အယ်ဒီတာ့အာဘော်
============
စီးပွားရေး ပြန်လည်ဦးမော့အောင်ကြိုးပမ်း
=========================
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုတွင် စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်တန့်နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာကြသည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ ပါဝင်ခဲ့သည်။
ထိုသို့ စီးပွားရေးလုပ်ငန်းများ ရပ်တန့်တုံ့ဆိုင်းသွားသောကြောင့် လုပ်ငန်းရှင်များသာမက နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ၌ပါ ထိခိုက်နစ်နာမှု ရှိပြီး လတ်တလောတွင် ၎င်းလုပ်ငန်းများအပေါ် မှီခိုလုပ်ကိုင်အားထား နေသော လုပ်သားများနှင့် မိသားစုများ အခက်အခဲများနှင့် ကြုံတွေ့ကြရသည်။ ယင်းအခြေအနေကို ကုစားပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမခံရမီ ယခုနှစ်ဆန်းပိုင်း ကတည်း က ရေတို၊ ရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်နေသည်ကို တွေ့ရသည်။
လတ်တလောတွင် ကိုဗစ်-၁၉ ကြောင့် ဖော်ပြပါ ထိခိုက်နစ်နာသွားသော လုပ်ငန်းများအား ကိုဗစ်-၁၉ ချေးငွေရန်ပုံငွေဖြင့် လုပ်ငန်းများကို ဦးစား ပေးကာ အသုတ်လိုက်ထုတ်ချေးပေးလျက်ရှိပြီး ရေရှည်အတွက်လည်း လိုက်နာ ဆောင်ရွက်လုပ်ကိုင်ရမည့်အစီအမံများကို စတင်အကောင်အထည်ဖော်ခွင့် ပေးနေပြီဖြစ်သည်။ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာရေး ဆောင်ရွက် ရာတွင် စီးပွားရေးအခြေခံတည်ဆောက်မှုဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်း သည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းမှ ငွေကြေးလည်ပတ် စီးဆင်းမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အမြောက်အမြားရရှိမည် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကဏ္ဍ အလိုက်လုပ်ကိုင်နေကြသော ကျွမ်းကျင်သူနှင့် လုပ်သားအမျိုးမျိုးဦးရေမှာ ၂၀၁၈ ခုနှစ် စာရင်းအရ ၁ ဒသမ ၃၇ သန်းရှိပြီး အများစုမှာ အခြေခံ အလုပ် သမားများဖြစ်ကြသည်။ ကိုဗစ်-၁၉ ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှ ရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင်ဝင်ရောက်ရေး အခက်အခဲဖြစ်ခဲ့သည်။ နိုင်ငံတော်က ဆောက်လုပ်ရေးလုပ်ငန်းများ ရှင်သန်နိုင်ရန် ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ကျန်းမာရေးစည်းကမ်းနှင့်အညီ လုပ်ငန်းများပြန်လည် စတင်ရန် ကိုဗစ်-၁၉ ရောဂါ အခြေအနေအပေါ်မူတည်ကာ အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။
ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သော လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးချက်ပုံစံ ၁၈ ချက်တွင် မိမိတို့ လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေရှိသည့်အချက်များကို လိုက်နာဆောင်ရွက်ထားပါက ဆောက်လုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။ တုံ့ဆိုင်းသွားသော လုပ်ငန်းများတွင် ဆောက်လုပ်ရေးလုပ်ငန်းများသည် အဓိကထိခိုက်မှုများရှိခဲ့ပြီး လုပ်ငန်းများ အမြန်ပြန်လည်စတင်လုပ်ကိုင်နိုင်အောင် သတ်မှတ်စည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်သွားနိုင်ပြီ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး စီးပွားရေးကဏ္ဍ၏ ၇၀ ရာခိုင်နှုန်းခန့် နေရာယူထားရာ အခြေခံ ကျသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာအောင် ကြိုးပမ်း အားထုတ်ရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ အများဆုံးရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်ရှိသည့်အနက် လုပ်ငန်း ၁၀၀ ကျော်ကို ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပြီးဖြစ်သည်။ ကျန်ရှိသောလုပ်ငန်းများလည်း ပြန်လည်လုပ်ကိုင် နိုင်ရန်အတွက် ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ လုပ်ငန်းခွင်များ ပြန်လည်လည်ပတ်နိုင်မှသာ နိုင်ငံ၏စီးပွားရေး၊ လုပ်ငန်းရှင် များ၏ စီးပွားရေးအတွက်သာမက ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အမှုထမ်းများ၊ ကျွမ်းကျင်သူများ၊ အလုပ်သမားများ အလုပ်အကိုင်များ ပြန်လည်လုပ်ကိုင်နိုင်ပြီး လူမှုစီးပွားဘဝများ အဆင်ပြေ လာမည် ဖြစ်သည်။
ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြောက်အမြား ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ဆောက်လုပ်ရေး ကဏ္ဍမှ အလုပ်အကိုင်အခွင့်အရေး အမြန်ဆုံးနှင့် အများဆုံး ဖန်တီးပေးနိုင် သည်ကို တွေ့ရမည်ဖြစ်သည်။ ယခုအခါ အိမ်ရာစီမံကိန်းများကို ပြန်လည် စတင်လုပ်ကိုင်နေပြီး မကြာမီကာလတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများလည်း ပြန်လည်အသက်ဝင်လှုပ်ရှားလာတော့မည် ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကာလကြောင့် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့နေရရာ ယင်းကို စိတ်ပျက် အားလျော့ခြင်းမပြုဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောက်လုပ်ရေးကဏ္ဍအပါအဝင် အခြားကဏ္ဍများ၌ မူဝါဒများ ပြန်လည်တည့်မတ်ခြင်း၊ ဖြေလျှော့ခြင်း၊ ထုတ်ပြန်ထားသော ဥပဒေ၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာမည်ဖြစ်ပါကြောင်း။ ။