စည်းလုံးညီညွတ်သည့် နိုင်ငံတော်ကြီး

 

ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီအင်ပါယာကြီးများ တစ်ခုပြီး တစ်ခု    လဲပြိုသွားကြခြင်းနှင့်အတူ   တစ်ချိန်က  နယ်ချဲ့တို့၏ လက်အောက်ခံနိုင်ငံများတွင်    အမျိုးသားရေးစိတ်ဓာတ်များ မြင့်မားစွာလွှင့်ထူ၍ လွတ်လပ်သောနိုင်ငံများအဖြစ် ထူထောင် နိုင်ရန်   ရုန်းကန်အုံကြွလာခဲ့ကြသည်။  မြန်မာနိုင်ငံတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း၏  ရိုးသား ‌ဖြောင့်မတ်ပွင့်လင်းစွာ စည်းရုံးဆော်ဩမှုဖြင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှု အမြင့်မားဆုံးတွင် ရှိခဲ့ကာ လွတ်လပ်ရေးကိုရယူရန် အသင့်ရှိနေခဲ့ကြသည်။

 


သို့ရာတွင်  ထိုစဉ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သည်လည်း  ကိုလိုနီလက်အောက်ခံဘဝတွင်  နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခံခဲ့ရမှု၊ မဖြစ်မနေ လွတ်လပ်ရေးပေးရလျှင်ပင် နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာခွဲကာ တစ်ပိုင်းတစ်စ လွတ်လပ်ရေး အဖြစ်ပေးရန် နယ်ချဲ့အစိုးရအရာရှိများနှင့် ကိုယ်ကျိုးရှာနိုင်ငံရေး သမားအချို့၏ ကြိုးပမ်းမှုများကြောင့် တိုင်းရင်းသားခေါင်းဆောင် အချို့မှာ သံသယစိတ်ဖြင့် တွေဝေနေမှုများလည်း ရှိနေခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ လန်ဒန်မြို့ အင်္ဂလိပ် - မြန်မာ ဆွေးနွေးပွဲတွင် နန်းရင်းဝန် မစ္စတာ အက်တလီ၏ ပြောကြားချက် အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်ဆန်းက တုံ့ပြန်ပြောကြားရာတွင် “ကျွန်ုပ်တို့၏ နိုင်ငံအတွင်း၌ သဘော ကွဲလွဲမှုများ မည်ရွေ့မည်မျှပင်ရှိ၍နေစေကာမူ ထိုသဘောကွဲလွဲ ချက်မှာ မပြောပလောက်ရုံသာမက  ကျွန်ုပ်တို့တစ်နိုင်ငံလုံး၏ တစ်သံတည်းသော   တောင်းဆိုချက်မှာ  အနှောင်အဖွဲ့မှ  လုံးဝ ကင်းလွတ်သည့် အချုပ်အခြာအာဏာပိုင် အခွင့်အရေးများပင် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ထိုအခွင့်အရေးများကို အမြန်ဆုံးရယူ လိုသည်သာမက ထိုအခွင့်အရေးများရရှိရေးအတွက် ချက်ချင်း ပြင်ဆင်မှုများပြုလုပ်ရန်   လိုလားကြောင်း၊  ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်သော  မြန်မာပြည်ကြီး   ပြန်လည်ထူထောင် လိုကြောင်းနှင့်  ကျွန်ုပ်တို့သိရသမျှဆိုလျှင်   ကျွန်ုပ်တို့၏ နိုင်ငံ အတွင်းရှိ တိုင်းရင်းသားများအားလုံးကို လွတ်လပ်ရေးပေးပြီး ပြင်ပနိုင်ငံများ၏  ပယောဂမပါဘဲ    တိုင်းရင်းသားအချင်းချင်း လွတ်လပ်စွာတွေ့ဆုံခွင့်ပေးမည်ဆိုပါက  စည်းလုံးညီညွတ်သောနိုင်ငံကြီးအဖြစ်   တည်ထောင်ရန်  အခက်အခဲများရှိလိမ့်မည် မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

 


လွန်ခဲ့သည့်   ၇၅  နှစ်တာကာလက မသမာသူတို့ လက်ချက် ဖြင့်   ကျဆုံးခဲ့ရသည့်    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ   ၎င်း၏ ကြားဖြတ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများအားလုံးတို့မှာ  တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်အဝရှိခဲ့ကြသည့် ပြည်ထောင်စု ဖွား     တိုင်းရင်းသားခေါင်းဆောင်ကြီးများဖြစ်ပြီး  လူမျိုးနှင့် ကိုးကွယ်ရာဘာသာအစုံ ပါဝင်ခဲ့ကြသည်။ မှန်ကန်သော ဦးဆောင် မှု၏နောက်မှ   စည်းလုံးညီညွတ်စွာ  လိုက်ပါခဲ့ကြခြင်းဖြစ်ပြီး အကျိုးဆက်မှာ နိုင်ငံနှင့်လူမျိုးတို့ လုံးဝလွတ်လပ်ရေးကို အရယူ နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

 


လွတ်လပ်ပြီးနောက် နှစ်ပေါင်း ၇၅ နှစ်ခန့် ကြာမြင့်လာခဲ့ သည့် မျက်မှောက်ကာလတွင်မူ မိမိတို့နိုင်ငံသည် ထာဝရငြိမ်းချမ်း ရေးရယူနိုင်ရန်အလို့ငှာ စည်းလုံးညီညွတ်ရေးကို တည်ဆောက် နေရဆဲဖြစ်ပြီး နှစ်ပေါင်းများစွာက စွဲထင်ခဲ့သည့် သံသယများနှင့် ပြင်ပ ပယောဂများကို ရှင်းလင်းနေရဆဲဖြစ်သည်။ နိုင်ငံတစ်ဝန်း တစ်ပြေးညီ  ငြိမ်းချမ်းမှုမရှိခြင်းကြောင့်  ဖွံ့ဖြိုးမှုတို့ မညီမျှကာ ဆူကြုံနိမ့်မြင့် ကွာဟမှုတို့ကြောင့်လည်း “မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊  မဖွံ့ဖြိုး၍ မငြိမ်းချမ်း” သံသရာကို တစ်ပတ်ပြီးတစ်ပတ် လည်စေ ကာ နိုင်ငံနှင့်လူမျိုးတို့ နိမ့်သထက် နိမ့်ကျလာစေသည်။ ငြိမ်းချမ်း ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးတို့ကို   မျိုးဆက်သစ်တို့အတွက် ဆောင်ကြဉ်းနိုင်စေရန်   ခေါင်းဆောင်ကြီးများ   သွေးနှင့်ရင်း၍ တည်ဆောက်ခဲ့သည့် စည်းလုံးညီညွတ်မှုကို တန်ဖိုးထားနိုင်ကြ ပါစေကြောင်း။       ။