ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အမွန်အမြတ်လတစ်လ ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူ ခြင်း၊ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း စသည့်ဗုဒ္ဓဘာသာသမိုင်း၏ ထူးခြားသည့်မှတ်တိုင်ကြီးများမှာ ဝါဆိုလပြည့်နေ့များတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဝါဆိုလဟူသည် ရဟန်းတော်တို့ ဝါဆိုဝါကပ်ခြင်း စတင် ပြုလုပ်ခြင်းကိုအစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် ရဟန်းတို့အား ဝါဆိုဝါကပ်ရန် ပညတ်ခြင်းမရှိသေးခြင်းကြောင့် ရဟန်းတော် တို့မှာ ဥတုသုံးပါးလုံး၌ ဒေသစာရီလှည့်လည်သွားလာကြကုန်၏။ ထိုအခါ ရဟန်းတို့ ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြ၍ စိမ်းလန်းသည့် မြက်ပင်များနှင့် သတ္တဝါငယ်များ သေဆုံးရကြောင်း၊ တိတ္ထိများ၊ ကျေးငှက်များသည်ပင် မိုးလများ၌ မိုးခိုကြကြောင်း ဖြင့် ကဲ့ရဲ့မှုများ ပေါ်ပေါက်လာသည့်အတွက် မြတ်စွာဘုရားက ရဟန်းတို့အား မိုးရာသီတွင် ဝါဆိုဝါကပ်ရန် ပညတ်တော်မူခဲ့ခြင်း ဖြစ်သည်။
ဝါဆိုသင်္ကန်းသည် ရှေးအခါက ဝဿာဝါသိကစီဝရ ခေါ် မိုးရေခံသင်္ကန်းဖြစ်ပြီး ဝါဆိုသင်္ကန်းအလှူသည် မြတ်စွာဘုရားက ခွင့်ပြုတော်မူခဲ့သော ကာလဒါနအလှူလည်းဖြစ်သည်။ ကာလဒါန အလှူဟူသည် အကျိုးအားဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ် သည့်အရာကို အလွယ်တကူ ရရှိနိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် နိဗဒ္ဓ ခေါ် အမြဲမပြတ် ကုသိုလ်ဖြစ်စေသည့် အလှူခုနစ်မျိုးတွင် သရဏဂုံသုံးပါး ဆောက်တည်ခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ စာရေးတံမဲ လှူဒါန်းခြင်း၊ ဆွမ်းဝတ်မပြတ် လှူဒါန်းခြင်း၊ ဝါဆို သင်္ကန်းလှူဒါန်းခြင်း၊ ရေတွင်း ရေကန် လှူဒါန်းခြင်း၊ ကျောင်း၊ အရိပ် အာဝါသ လှူဒါန်းခြင်းဟူ၍ပါရှိရာ ဝါဆိုသင်္ကန်းလှူဒါန်းခြင်း သည် ကာလဒါန အလှူဖြစ်သကဲ့သို့ နိဗဒ္ဓအလှူလည်း ဖြစ်သည်။ ဝါဆိုသင်္ကန်းလှူဒါန်းရာတွင် ဝါဆို ဝါကပ်တော်မူကြသော ဆရာ တော် သံဃာတော် အရှင်သူမြတ်များ သင်္ကန်းအတွက် မကြောင့် မကြရဘဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပရိယတ္တိ၊ ပဋိပတ္တိတို့ကို ကျင့်ကြံအားထုတ်နိုင်ကြပါစေခြင်းအလို့ငှာ စေတနာသုံးတန် ရည်သန်လှူဒါန်းကြခြင်းဖြစ်သည်။
ဝါဆိုသင်္ကန်းအလှူသည် မိုးတွင်းကာလတွင် အပိုလဲလှယ် ဝတ်ရုံအသုံးပြုနိုင်ရန် မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည့် ဝိနည်းနှင့်ညီညွတ်သော သင်္ကန်းအလှူဖြစ်သည့်အလျောက် မွန်မြတ်သည့်အလှူဖြစ်သည်။ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းကြောင့် ဘဝသံသရာတွင်ကျင်လည်သမျှကာလပတ်လုံး အဝတ်အထည် အတွက် ကြောင့်ကြကင်းခြင်း၊ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်ခြင်း၊ ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊ အသားအရေနူးညံ့ ချောမွေ့ခြင်း၊ ခန္ဓာကိုယ်အညစ်အကြေးကင်းစင်ခြင်း၊ အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊ သံသရာ၌ ဘုရားရှင် တို့နှင့် တွေ့ကြုံဖူးမြော်ခွင့်ရခဲ့သည်ရှိသော် ဘုရားရှင်က ဧဟိဘိက္ခူ ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်းဟူသော အကျိုး တရား ခုနစ်ပါးကို ရရှိနိုင်သည်။
သင်္ကန်းကိုလှူဒါန်းခြင်းကြောင့် ရဟန်းတော်များ သင်္ကန်း အတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်အလုပ်တို့ကို ချမ်းသာစွာ ဆောင်ရွက်နိုင်ခြင်း၊ အရှက်ကိုကာကွယ်ခြင်း၊ အချမ်းအပူ နေဒဏ် လေဒဏ်နှင့် ခြင်၊ ယင်၊ မှက်ပိုးမွှားတို့မှ ကာကွယ်ခြင်းဟူသော လက်ငင်းအကျိုးတရားတို့ကို ရရှိခံစားကြရခြင်းဖြစ်သည့် အလျောက် ဝါဆိုသင်္ကန်းလှူဒါန်းကြသည့် အလှူရှင်၊ ကုသိုလ်ရှင် တို့မှာလည်း ကာလဒါနကုသိုလ်အကျိုး၊ နိဗဒ္ဓကုသိုလ်အကျိုးတို့ မလွဲမသွေ ရရှိနိုင်ကြမည်ဖြစ်ပါကြောင်း။ ။