီတုန်းက နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခဲ့ကြတယ်။
ကိုဗစ် ဒုတိယလှိုင်းမှာတော့ ဩဂုတ် ၁၇ ရက်က စပြီး Positive လူနာ ၃၇၅ နောက်မှာ ကူးစက်မှုများလာ တယ်။ များလာတဲ့အခြေအနေကတော့ ဒီကာလမှာ တခြားပြည်နယ် / တိုင်းဒေသကြီးတွေက ရန်ကုန်ကို ဝင်လာတာ အထူးသဖြင့် အနောက်ဘက်ကနေ ဝင်လာ တယ်လို့ သုံးသပ်လို့ရပါတယ်။ ဟိုဘက်မှာ တစ်လလောက် ဖြစ်တဲ့အချိန်မှာ ရန်ကုန်ကို ခရီးသွားဘယ်လောက် ဝင်လာမလဲဆိုတာ မှန်းကြည့်လို့ရပါတယ်။ ဒီလူတွေ အားလုံးကလည်း ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေကြ ထိုင်ကြတယ်။
ပြီးတဲ့အခါကျတော့ ရန်ကုန်တိုင်းဒေသကြီးကို ဖြတ်ပြီးတော့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကို သွားကြတဲ့သူတွေပါတယ်။ တခြားပြည်နယ် နဲ့ တိုင်းဒေသကြီးအသီးသီးကလည်း အခုဆိုရင် များလာ တဲ့ အခြေအနေတွေ တွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီး ကတော့ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ရန်ကုန်က လူနေထူထပ်တာလည်းပါတယ်။ ဒီထဲမှာလည်း ရွှေ့ပြောင်း သွားလာနေရတဲ့ အလုပ်သမားတွေရဲ့အခြေအနေတွေ၊ စက်ရုံတွေရဲ့အခြေအနေတွေ၊ နောက်တစ်ခုက ဈေးတွေ။ ဈေးတွေဆိုရင်လည်း အနယ်နယ်အသီးသီးက ရန်ကုန် မြို့နဲ့ ကူးလူးဆက်ဆံနေကြတယ်။ ရန်ကုန်မြို့တော်ကြီး က အားလုံးကိုလက်ခံထားရတော့ ကိုဗစ်-၁၉ မှာလည်း လက်ခံရဆုံးအခြေအနေမှာကို ရောက်နေပါတယ်။
ဒါကြောင့်မို့ ရန်ကုန်မှာတော့ ကူးစက်မှုတွေက ဒီလို အခြေအနေကြောင့် များလာတာကတစ်ပိုင်း၊ ပြည်သူ လူထုကိုလည်း ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေထိုင်ရေးနဲ့အညီ နေကြပါ၊ Mask တပ်ကြပါ၊ လက်သန့်ဆေးတွေ စနစ် တကျသုံးကြပါ၊ လူစုလူဝေး မလုပ်ကြပါနဲ့ဆိုပြီး ပြည်သူ လူထုကို ကျန်းမာရေးအသိပညာ ပိုပြီးပေးရမယ့် အခြေ အနေပါ။
ဒီလိုအခြေအနေမှာ ကျန်းမာရေးအသိပညာ ပိုပြီး လုပ်ရမယ့် ပြည်သူလူထုတွေနဲ့ ပိုပြီးတွေ့နေရတယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်အရလည်းပဲ ကူးစက်မှုက ပိုပြီးဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ကိုဗစ်-၁၉ ရောဂါ ဘယ်တော့ပြီးမလဲဆိုရင် ကိုဗစ်-၁၉ ပြီးမယ့် အခြေ အနေကတော့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ကြေညာချက်တွေကိုအားလုံးလိုက်နာတဲ့အချိန်၊ လိုက်နာမှု အားအကောင်းဆုံးအချိန်မှာ ကိုဗစ်-၁၉ကူးစက်မှု လျော့ကျသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူထု
လှုပ်ရှားမှု စီမံချက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်
