ရှေ့နေနှင့် အခမ်းအနားမှူး

Type
၁

ဆောင်းပါး

=======

 

ရှေ့နေနှင့် အခမ်းအနားမှူး

==============

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် အခမ်းအနားမှူးပါတဲ့”

“ဘာကိုပြောချင်၊ ရေးချင်တာလဲဆရာ”

“အစည်းအဝေးတွေ၊ အခမ်းအနားတွေမှာ အခမ်း အနားမှူးက အဓိကကျတဲ့အကြောင်း ရှေ့နေတစ်ယောက် အနေနှင့် ပြောချင်၊ ရေးချင်တာပါဗျာ”

“ဘယ်စာအုပ်ကို ကိုးကားရည်ညွှန်းချင်လို့ပါလဲ ဆရာ”

“အေးဗျာ၊ ဖတ်ကြည့်ကြရအောင်”

 

ပုံနှိပ်မှတ်တမ်း

ရန်ကုန်မြို့၊ ရွှေရောင်လင်းပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး ရန်ကုန်မြို့နေ ရှင်မတောင်စာပေ ဦးမျိုးဆင့်က ၂၀၁၈ ခုနှစ် ဧပြီလတွင် ထုတ်ဝေသည်။

 

စာအုပ်အမည်နှင့် ပြုစုသူ

စာအုပ်အမည်မှာ “အခမ်းအနားမှူးကောင်း တစ်ယောက်” ဖြစ်သည်။ ရေးသားပြုစုသူမှာ “ဒေါ်သန်း သန်းဝင်း (မြန်မာ့ရုပ်သံ-ငြိမ်း)” ဖြစ်သည်။ ဒေါ်သန်း သန်းဝင်းသည် မြန်မာ့အသံတွင် အစီအစဉ်ကြေညာသူ၊ သတင်းကြေညာသူ၊ စာမူပြုစုသူ၊ အစီအစဉ်ထုတ်လုပ်သူ၊ ထုတ်လုပ်မှု ဒါရိုက်တာ၊ ရုပ်မြင်သတင်းတာဝန်ခံစသည့် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ သတင်း လောကတွင် တာဝန်အမျိုးမျိုးယူကာ အခမ်းအနားမှူး သင်တန်းများကို နိုင်ငံအနှံ့ စဉ်ဆက်မပြတ် ပို့ချနေသူ လည်း ဖြစ်သည်။ အခမ်းအနားမှူး (MC) တာဝန်ကို ယခုတိုင် ထမ်းဆောင်နေဆဲဖြစ်သည်။

 

အတွေ့အကြုံ

ကျွန်တော်သည် အခမ်းအနားပေါင်းများစွာ၊ ဆွေးနွေး ပွဲပေါင်းများစွာကို တက်ဖူးသည်။ စိတ်အညစ်ဆုံး အကြောင်းကိုပြောရလျှင် အခမ်းအနားမှူး ခပ်ညံ့ညံ့ အကြောင်းကို ပြောရပေလိမ့်မည်။ အချိန်တွေကုန်၊ အလုပ် မဖြစ်၊ ပြေပြစ်မှုမရှိ၊ ရည်မှန်းချက်မထိ၊ ပွဲပျက်ရသည်အထိ ကြုံဖူး၊ တွေ့ဖူးသည်။ မိမိတာဝန်ထမ်းဆောင်ရသော ရုံး၊ ဌာနများတွင် မကြာခဏကြုံရသည့် အခမ်းအနားများမှာ သင်ခန်းစာယူစရာတွေ များလှသည်။ အခမ်းအနားမှူး ကောင်း တစ်ယောက်ဖြစ်ဖို့အရေး ဘာကိုအလေးပေးကြ မှာလဲ၊ ဘာစာအုပ်ဖတ်ရမည်လဲ၊ ဘယ်သူ့အတွေ့အကြုံကို မှတ်သားနမူနာယူရမည်လဲ၊ ဤနေရာတွင် ဒေါ်သန်း သန်းဝင်း၏စာအုပ်ကို ကျွန်တော်ရည်ညွှန်းလိုပါသည်။ ရှုပါ။

 

