အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးနဲ့ MRTV

Type
၁

ဆောင်းပါး

======

 

အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးနဲ့ MRTV

======================================

 

သပြေ

====

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကတော့ အောင်မြင်စွာပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးအဖြစ် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကရော နိုင်ငံတကာ ကပါ ချီးကျူးဂုဏ်ပြုမှုတွေ ထုတ်ပြန်နေကြပါတယ်။ ရွေးကောက်ပွဲကြီးအောင်မြင်ဖို့ ကဏ္ဍစုံကနေ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

သက်ဆိုင်ရာကဏ္ဍကနေ တက်ကြွစွာပါဝင်

အဓိက ချီးကျူးဂုဏ်ပြုရမှာကတော့ နိုင်ငံရေး အသိရှိတဲ့၊ တာဝန်ကျေပွန်တဲ့ မြန်မာပြည်သူ ပြည်သား တွေပါ။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့လည်း သက်ဆိုင်ရာကဏ္ဍကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကြီး အောင်မြင်ဖို့ လှုံ့ဆော်ပေးတာတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး တင်ဆက်မှုတွေနဲ့ သတင်းထုတ်ပြန်တာ တွေကို MRTV အနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လမှ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ပြန်ကြား ပေးရန်၊ ပညာပေးရန်နဲ့ ဖျော်ဖြေပေးရန်ဆိုတဲ့ ရည်မှန်း ချက် (၃) ရပ်နဲ့ ပြည်သူအတွက် ဝန်ဆောင်မှုပေးနေတဲ့ ရုပ်သံလုပ်ငန်း ဖြစ်ပါတယ်။ ငါးနှစ် တစ်ကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ဖို့အတွက် ဦးစားပေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲ မကျင်းပမီ အကြိုကာလ၊ ရွေးကောက်ပွဲကြီး ကျင်းပ နေစဉ်ကာလနဲ့ ရွေးကောက်ပွဲပြီး ကျင်းပပြီးနောက် ကာလတွေ ခွဲခြားပြီး တိကျစွာတာဝန်တွေသတ်မှတ်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ Voter Education ဖြစ်တဲ့ “ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း တွေကို တေးသီချင်းတွေ၊ ဇာတ်လမ်းတိုတွေ၊ တွေ့ဆုံ မေးမြန်းခန်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ပညာပေးစာတမ်း၊ ဒီဇိုင်း TV Spot” တွေကို ထုတ်လွှင့်တင်ဆက်ခဲ့တာပါ။

ဒီလိုထုတ်လွှင့်နိုင်ဖို့ ဆောင်ရွက်တဲ့အခါမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကာလနဲ့ ကြုံကြိုက် နေတာကြောင့် ကန့်သတ်ချက်တွေ၊ စိန်ခေါ်မှုတွေ ကြားကပဲ နာမည်ကျော် အနုပညာရှင်တွေ၊ အတတ် ပညာရှင်တွေနဲ့ပူးပေါင်းပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာလုပ်ဆောင်ဂရုပြုကာ အထူးသတိထား ဆောင်ရွက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုကြောင့် တေးသီချင်း ၃၆ ပုဒ်ကို ၄၀၃ ကြိမ်၊ ဇာတ်လမ်းတို ခုနစ်ပုဒ်ကို အကြိမ် ၈၀၊ တွေ့ဆုံမေးမြန်းခန်း ၂၀ ကို အကြိမ် ၄၀၊ ဆွေးနွေးပွဲ နှစ်ခုကို နှစ်ကြိမ် ထုတ်လွှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအသိပညာပေး TV Spot တွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေ နဲ့ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲနှင့် ဥပဒေစာအုပ်မှ ကောက်နုတ်ပြုစုပြီး ရွေးကောက်ပွဲ လှုံ့ဆော်တေးတွေနဲ့ အတူ နေ့စဉ်ထည့်သွင်းထုတ်လွှင့်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့တိုင်းမှာ ထုတ်လွှင့်ပြသ

တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကိုတော့ “ရွေးကောက် ပွဲအကြောင်း သိကောင်းစရာ” ခေါင်းစဉ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို တွေ့ဆုံ မေးမြန်းပြီး အပိုင်း ၂၀ ခွဲကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာပါ။ ရွေးကောက်ပွဲဇာတ်လမ်းတို ခုနစ် ပုဒ်ကို နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလမှစပြီး တစ်ရက်ကို နှစ်ပုဒ်နှုန်းနဲ့ ထုတ်လွှင့် ပြသခဲ့ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံပိုင် ရုပ်သံလုပ်ငန်းဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောစည်းရုံးမှုတွေကို မျှမျှတတထုတ်လွှင့်ပေးဖို့လည်း စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုထုတ်လွှင့်နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စီမံမှု၊ သတ်မှတ်ပေးမှုတွေ အတိုင်း စကားပြောစင်မြင့်၊ စားပွဲ၊ ထိုင်ခုံ၊ နောက်ခံ၊ ပါတီတွေရဲ့ အလံနဲ့ Logo တံဆိပ်စသည်ဖြင့် အသေးစိတ် စီမံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ထပ်မံထုတ်လွှင့်ပေးနိုင်ခဲ့