ဖြတ်တောက်ရေးက ဆေးရုံပေါ်ကနေ ထိုင်ကုနေရုံနဲ့ အဆင်မပြေဘူး။ အဆင်မပြေတော့ ဒီနေရာမှာ အဓိကကျတာက ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့က အရေးကြီးပါ တယ်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ အရှိန်မြင့်မှပဲ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ကို ဖြတ်တောက်ပြီးတော့ ပြည်သူလူထုကိုအမြန်ဆုံးကယ်တင်နိုင်မယ့် အခြေအနေ ပါ။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ရှေ့တန်းတင် ဆောင်ရွက်ဖို့က အရေးကြီးတယ်။ အရေးကြီးတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ လူထုလှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက်မယ့် ကမ်ပိန်းတစ်ခု ရေးဆွဲထားပါတယ်။
ရေးဆွဲထားတဲ့အထဲမှာ လှုပ်ရှားမှုအနေနဲ့ ကဏ္ဍ သုံးခု ပါပါတယ်။ ပထမတစ်ခုက လူထူထပ်တဲ့ ဈေးတွေ၊ ကုန်တိုက်တွေ၊ အဝေးပြေးကားဂိတ်တွေ၊ ရေဆိပ်တွေ၊ လေဆိပ်တွေ ဒီနေရာတွေမှာ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)တွေ ၊ မျက်နှာအကာ (Face shield)တွေ မဖြစ် မနေတပ်ပါ။ ဒီအတွက်ကို ဈေးတွေမှာ နမူနာ စတင် ဆောင်ရွက်နေပါပြီ။ နိုဝင်ဘာ ၁၅ ရက်ကစပြီး ရန်ကုန် တိုင်းအတွင်းမှာရှိတဲ့ ဈေးပေါင်း ၁၇၆ ဈေးမှာ ဈေး ၁၂၀ လောက်ကို ပါးစပ်နဲ့နှာခေါင်းစည်းတွေ ၊ မျက်နှာအကာ တွေ ဝေငှပါတယ်။ ဈေးရောင်းတဲ့သူတွေဆိုရင်လည်း ပါးစပ်နဲ့နှာခေါင်းစည်းတွေ မျက်နှာအကာတွေ တပ်ရ မယ်။ ဈေးလာဝယ်တဲ့သူတွေဆိုရင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေ တပ်ရမယ်။ မတပ်ထားရင် ဒီမှာတပ်ပေးမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးထားတာ Maskအခုရေ တစ်သန်းရှိပါတယ်။ Face shield အခုရေ တစ်သိန်း ရှိပါတယ်။ ဒါတွေကို ဈေးတွေမှာ ဝေငှမယ်။
ဒုတိယအနေနဲ့ အဲဒီလိုဝေငှရင်း ပညာပေးတဲ့အလုပ် တွေပါ ဆက်ဆောင်ရွက်သွားပါမယ်။ အဲ့ဒီအတွက်လည်း လက်ကိုင်စပီကာနဲ့ ကြေညာပေးသွားမယ်။ တစ်နေ့ကို ဈေးတွေ၊ ရပ်ကွက်တွေထဲမှာ တစ်နေ့ ငါးကြိမ်လောက် ကြေညာပေးသွားမယ်။ ကြေညာတဲ့အခါမှာလည်း ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နေ့စဉ်အခြေအနေတွေကို ပြောပြ သွားမယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပြည်သူလူထု လိုက်နာရမယ့်အချက်တွေကိုလည်း ကြေညာပေးသွား မယ်။ နာမည်ကျော်တေးသံရှင်တွေကလည်း အသိ ပညာပေး တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးသွားမယ်။
