ယနေ့ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ ဦးတည်မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရန်ဖြစ်သည်။ ဖက်ဒရယ်ဟူသည် နိုင်ငံပြိုကွဲခြင်း၏အစ၊ နိုင်ငံလဲပြိုကျသွားရန် အတွက် အက်ကြောင်းအဖြစ် အနက်ကောက်ခဲ့ကြရာမှ ဖက်ဒရယ်ဟူသည် တန်းတူရည်တူ၊ စိတ်တူကိုယ်တူ ပေါင်းစည်း ညီညွတ်ခြင်းအဖြစ် ရှုမြင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးစုံတို့ အတူတကွနေထိုင်ရာ နိုင်ငံတော်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် မျှော်မှန်းလာခြင်း လည်းဖြစ်သည်။ မတူကွဲပြားသည့် လူမျိုးစုများ၊ မျိုးနွယ်စုများ အတူပေါင်းစည်းနေထိုင်ရာတွင် အပြန်အလှန် ရင်းနှီးချစ်ခင်မှု၊ နားလည်စာနာမှု၊ သွေးရင်းသားရင်းမိသားစုများအဖြစ် သဘော ထားမှုတို့ စသည့်သွေးစည်းညီညွတ်မှု စိတ်ဓာတ်များ ရှင်သန် ထွန်းကားနေရန် အထူးလိုအပ်သည်။
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ချစ်ခင်လေးစားမှုနှင့် အပြန်အလှန် ယုံကြည်ကိုးစားမှုများမှာ လွန်စွာအတုယူဖွယ်၊ ကြည်နူးဖွယ် ဖြစ်သည်ကို ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရပြီးနောက် ဝမ်းနည်းကြေကွဲကြောင်း အထိမ်းအမှတ် အဖြစ် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြားခဲ့သည့် မှတ်ချက်များတွင် တွေ့ရသည်။ “ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လ ဥဿဟကြောင့်ပင်လျှင် မြန်မာနိုင်ငံတွင် ကြုံကြိုက်ခဲလှစွာသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ညီညွတ်မှုကို ယခုရရှိလျက်ရှိပါ သည်။ အထူးသဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ အားအကိုး ကြီးကိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသဖြင့် နယ်စပ် ဒေသ တိုင်းရင်းသားများဟာ ယူကျုံးမရ တွေးမိတိုင်း ဆွေးမြည့် ရသည့်အခြေသို့ ရောက်ရပါတော့သည်” ဟု ညောင်ရွှေစော်ဘွား ကြီးက တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပြောကြားခဲ့သလို ကရင် အမျိုးသားခေါင်းဆောင် စောစံဘိုးသင်က “ဗိုလ်ချုပ်ဟာ ရန်သူကို ဘယ်လိုမိတ်ဆွေဖြစ်အောင် ပြန်လုပ်တတ်သလဲဆိုတာ အင်မတန် ထူးကဲတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ . . . သူ(ဗိုလ်ချုပ်)က ကျွန်တော်ကိုမေးတယ်၊ အဲသည်စစ်ကြီး ပြီးတဲ့အခါမယ် ဘယ်အုပ်ချုပ်ရေးတည်တံ့မလဲလို့ သူမေးတယ်။ ကျွန်တော်က ပြောတယ်၊ မေတ္တာပေါ်မှာတည်ဆောက်တဲ့ အုပ်ချုပ်ရေးဟာ တည်လိမ့်မယ်”ဟူ၍ပြောကြားကာ “မြန်မာပြည်ကို အုပ်စိုးနိုင်မည့် အစိုးရဟာ ဗုဒ္ဓရာဇာစိတ်သဘောပါဝင်တဲ့ လူများမှသာလျှင် အုပ်စိုးနိုင်တယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ ဆမားဒူဝါ ဆင်ဝါနောင်က “ဗိုလ်ချုပ်၏ မြန်မာပြည်လွတ်လပ်ရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်ကိုယ်တိုင် ဆောင်ရွက်စဉ်က ဗိုလ်ချုပ် စေတနာရှိသလို၊ သတ္တိရှိသလို၊ မြန်မာပြည်၏ ကောင်းကျိုး ချမ်းသာကို ဆက်လက်ဆောင်ရွက်နိုင်မှ ဗိုလ်ချုပ်တို့အား ကျေးဇူးဆပ်ရာရောက်မည်”ဟု ထည့်သွင်းပြောကြားခဲ့သည့် အပြင် “ရှေးရာဇဝင်အရ၊ တကယ်အဖြစ်အမှန်အရဆိုလျှင်လည်း ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသားအားလုံး၊ မြန်မာပြည်ရှိ လူအားလုံး ဟာ တစ်အိမ်သားများသာဖြစ်တဲ့အတိုင်း မူလအခြေမှန်ကို ရောက်အောင် ဗိုလ်ချုပ်ပေါင်းစည်းထားခဲ့ပေတယ်”ဟူ၍ လည်း ပြောကြားခဲ့သည်။
ထိုစဉ်က မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သွေးစည်းညီညွတ်မှုနှင့် ပေါင်းစည်းမှုစိတ်ဓာတ်များသည် မိမိတို့ ခေတ်၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးနှင့် တိုင်းရင်းသားများအားလုံး ရာသက်ပန်အတူတကွ ပေါင်းစည်းနေထိုင်ရေးအတွက် ဆက်လက်အမွေခံယူရမည့် အမွေအနှစ်များပင်ဖြစ်ပါကြောင်း။ ။