
ရန်ကုန် ဇူလိုင် ၃
အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ကို ဇူလိုင် ၄ ရက်(ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
အုပ်စုပွဲများကို ဇူလိုင် ၂ ရက်မှစ၍ နေ့စဉ်ကျင်းပလျက်ရှိပြီး ဇူလိုင် ၃ ရက်တွင် အုပ်စု (ခ) ပွဲစဉ်များ ကျင်းပပြီးနောက် ဇူလိုင် ၄ ရက်တွင် အုပ်စု (က)ပွဲစဉ်များ ပြုလုပ်မည်ဖြစ်သည်။
အုပ်စု(က) ဒုတိယနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ် နှင့် ဖိလစ်ပိုင်၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် မြန်မာနှင့် ထိုင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အင်ဒိုနီးရှားနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဇူလိုင် ၂ ရက်က ကျင်းပသည့် ပထမနေ့တွင် မြန်မာက ဘရူနိုင်းကို ခုနစ်ဂိုးပြတ်၊ ထိုင်းက ဖိလစ်ပိုင်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ဂိုးမရှိ သရေကျ ခဲ့သည်။ အုပ်စုကျပ်အတွင်း ကျရောက်နေသည့် မြန်မာအသင်းအနေဖြင့် အသင်းကြီးများနှင့် ထိပ်တိုက်တွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေပြီး ထိုင်းနှင့်ပွဲမှာ ပထမဆုံးစမ်းသပ်မှုဖြစ်လာမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲတွင် ဘရူနိုင်းကို ခုနစ်ဂိုးပြတ် အနိုင်ရသော်လည်း ပြိုင်ဘက်အသင်းက အားနည်းသဖြင့် ထိုင်းနှင့်ပွဲတွင် ပိုမိုအားထုတ်ရမည်ဖြစ်သည်။ သို့သော် ဘရူနိုင်းထံမှ အနိုင်သုံးမှတ်အပြင် သွင်းဂိုး ခုနစ်ဂိုး လည်း ရရှိခဲ့ရာ ကစားသမားများ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိလာနိုင်သည်။
မြန်မာအသင်းသည် ထိုင်းနှင့်ကစားပြီးပါက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်ရာ တစ်ပွဲမှ အမှားခံ၍မရသည့်အနေအထားဖြစ်နေသည်။
ရဲရင့်လွင်