တိုက်စစ်ကစားသမား ဆာလာ လီဗာပူးအသင်း၌ သက်တမ်းတိုးစာချုပ်ချုပ်ဆို

 

တိုက်စစ်ကစားသမား   ဆာလာသည်   လီဗာပူးအသင်း၌  သုံးနှစ် သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်း များတွင် ဖော်ပြထားသည်။ အသက် ၃၀ အရွယ် ဆာလာသည် အဆိုပါ  သက်တမ်းတိုးစာချုပ်တွင်  တစ်ပတ်လုပ်ခ  ပေါင် ၃၅၀၀၀၀ ရရှိမည် ဖြစ်သောကြောင့် အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာ အများဆုံး ပေးချေရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။ 

 


အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည်  ယခင်ချုပ်ဆိုထားသော စာချုပ်သက်တမ်းတွင် တစ်နှစ်ကျန်ရှိ နေသေးသော်လည်း အန်းဖီးလ် တွင်မှ  ထွက်ခွာရန်  ကောလာဟလသတင်းများ ကျယ်ကျယ်ပြန့်ပြန့်  ထွက်ပေါ်နေသည့်အတွက်      လီဗာပူးအသင်းအနေဖြင့်    ထိုကဲ့သို့ သက်တမ်းတိုး  စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ ၎င်း၏ အသင်းဖော် မာနေးသည် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းထံသို့  ပြောင်းရွှေ့သွားပြီဖြစ်သည်။ သို့သော်လည်း လီဗာပူး အသင်းသည် အစားထိုးခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းမှ ဥရုဂွေး   တိုက်စစ်ကစားသမား  နူနက်ဇ်ကို    ကနဦးပြောင်းရွှေ့ကြေး    ပေါင်  ၆၄  သန်းဖြင့် ခေါ်ယူထားသည်။ 

 


ဆာလာသည်  စီးရီးအေကလပ်   ရိုးမားအသင်းမှ   လီဗာပူးအသင်းသို့    ပြောင်းရွှေ့ရောက်ရှိလာပြီးနောက်  အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၅၄ ပွဲ ပါဝင်ကစားထားပြီး ၁၅၆ ဂိုး သွင်းယူပေးထားသည်။  

             
အောင်ဇော်