နိုင်ငံရေးပါတီတွေ ဟောပြောစည်းရုံးမှု ရိုက်ကူးဖို့ အတွက် မူလက နေပြည်တော် (တပ်ကုန်း)မှာရှိတဲ့ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား တစ်နေရာတည်းမှာပဲ စက်တင် ဘာလ ၆ ရက်နေ့ကစပြီး ရိုက်ကူးဖို့ စီမံထားရှိသော်လည်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနဲ့ ခရီးသွားလာမှု ကန့်သတ် ချက်တွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာလည်း ရိုက်ကူးနိုင်ဖို့ အလျင်အမြန်ပဲ စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်နဲ့ ရန်ကုန်ကို မလာ ရောက်နိုင်တဲ့ နိုင်ငံရေးပါတီ အချို့အတွက်လည်း ၎င်းတို့ အစီအစဉ်နဲ့ ရိုက်ကူးပေးပို့တာကို ထုတ်လွှင့်ပေးနိုင် ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြောမှုတွေ ကိုတော့ တစ်ပါတီကို ၁၅ မိနစ်စီ ရိုက်ကူး/ထုတ်လွှင့် ပေးခဲ့တာပါ။ နိုင်ငံရေးပါတီ ၅၆ ခုရဲ့ စည်းရုံးဟောပြောမှု တွေကို ပထမအကြိမ် ထုတ်လွှင့်ပေးမှုအပြင် ဒုတိယ အကြိမ်အဖြစ်လည်း နိုဝင်ဘာလ ၆ ရက်နေ့အထိ ထပ်မံထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။

အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့

သတင်းထုတ်ပြန်ခြင်းအပိုင်းမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့တာပါ။ ဒါ့အပြင် ကော်မရှင်အဖွဲ့ဝင်တွေ နိုင်ငံတစ်ဝန်း လှည့်လည်သွားရောက်ပြီး လုပ်ငန်း ဆောင်ရွက်တာတွေ၊ မဲရုံပြင်ဆင်မှုတွေ၊ ဆန္ဒမဲပေးမှု သရုပ်ပြလုပ်ငန်းစဉ်ကိုလည်း ထုတ်လွှင့်ပေးနိုင် ခဲ့ပါတယ်။

ဆန္ဒမဲပေးမှု သတင်းထုတ်ပြန်ခြင်းအပိုင်းမှာ ပြည်တွင်းက သတင်းတွေ ရိုက်ကူး/ ထုတ်လွှင့်မှုအပြင် ပြည်ပမှာ မဲပေးမှုတွေကိုလည်း ဆက်သွယ်ပေါင်းစပ် ညှိနှိုင်းပြီး သတင်းရယူထုတ်လွှင့်ပေးခဲ့တာပါ။

b စာမျက်နှာ ၁၄ မှ

ဆန္ဒမဲပေးရမည့် တစ်ရက်အလို နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံအကြီးအကဲတွေရဲ့ လှုပ်ရှားမှု တွေကစပြီး နိုင်ငံရေးပါတီတွေရဲ့ လုပ်ဆောင်မှုတွေကို ပြသခြင်းမပြုတော့ဘဲ လိုက်နာလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတာနဲ့ မဲပေးဖို့ လှုံ့ဆော်တာတွေကိုတော့ အဲဒီနေ့မှာလည်း ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ဆန္ဒမဲပေးတဲ့နေ့မှာတော့ ပြည်သူတွေ နွေးထွေးလုံခြုံစွာနဲ့ လွတ်လပ်စွာ မဲပေးနေကြပုံတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့် တင်ဆက်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ထူးခြားဖြစ်စဉ်ရှိတဲ့ဒေသက သတင်းတွေ ကိုလည်း သက်ဆိုင်ရာကော်မရှင်ရဲ့ အတည်ပြုချက် ရယူပြီး အရေးယူပုံကအစ သတင်းတွေ ထုတ်လွှင့်ပေးနိုင် ခဲ့ပါတယ်။ ဒီလို သတင်းတွေ အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်နိုင်ဖို့ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြန့်ခွဲထားတဲ့ MRTV သတင်းဗျူရိုတွေ၊ တိုင်းရင်းသားသတင်းဌာနတွေ အပြင် အမြို့မြို့အနယ်နယ်မှာရှိတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ကြိုတင်စီမံထားတဲ့အတိုင်း ဆက်သွယ်ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၅၆၃၉ ဦးတို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၁၅ နေရာ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၆၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၆၁၂ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ပေါင်း ၂၉ နေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