တတိယအချက်အနေနဲ့ ပန်းဖလက်တွေ ဝေငှသွား ပါမယ်။ အဲဒီအတွက်လည်း ပန်းဖလက် အခုရေ ငါးသိန်း ပုံနှိပ်ရိုက်ပြီးပါပြီ။ အရင်ကတော့ ပြည်သူလူထု လိုက်နာ ရမယ့် အချက်တွေကိုပဲ ဖြန့်ဝေထားတယ်။ အခုကတော့ ရန်ကုန်တိုင်းဒေသကြီးအတွက်ကိုပဲ ဈေးရောင်းချတဲ့ သူတွေက ဘယ်အချက်တွေလိုက်နာရမယ်၊ ဈေးဝယ်သူ တွေက ဘယ်အချက်တွေ လိုက်နာရမယ်ဆိုတာတွေ ပန်းဖလက်မှာ ထည့်ရေးထားပါတယ်။ ပြည်သူလူထုကို အရှင်းလင်းဆုံး အသိပေးထားတယ်။ လူထုလှုပ်ရှားမှု အနေနဲ့ ကဏ္ဍသုံးခုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကဏ္ဍသုံးခုကို အရှိန်မြှင့်ပြီး ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဖြတ် တောက်နိုင်မှာ ဖြစ်ပါတယ်။ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်မယ်ဆိုရင် တစ်ဖက်မှာလည်း လူသေဆုံး မှုနှုန်း ကျဆင်းသွားမှာဖြစ်ပါတယ်။
ဒေါက်တာမြင့်မြင့်အေး
ဆေးရုံအုပ်ကြီး
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
မေး ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉
ရောဂါ Positive လူနာတွေကုသပေးဖို့ အတွက် ပြည့်ပြည့်စုံစုံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ အစပိုင်း
က ကိုဗစ်လူနာတွေ လက်ခံကုသပေးတဲ့ ဆေးရုံတော့ မဟုတ်ပါဘူး။ သံသယလူနာပဲ လက်ခံပြီး တော့ တကယ့်အတည်ပြုလူနာတွေကိုတော့ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ဆေးရုံတွေကို ပို့ပေးရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာတော့ လူနာတွေ များလာတဲ့အတွက် ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကိုဗစ် Positive လူနာတွေထားဖို့ သတ်မှတ်ပေးတဲ့အတွက်ကြောင့် အနီ အဆောင်ကြီးကို ပြင်ဆင်ခဲ့ပါတယ်။ အရေးပေါ်ကနေ စပြီး ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ပါတယ်။ အရေးပေါ်မှာ ဆိုရင် ဖျားနာစောင့်ကြည့်ကုသဆောင်၊ ခွဲစိတ်လူနာ စောင့်ကြည့်ဆောင်နဲ့ ဝင်ဝင်ချင်းနေရာတွေမှာ စတင် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။
အဲ့ဒီမှာရှိတဲ့ အရေးပေါ်ခွဲစိတ်ခန်းကိုလည်း ကိုဗစ် အတည်ပြုလူနာတွေကို ခွဲစိတ်ကုသဖို့အတွက် ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါတွေကတော့ အရေးပေါ်မှာ ပြင်ဆင်ခဲ့ရတဲ့ ဌာနတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာ လူနာတွေ များလာရင် အဆောင်တစ်ခု တည်ဆောက်ရတယ်။ ပင်မအနီဆောင်ကြီးတစ်ခုလုံးကို ကိုဗစ်လူနာတွေ ထား ဖို့ ပြင်ဆင်တဲ့အချိန်မှာ အောက်ဆုံးမြေညီထပ်မှာ သံသယ လူနာတွေ ထားခဲ့ပြီး ပထမထပ်ကနေစပြီး အပေါ်ဆုံးထပ် အထိ အရင်က ၅/၆ အရိုးကုသဆောင်ကို ICU နဲ့ HDU လူနာ ၃၀ အတွက် ပြင်ဆင်ရပါတယ်။ စက်ကိရိယာအပြည့် အစုံ ထားပေးထားပါတယ်။