ဒေါ်သန်းသန်းဝင်း၏ အမှာစာ

အသက်နှစ်ဆယ်အရွယ်မှစတင်ကာ နိုင်ငံ့ဝန်ထမ်း တစ်ယောက်ဖြစ်ခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနတွင် နှစ်ပေါင်း ၃၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ မူလတာဝန်ဖြစ်သော သတင်းကြေညာခြင်း၊ အစီအစဉ် ကြေညာခြင်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ သည့်အပြင် အစီအစဉ်သစ်များ ထုတ်လုပ်ဖန်တီးခြင်း၊ စာမူများရေးသားခြင်း၊ သင်တန်းများပို့ချခြင်းတို့ကို အလုပ်တာဝန်မပျက် ပူးတွဲထမ်းဆောင်ကာ ဝါသနာ အလျောက် စိတ်ဝင်တစား ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ ကို ဤစာအုပ်အမှာစာတွင် ဒေါ်သန်းသန်းဝင်းက ရေးထား သည်။

MC (Master of Ceremony) သင်တန်းပို့ချချက်များတွင် အဓိကအားဖြင့် “အသံထွက်” မှန်ကန်စေရေးကို ဦးတည် ပုံ၊ မြန်မာစာ၊ မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ၊ အသံ ထွက်မှန်မှန်၊ သဒ္ဒါမှန်မှန်၊ အဖြတ်အတောက်မှန်မှန် သုံးစွဲနိုင်ရန်၊ ယဉ်ကျေးစွာ ပြောဆို ဝတ်စားဆင်ယင်ရန်၊ အသုံးအနှုန်းမှန်ကန်ရန်၊ လေယူလေသိမ်းမှန်ကန်စေရန်၊ အသက်ရှူ/ထုတ် စနစ်ကျစေရန်၊ မိုက်ကရိုဖုန်းအသုံးပြုပုံ ကအစ အနုစိတ်သင်ကြားပေးသည့်အတွက် MC ဘာသာ ရပ်သည် တိမ်မယောင်နှင့်ခက်ခဲပုံ၊ ခရီးသွားလာရေး ဝေးလံသောဒေသမှတပည့်များ အချိန်သီးသန့်ပေး၍ သင်တန်းတက်ရန် အခြေအနေမပေးသောကြောင့် မလေ့လာမသင်ယူနိုင်သောသူများအတွက် စေတနာ ကောင်းဖြင့် ဤစာအုပ်ကို ရေးသားပြုစုလိုက်ရပုံ၊ MC ဖြစ်လိုသူများ ဆန္ဒအနီးစပ်ဆုံး ပြည့်ဝကြပါစေဟု ရည်သန်ကြောင်းဖြင့် ဆက်လက်ရေးထားသည်။ ကျွန်တော်ကြိုဆိုလိုက်ပါသည်။

 

မာတိကာ

အောက်ပါအတိုင်း ဖော်ပြထားသည်−

၁။ အခမ်းအနားမှူး (MC) ဆိုသည်မှာ

၂။ MC တစ်ယောက်တွင်ရှိရမည့် အဓိကအရည် အချင်းများ

(က) သတ္တိ၊ သတိ၊ သိ/တတ်မှု

(ခ) MC ၏ ရုပ်ပိုင်းဆိုင်ရာများ၊ မျက်နှာ၊ ဆံပင်၊ ဝတ်စားဆင်ယင် ခြယ်သမှု၊ ကိုယ်ဟန်အမူအရာ

(ဂ) MC နှင့် ကျန်းမာရေး

(ဃ) MC ၏ စိတ်ပိုင်းဆိုင်ရာများ၊ MCစိတ်ဓာတ်

(င) MC ၏ အသံပိုင်းဆိုင်ရာများ၊ စကားပြော စတိုင်၊ လေယူလေသိမ်း၊ အဖြတ် အတောက်၊ အသံထွက်ပုံ၊ အသံမပီ၊ အသံယိုင်ခြင်း၊

၃။ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာ သုံးစွဲ ပြောကြားခြင်း မှ နှင့် က ၊ ကို နှင့် အားတို့ကို မှန်ကန်စွာ ပြောကြားခြင်း၊ အထူးသတိပြုရမည့် လေး နှင့် ကြီး၊ ပေး၊ သွား၊ ပါ နှင့် လိုက်

၄။ ကြိုတင်ပြင်ဆင်မှု၊ အစမ်းလေ့ကျင့်မှု၊ အချိန် ကိုက်မှု၊ (မိုက်ကရိုဖုန်းအသုံးပြုပုံ၊ အခမ်းအနား ပြင်ဆင်ထားရှိမှု) (စားပွဲ၊ ကုလားထိုင်၊ စာတန်း ခေါင်းစီး) အသုံးပြုပုံနှင့် စနစ်တကျထားရှိမှု၊ အတူတွဲလုပ်ကိုင်ရမည့်သူများနှင့် ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရမှုများ (ဗန်းကိုင်များ၊ တီးမှုတ်ဖျော်ဖြေရေး အဖွဲ့ဝင်များ)

