လူဦးရေသန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့

 

လူဖြစ်လာသည့်အခါ လူ့ကိစ္စတို့က များလှစွာသည်။ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်ဟု မြန်မာတွင် ဆိုရိုးရှိသည်။ ကမ္ဘာ နှင့်ချီ၍  တိုးလာသည့်  လူဦးရေနှင့်အတူ ပေါ်ထွက်လာသည့် လူရေးလူရာ ပြဿနာများကို လူအများဂရုစိုက်အာရုံပြုလာစေရန် အတွက် ကုလသမဂ္ဂက နှစ်စဉ်ဇူလိုင်လ ၁၁ ရက်နေ့ကို “ကမ္ဘာ့ လူဦးရေနေ့”အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။

 


ကမ္ဘာ့လူဦးရေသည်  ၁၉၀၀ ပြည့်နှစ်က သန်းပေါင်း ၁၅၀၀ ခန့်ရှိခဲ့ရာမှ နှစ်ပေါင်း ၆၀ ကြာသည့်အခါ နှစ်ဆတိုး၍ သန်းပေါင်း ၃၀၀၀ သို့  ရောက်ရှိခဲ့သည်။  နောက်ထပ်နှစ်ပေါင်း ၄၀ ကြာ ပြီးသည့် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်တွင်မူ သန်းပေါင်း ၆၀၀၀ သို့ ရောက်ရှိလာပြီး    မျက်မှောက်ကာလတွင်မူ   ကမ္ဘာမြေပေါ်၌ လူသားဦးရေ သန်းပေါင်း ၈၀၀၀ တို့ ရှင်သန်နေထိုင်လျက်ရှိကြ သည်။  လက်ရှိလူဦးရေ  တိုးနှုန်းဖြင့်ဆိုလျှင်   ခရစ်နှစ် ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူသားဦးရေ သန်းပေါင်း ၁၁၂၀၀ သို့ ရောက်ရှိသွားမည်ဖြစ်သည်။

 


နေစကြာဝဠာတစ်နေရာမှ ကြည့်လျှင် သေးငယ်လှပသော ဂြိုဟ်ပြာကလေးတစ်ခုအဖြစ် တွေ့မြင်ရသည့် ဤမြေကမ္ဘာပေါ် တွင်   အတူတကွရှင်သန်နေထိုင်ကြသည့်    လူသားတို့အကြား အခွင့်အရေး၊ အခွင့်အလမ်းတို့ တန်းတူညီညွတ်မျှတစွာ ဖြစ်တည် မနေ။ ပစ္စက္ခကာလ၌ပင်လျှင် ကမ္ဘာ့အချို့နေရာတွင် မိုးခေါင်၍၊ အချို့ဒေသများတွင်  မိုးများ၍၊  အချို့ငလျင်လှုပ်၍   စသည်ဖြင့် သဘာဝဘေးအန္တရာယ်များကို ခံစားနေကြရသလို အချို့လည်း စစ်မက်ဘေးကြောင့် အသက် အိုးအိမ်စည်းစိမ်တို့ ပျက်စီးဆုံးရှုံးမှု များ ကြုံတွေ့နေကြရသည်။ ထို့အပြင် အချို့သော လူ့အဖွဲ့အစည်း များတွင်လည်း   မိန်းမဖြစ်ခြင်းကြောင့်၊   မည်သည့်မျိုးနွယ်မှ ဖြစ်ခြင်းကြောင့်၊ မည်သည့်ဇာတ်မှ ဖြစ်ခြင်းကြောင့်၊ မည်သည့် ဘာသာကို  ကိုးကွယ်ခြင်းကြောင့်၊  ယောကျာ်းလျာ  မိန်းမလျာ ဖြစ်ခြင်းကြောင့်၊  မသန်စွမ်းသူဖြစ်ခြင်းကြောင့်၊  အခြားနိုင်ငံမှ လာသူဖြစ်ခြင်းကြောင့်     စသည့်အကြောင်းအမျိုးမျိုးတို့ကို အခြေခံကာ ခွဲခြားဆက်ဆံမှု၊  နှောင့်ယှက်မှု၊   အကြမ်းဖက်မှုတို့ ကျူးလွန်လျက်ရှိကြရာ လူဦးရေတိုးသည်ထက်  တိုးလာသည်နှင့် အမျှ ကျားမ မညီမျှမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ  ပိုမို တိုးပွားလာဖွယ်ရာရှိသည်။

 


ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ ဆောင်ပုဒ်မှာ “လူဦးရေ သန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ-ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့၊ အားလုံးအတွက် အခွင့်အလမ်းများ ရယူလို့၊ ရပိုင်ခွင့်နှင့် ရွေးချယ် ပိုင်ခွင့်များ ပံ့ပိုးကြပါစို့”    “A  World  of  8 Billion:  Towards   a resilient future for all - Harnessing Opportunities and ensuring rights and choices for all”ဟူ၍ ဖြစ်သည်။ ကမ္ဘာ့ လူဦးရေသည် တိုးသည်ထက်တိုးနေမည်သာဖြစ်ရာ လူသားတို့၏ အနာဂတ်သည် လူတိုင်းအတွက် အခွင့်အလမ်းများရရှိနိုင်ရန် လိုအပ်သကဲ့သို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များလည်း လူတိုင်း ရရှိနိုင်ရမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံသည်လည်း လူဦးရေတိုးနှုန်းအနေဖြင့် ကျဆင်း နေစေကာမူ လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးလာလျက် ရှိနေသည်။   နိုင်ငံ၏  တိုးတက်လာသော   လူဦးရေကို    နိုင်ငံ အတွက်  တန်ဖိုးမြင့်သော  လူသားအရင်းအမြစ်ဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး   ထိရောက်စွာ   အသုံးချခြင်းဖြင့်    နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို   အထောက်အကူပြုမည်ဖြစ်သည်။   နိုင်ငံဖွံ့ဖြိုး တိုးတက်သည်နှင့်အမျှ    လူတိုင်းအတွက်   အခွင့်အလမ်းများ၊ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ တိုးတက်ရရှိရေး၊ ဆောင်ကြဉ်း ပေးနိုင်မည်ဟု ရှုမြင်ပါကြောင်း။         ။