Control Room ကနေ မော်နီတာနဲ့ ကြည့်ရတဲ့ စက်ကိရိယာလူနာအယောက် ၃၀ အတွက် ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။ အပေါ်ထပ် ၁၁/၁၂ မှာ ကိုဗစ်လူနာ အယောက် ၄၀ ထားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၁/၂/၇/၈/၁၃/၁၄ အခန်းတွေမှာလည်း ကိုဗစ်လူနာတွေထားဖို့ ပြင်ဆင် ခဲ့ပါတယ်။ အလယ်မှာရှိတဲ့ အရင်က လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဌာန ၃/၄ မှာ အတည်ပြုလူနာတွေ ခွဲစိတ်ပြီး ထားဖို့ တစ်ခြမ်းကို ခုတင် ၁၂ လုံးထားပြီး တစ်ဖက်မှာ ကျောက်ကပ်ဖြစ်နေတဲ့ Positive လူနာတွေ ကျောက်ကပ် ဆေးနိုင်အောင် ကျောက်ကပ်ဆေးစက် လေးလုံးကို အရေးပေါ်ပြင်ဆင်ပြီး ကျောက်ကပ်ဆေးတဲ့ လုပ်ငန်း တွေပါ လုပ်ပေးရပါတယ်။
အဲဒါတွေကတော့ အစပိုင်းပြင်ဆင်ခဲ့ရတာ ဖြစ်ပါ တယ်။ နောက်ပိုင်း တဖြည်းဖြည်း Positive လူနာတွေ ရန်ကုန်ဆေးရုံကြီးကို လာကြတယ်။ ရန်ကုန်ဆေးရုံကြီး မှာ ကုသပေးနေတဲ့အတွက် လူနာတွေက ဒီမှာပဲ ကုသ ချင်တယ်။ ICU လူနာတွေအတွက် အဓိကထားပြီး ကုသ ပေးနေတယ်။ စက် ကိရိယာစုံစုံလင်လင်နဲ့ ကုသပေး နိုင်တာဖြစ်တဲ့အတွက် လူနာတွေက များလာပါတယ်။ ပင်မအဆောင်ကြီးရှေ့မှာ အဆောင်တစ်ခု တည်ဆောက် နေပါတယ်။ အဲ့ဒီအဆောင်က လူနာ ၈၀ ဆံ့ပါတယ်။ ပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။
လူနာတွေကို ဆေးဝါးအပြည့်အစုံ စက်ကိရိယာ အပြည့်အစုံ ဆောင်ရွက်ပေးထားပါတယ်။ လူနာတွေ အတွက် အောက်ဆီဂျင် အဓိကလိုအပ်တဲ့အတွက်ကြောင့် Liquid အောက်ဆီဂျင် ပေးနိုင်အောင် အောက်ဆီဂျင်စက် တစ်လုံးကိုလည်း တည်ဆောက်ထားပါတယ်။ အရင်က အနီဆောင်ကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ခုတင် တိုင်းမှာ မရှိပါဘူး။ အခုကတော့ လိုသလောက် အောက်ဆီ ဂျင်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။ အရင်က လူနာတစ်နေ့ အယောက် ၄၀ လောက် သေဆုံးခဲ့တယ်။ အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခုတင် ၃၀ ပါတဲ့ အထူး ကြပ်မတ်ကုသဆောင် ဖွင့်ခဲ့တယ်။ မြောက်ဥက္ကလာပ ဆေးရုံမှာ ခုတင် ၂၀ ပါတဲ့ အထူးကြပ်မတ် ကုသဆောင် ဖွင့်လှစ်ခဲ့တယ်။ အဲဒီလို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် သေဆုံးမှု လျော့ကျသွားတယ်။ သမားတော်ကြီးတွေ၊ မေ့ဆေး ဆရာဝန်ကြီးတွေရဲ့ ကျေးဇူးလည်းပါပါတယ်။ အတတ် နိုင်ဆုံး ကြိုးစားဆောင်ရွက် နေပါတယ်။ ရက်ရှည်လာလို့ ပင်ပန်းကြပေမယ့် ဆရာဝန်စိတ်ဓာတ်၊ သူနာပြုစိတ်ဓာတ် နဲ့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြတဲ့အတွက် အသက် ၈၀ ကျော် ၇၀ ကျော်တွေ ကောင်းပြီး ဆေးရုံကဆင်းသွား ကြတဲ့သူတွေ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးက ရောဂါ အခြေအနေဆိုးရွားတဲ့သူတွေ အများဆုံးလက်ခံတဲ့နေရာ ဖြစ်တဲ့ အတွက်ကြောင့် ကောင်းပြီးဆင်းသွားတဲ့ လူနာတွေ လည်းရှိသလို ဆုံးပါးသွားတဲ့လူနာတွေလည်း ရှိပါတယ်။
ယခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
- Log in to post comments