ဆန္ဒမဲပေးသူ ပြည်သူတွေအတွက် နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မြို့နယ် ၃၁၅ မြို့နယ်မှာ မဲရုံပေါင်း ၃၉၉၆၂ ရုံ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ယနေ့အချိန်မှာ Online Media ဖွံ့ဖြိုးတိုးတက် လာတာနဲ့အတူ Mobile Phone တွေကတစ်ဆင့် သတင်း ထုတ်ပြန်မှုကလည်း အလွန်အရေးပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် MRTV ရဲ့ အစီအစဉ်တွေကို MRTV Webportal ကို တည်ထောင်ပြီး ပြည်သူတွေ Online မှတစ်ဆင့် ကြည့်ရှုနားဆင်နိုင်ဖို့ နေ့စဉ်လွှင့်တင်နေပြီ ဖြစ်ပါတယ်။

ဒီလိုလွှင့်တင်ရာမှာ Social Media Channel တွေ အနက် ပြည်သူလူထု အများဆုံးအသုံးပြုတဲ့ Facebook Page အပြင် MRTV Live Streaming ကလည်း ထုတ်လွှင့် ပေးနေတာကြောင့် ယခုအခါမှာ Likes အရေအတွက် ပမာဏဟာ ၁၀ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ ပြည်သူလူထု ကြည့်ရှုမှုများပြားတဲ့ MRTV ရဲ့ Online Media ကနေလည်း ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ၊ အသိပညာပေးအစီအစဉ် တွေနဲ့ လှုံ့ဆော်တေးတွေကို အချိန်နဲ့တစ်ပြေးညီ လွှင့်တင် ပေးနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်

ရွေးကောက်ပွဲရလဒ်တွေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ဖို့အတွက် သီးခြားသတင်းတစ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး UEC မှာ တွဲဖက်တာဝန်ပေးခဲ့သလို တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ရေးယာဉ် (DSNG Van)တစ်စီး ကိုပါ အသင့်ပို့ဆောင်ထားပြီး စီစဉ်ဆောင်ရွက်ခဲ့တာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အတည်ပြုထုတ်ပြန်ချက်တွေကိုလည်း နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီမှစပြီး နာရီစဉ်တိုင်း နေ့စဉ်ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ရာမှာ UEC ရဲ့ ထုတ်ပြန်ချက် မူရင်း အတိုင်း ထုတ်ပြန်ပေးမှုအပြင် ပြည်သူတွေ လွယ်ကူ ရှင်းလင်းစွာ သိရှိနားလည်ဖို့ ရည်ရွယ်ပြီး ဇယား၊ Graphic Design မျိုးစုံနဲ့လည်း ရေးဆွဲပြီး ကြိုးစားတင်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ခြင်းဆိုင်ရာ တွေ့ဆုံပွဲ ကိုလည်း တိုက်ရိုက်ရိုက်ကူးပြီး (Live)ထုတ်လွှင့်တင်ဆက် ပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ရွေးကောက် ပွဲကြီး အောင်မြင်စွာကျင်းပနိုင်မှုနဲ့ပတ်သက်တဲ့ တွေ့ဆုံ မေးမြန်းမှုအစီအစဉ်ကိုလည်း နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီမှာ ယခုလို ထုတ်လွှင့်တင်ဆက်နိုင်ခဲ့ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ တစ်ပတ် အတွင်း ဆန္ဒမဲရလဒ်များ ထုတ်ပြန်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှုနဲ့အတူ ထုတ်ပြန်ချက် စုစုပေါင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအထိ နာရီစဉ်တိုင်း တိကျခိုင်မာစွာနဲ့ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနိုင် ခဲ့ပါတယ်။

မဏ္ဍိုင်ကြီး (၃)ရပ်

နိုင်ငံတော်တည်ဆောက်ရေးမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဖြစ်တဲ့ မဏ္ဍိုင်ကြီး (၃)ရပ် တို့ဟာ အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်ကြရ တာပါ။ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ ကြီးကတစ်ဆင့် ပြည်သူတွေက ရွေးချယ်ပေးခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံအတွက် အရေးကြီးတဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီးကို ရွေးကောက်ပွဲအကြိုကာလမှသည် ရွေးကောက်ပွဲကျင်းပချိန်နဲ့ ရွေးကောက်ပွဲ ပြီးစီးချိန်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းအချက်အလက် များနဲ့အတူ အသိပညာပေးအစီအစဉ်တွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ပြည်သူ့အတွက် ဂုဏ်ယူစွာ တင်ဆက် ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)အနေဖြင့် မူလတာဝန်များက မပြီးဆုံးသေးပါ။ MRTV ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတွေကို ဆက်လက် ထိန်းသိမ်းရင်း ပြည်သူအတွက် အလုပ်အကျွေးပြုနေဆဲ၊ ဝန်ဆောင်မှုပေးနေဆဲ၊ ရှေ့သို့ချီတက်ဆဲပါ။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အောင်မြင်စွာ ပြီးစီးခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးနဲ့အတူ မွန်မြတ်တဲ့ ကမ္ပည်းမှတ်တိုင်တစ်ခုကို မော်ကွန်းတင်ရေးထိုး စိုက်ထူ လိုက်နိုင်ပါပြီ။ ။