၅။ အခမ်းအနားတစ်ခုအောင်မြင်စွာကျင်းပခြင်း၊ အခမ်းအနားအမျိုးမျိုး၊ အစည်းအဝေး အကြီး အသေး၊ အခမ်းအနားနှင့် အစည်းအဝေး၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ပန်ကြားခြင်း၊ ဖိတ်ကြားခြင်း၊ ဖိတ်ခေါ်ခြင်း၊ အဖွင့်ကြေညာ ခြင်း၊ အပိတ်ကြေညာခြင်း၊ သတိထားရမည့် ဝါစဉ်၊ အစီအစဉ်အပြောင်းအလဲနှင့် ကြားဖြတ် ကြေညာခြင်း

၆။ ထူးခြားသောအခမ်းအနားများ၊ ဘာသာရေး အခမ်းအနားများ၊ အင်္ဂလိပ်ဘာသာဖြင့် ကြေညာ ရသော အခမ်းအနားများ

၇။ ကိုယ်တွေ့ကြုံရသော အထစ်အငေါ့လေးများ

၈။ အခမ်းအနားများနှင့် MC ပြောကြားရသော နမူနာပုံစံများ (ဂရုပြုစရာ၊ ရှောင်ရန်၊ ဆောင်ရန် နှင့် အကြံပြုတင်ပြချက်များ)

 

အခမ်းအနားမှူး (MC) ဆိုသည်မှာ

‘အခမ်းအနားမှူးဆိုတာ’ဘာလဲ။ သိကြတဲ့အတိုင်း အင်္ဂလိပ်လို Master of Ceremony- MC လို့ ခေါ်ကြတယ်။ ‘မှူး’ ဆိုတဲ့အဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ နာမ်ဆိုရင် အကြီးအကဲ၊ ကြိယာဆိုရင် အကြီးအကဲပြုသည်၊ ဦးဆောင် သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ဒီတော့ “အခမ်း အနားမှူးဆိုတာ အခမ်းအနားတစ်ခု အောင်မြင်ချောမော စွာ ပြီးမြောက်နိုင်ရေးအတွက် ဦးဆောင်သူလို့ ဆိုရပါမယ်။ တာဝန်အရှိဆုံးသူလို့ ပြောချင်ပါတယ်။ အခမ်းအနားတွေ မှာသာမက အစည်းအဝေးတွေမှာပါ အခမ်းအနားမှူး လိုအပ်ပါတယ်” ဟုရေးသည်။(စာ-၁)

 

MC တစ်ယောက်တွင်ရှိရမည့် အဓိကအရည်အချင်းများ

သတ္တိ၊ သတိ၊ သိ/တတ်မှု (သသုံးလုံး)

“MC တစ်ဦးမှာ အဓိကအားဖြင့် ရှိရမည့်အရည်အချင်း ကတော့ “သ”သုံးလုံး ကျေရပါမယ်။ (၁) သတ္တိ၊

(၂) သတိ၊(၃) သိ/တတ် တို့ဖြစ်သည်” ဟုရေးသည်။ (စာ-၅)

 

MC ၏ စိတ်ပိုင်းဆိုင်ရာများ

MC ၏ စိတ်ဓာတ်

“MC တစ်ယောက်ဟာ မိမိတာဝန်ယူရတဲ့ အခမ်းအနား၊ အစည်းအဝေးများကို ချောချောမွေ့မွေ့ အဆင်ပြေပြေ ပြီးမြောက်စေရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ် ချမှု (Confidence) အပြည့်အဝရှိဖို့ အလွန်အရေးကြီးပါ တယ်။ ဘယ်လိုအပြောင်းအလဲတွေရှိလာလာ စိတ်ကို အေးအေးထားပြီး မှန်မှန်ကန်ကန်ဖြစ်စေအောင် ခေါင်းအေးအေးနှင့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး လုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ရုတ်ချည်းဖြစ်လာ တဲ့ အပြောင်းအလဲကို စိတ်ပူကြောက်ရွံ့ပြီး စိုးရိမ်စိတ်များ နေလျှင် ကြေညာရတာ မပြေပြစ်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်တည်ငြိမ်မှုရှိဖို့ကလည်း အရေးကြီးလှပါ တယ်” ဟု သတိပေးထားသည်။ (စာ-၁၀)

 

