ရှေ့သို့လှမ်းရမည့် ခြေလှမ်းများ

 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ အရှိန်မသေ သေးသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး ထိခိုက်ခံစားကြရသည်။ အထူးသဖြင့် ကိုဗစ် - ၁၉ ကြောင့် ကမ္ဘာ့ စီးပွားရေးသည် လေးလံတုံ့ဆိုင်းကျဆင်းခဲ့ရာတွင် နိုင်ငံများစွာ တို့လည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို စီးပွားရေးနှင့်ဆက်နွှယ်၍ နိုင်ငံရေး၊   လူမှုရေးတို့တွင်လည်း   ရိုက်ခတ်မှုများ   ရှိခဲ့သည်။ သည်ကြားထဲတွင် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပေါ်လာသောအခါ ယင်းနှင့်ဆက်နွှယ်၍ ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာပြဿနာ၊ လောင်စာစွမ်းအင်ပြဿနာတို့ကလည်း   ကမ္ဘာတစ်ခွင်လုံးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ အထိနာစေခဲ့ရာ ကပ်ရောဂါ နှင့် စစ်ပွဲဆိုင်ရာပြဿနာတို့က သီရိလင်္ကာကဲ့သို့သော အားနည်း သည့်ဓာတ်ခံရှိနေသည့် နိုင်ငံမျိုးကို အဆိုးရွားဆုံးအခြေအနေဆီ သို့ ကျရောက်သွားစေခဲ့သည်။

 


စင်စစ်အားဖြင့်ဆိုရလျှင် မိမိတို့နိုင်ငံသည်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့မှ ထွက်ပေါ်လာသည့် ရိုက်ခတ်မှုများနှင့် လွတ်ကင်းမှုမရှိခဲ့ပါ။ ထိုထက်ပို၍ဆိုးသည်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြု၍ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကိုပါ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ သည်  မြန်မာနိုင်ငံအတွင်း  ကောင်းစွာထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့  ရောက်ရှိနေပြီဖြစ်ပြီး  စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ စက်သုံး ဆီကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည့်အတွက် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို နိုင်ငံတကာနည်းတူ ခံစားရပြီး ဆက်စပ်လျက် အထွေထွေကုန်ဈေးနှုန်းများမြင့်တက်လာမှုကို ရင်ဆိုင်နေရသည်။

 


မျက်မှောက်ကာလ  ကမ္ဘာ့အခြေအနေ၊  မြန်မာ့အခြေအနေ တို့ကို  ဒုတိယကမ္ဘာစစ်ပြီး   မြန်မာ့လွတ်လပ်ရေးအကြိုကာလနှင့် ထင်ဟပ်ကြည့်နိုင်သည်။ ထိုစဉ်က ကမ္ဘာစစ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသည်များကို  ပြန်လည်ထူထောင်ရန်နှင့်   နိုင်ငံလွတ်လပ်ရေး အရယူရန်  တစ်မျိုးသားလုံးကြိုးပမ်းကြရေးအတွက်  ဗိုလ်ချုပ် အောင်ဆန်းက တိုက်တွန်းနှိုးဆော်ရာတွင် အလုပ်လုပ်ကြရေးနှင့် ညီညွတ်ရေးတို့အတွက် အထူးတလည် ဆော်ဩခဲ့သည်။

 


“ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီး တော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင်၊ တခြားလွတ်လပ်တဲ့နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလိုလိုက်နိုင်တဲ့အခါကျမှ နောင် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူညီတူဖြစ်သွားမယ်”


“တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ    လွတ်လပ်ပင်    လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်(----) တိုင်းပြည်ဖြစ် နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့၊ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါ စေနဲ့၊ အဲဒါ အင်မတန်အရေးကြီးပါတယ်”  ဟူ၍  ပြောကြားခဲ့ရာ အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း၏   အဆိုအမိန့် များသည်  ပစ္စက္ခအခြေအနေများနှင့် ကိုက်ညီနေဆဲ၊  မျက်မှောက် ကာလအထိ     လိုက်ပါဆောင်ရွက်    အကောင်အထည်ဖော်ရန်      လိုအပ်နေဆဲ ဖြစ်ပါကြောင်း။            ။