
ရန်ကုန် ဇူလိုင် ၇
၂၀၂၂ အာဆီယံယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ဇူလိုင် ၈ ရက် (ယနေ့) တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးပါသည့်ပွဲအဖြစ် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဇူလိုင် ၆ ရက်ပွဲစဉ်များအပြီးတွင် ဗီယက်နမ်နှင့် ထိုင်းအသင်း က ခုနစ်မှတ်စီ၊ မြန်မာအသင်းက ခြောက်မှတ်၊ အိမ်ရှင်အင်ဒိုနီးရှား အသင်းက ငါးမှတ်ရထား၍ ဆီမီးဖိုင်နယ် တက်ရောက်ရေး ယင်းလေးသင်းသာ အခွင့်အရေးရှိပြီး သုံးပွဲစလုံး ရှုံးထားသည့် ဖိလစ်ပိုင်နှင့် ဘရူနိုင်းအသင်းတို့မှာ နှစ်ပွဲကစားရန် ကျန်သေးသော် လည်း အခွင့်အရေး မရှိတော့ပေ။
မြန်မာအသင်းသည် ကစားပြီးသည့် အုပ်စုသုံးပွဲ၌ ဘရူနိုင်းအသင်း ကို ခုနစ်ဂိုးပြတ်၊ ဖိလစ်ပိုင်အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရကာ ထိုင်းအသင်းကို သုံးဂိုးပြတ် အရေးနိမ့်ထားသည်။ မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် လက်ကျန်နှစ်ပွဲစလုံး အရေးပါ နေသော်လည်း ယနေ့ကစားမည့် ဗီယက်နမ်နှင့်ပွဲတွင် အနိမ့်ဆုံး သရေ တစ်မှတ်ရယူနိုင်မှသာ အင်ဒိုနီးရှာနှင့် နောက်ဆုံးပွဲမှာ ဆက်လက် အရေးပါမည်ဖြစ်သည်။
ခုနစ်မှတ်ရထားသည့် ထိုင်းအသင်းသည် ဘရူနိုင်းနှင့် တွေ့ဆုံ နေရာ အနိုင်ရရန် သေချာသလောက်ရှိနေသဖြင့် မြန်မာအသင်းအနေဖြင့် ဗီယက်နမ် အသင်းထံမှ အမှတ်ရယူနိုင်မှသာ ဆီမီးဖိုင်နယ်တက်ရောက်ရန် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ အကယ်၍ မြန်မာအသင်း အနေဖြင့် ဗီယက်နမ်ကို ရှုံးနိမ့်သည့်အပြင် ထိုင်းအသင်းလည်း အနိုင်ရပါက မြန်မာအသင်းသည် ဆီမီးတက်ခွင့် ဆုံးရှုံးမည်ဖြစ် သည်။
အုပ်စု (က) စတုတ္ထနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနှင့် ဗီယက်နမ်၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ တွင် ထိုင်းနှင့် ဘရူနိုင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် အိမ်ရှင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်