စကားပြော Style

“Style ဖြစ်ချင်ရင် ‘စာ’ စကားကိုရှောင်ပြီး ‘ပါးစပ် စကား’ အသွင်ပြောင်းရပါမယ်။ ဥပမာ-ယနေ့ (ဒီကနေ့)၊ နံနက်ခင်း (မနက်ခင်း)၊ နေရာတွင် (နေရာမှာ)၊ အချိန်တွင် (အချိန်မှာ)၊ သို့ဖြစ်ပါ၍ (တဲ့အတွက်)၊ ၏ (ရဲ့)၊ မည့် (မယ့်)၊ သော (တဲ့)၊ ယခုနှစ် (အခုနှစ်)၊ (ဒီနှစ်)၊ ထို့ကြောင့် (ဒါကြောင့်)၊ ထို့နောက် (အဲဒီနောက်)လို့ ပြင်ပြောရပါမယ်” ဟုလည်း စကားလုံးတစ်လုံးချင်း၏ နမူနာကို ဖော်ပြ ရေးသားထားသည်။ (စာ-၁၃)

 

အဖြတ်အတောက်နှင့် လေယူလေသိမ်း

ရေးတော့အမှန်၊ ဖတ်တော့အသံ

အသံထွက်မှန်စေရန် လေ့လာမှတ်သားသင့်သော စာလုံးများ။ ဥပမာ “ကျေးဇူးတင်ပါတယ်”ကို “ကျေးဇုတင် ပါတယ်” လို့ ‘ဇူးကို ဇု’ လို့ အသံထွက်မှားတတ်ပါတယ်။

‘ယေဘုယျ’ ကို ‘ယေဘုံယ’ လို့ အသံထွက်ရပါမယ်။

‘ပြဋ္ဌာန်း’ ကို ‘ပြတ်ထန်း’၊ ‘ပျမ်းမျှ’ ကို ‘ဖြန်းမျှ’ ‘အဘိ ဓာန်’ ကို ‘အဘိဓန်’ လို့ အသံထွက်ရပါမယ်ဟု အဖြတ် အတောက် လေယူလေသိမ်းကိုလည်း မှန်ကန်စေရန် အသေးစိတ်ညွှန်ပြထားသည်။ (စာ-၂၅)

 

အသုံးအနှုန်း

 

အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာ သုံးစွဲ ပြောကြားရမည့်အပြင် ကြိုတင်ပြင်ဆင်မှု၊ အချိန်ကိုက်မှု၊ ဗန်းကိုင်များ၏ အခန်းကဏ္ဍများအကြောင်းကိုလည်း လေ့လာဖတ်ရှုရသည်။

 

အခမ်းအနားအမျိုးမျိုး

 

အခမ်းအနားအမျိုးမျိုး၊ အစည်းအဝေးအကြီးအသေး၊ အခမ်းအနားနှင့် အစည်းအဝေးမတူညီပုံ၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ပြန်ကြားခြင်း၊ ဖိတ်ကြားခြင်း၊ ဖိတ်ခေါ် ခြင်း၊ အဖွင့်ကြေညာခြင်း၊ အပိတ်ကြေညာခြင်း၊ သတိထား ရမည့်ဝါစဉ်၊ ကြားဖြတ်ကြေညာခြင်းများ၊ ဘာသာရေး အခမ်းအနားများအကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ကြေညာရသော အခမ်းအနားများအကြောင်းစသည်ဖြင့် သိမှတ်စရာများကို ဗဟုသုတကြွယ်စွာ ရေးသားတင်ဆက် ထားပါသည်။ ကိုယ်တွေ့ကြုံတွေ့ရသော အထစ်အငေါ့ လေးများကိုလည်း ဒေါ်သန်းသန်းဝင်းက ပြန်လည် တင်ပြထားရာ ဖြစ်တတ်သော သဘောသဘာဝပေမို့ ငိုအားထက် ရယ်အားသန်မိပါသည်။ ဘယ်လိုအထစ် အငေါ့လဲဆိုတာကိုတော့ စာရှုသူများ ဖတ်ကြည့်ပါဟု ကျွန်တော် တိုက်တွန်းရေးသားပါရစေ။

 

နိဂုံး

 

အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်ဖို့ နမူနာများ နှင့်တကွ စေ့စေ့ငှငှ တင်ပြရေးသားထားသော ဒေါ်သန်း သန်းဝင်း၏ စာအုပ်ကို လေ့လာဖတ်ရှုပြီး လက်တွေ့ လေ့ကျင့် အောင်မြင်နိုင်ကြပါစေကြောင်း . . . ။