ဒီမိုကရေစီနိုင်ငံများသည် ပြည်သူလူထုထောက်ခံအားပေးမှုအပေါ် မူတည်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်သည့် စနစ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအစိုးရဟူသည် တိုင်းပြည်တစ်ခု၏ နိုင်ငံသားများကို ကိုယ်စား ပြု၏။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံတစ်ခုနှင့်တစ်ခု နိုင်ငံရေးရာ ဖြစ်စေ၊ စီးပွားရေးမူဝါဒများဖြစ်စေ၊ ဆက်ဆံဆွေးနွေးနေ ခြင်းသည် နိုင်ငံသားများကို ကိုယ်စားပြု ဆက်ဆံခြင်းဖြစ်ပါသည်။
ခေတ်သစ် မြန်မာနိုင်ငံ၏ သံတမန်ရေးနှင့်စပ်ဆိုင်သော ပြည်ပ ရေးရာဌာန (Department of External Affairs) သည် ၁၉၄၇ ခုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းက စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး၊ ကိုလိုနီ လက်အောက်က လုံး၀လွတ်မြောက်ရေးတို့အတွက် အပြီးသတ် တိုက်ပွဲ ဝင်နေသည့်ကာလ ဖြစ်ပါသည်။ ထိုစဉ်ကတည်းက မြန်မာနိုင်ငံသည် ကိုယ်တိုင်လွတ်လပ်ရေးအတွက် ရုန်းကန်နေကြရင်း အခြားသော ကိုလိုနီနိုင်ငံများ၏ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေး တိုက်ပွဲများကို အပြည့်အဝထောက်ခံအားပေးခဲ့သည့်မူဖြင့် ရပ်တည်ခဲ့သည်။ နိုင်ငံရေးအရ လွန်စွာပြတ်သား၍ အဆင့်အတန်းမြင့်သော နိုင်ငံခြားရေးရာ မူဝါဒဟု ဆိုရပါမည်။ လွတ်လပ်ရေးမရမီကပင် မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းစဉ် ဖြစ်သည့် လုံးဝလွတ်လပ်ရေးနှင့်အတူ နိုင်ငံတကာနှင့် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရေး၊ ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့် နိုင်ငံတကာ ဆက်ဆံရေးမူဝါဒဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအချို့ စစ်အင်အားကို အဆမတန်ကြီးမားသည်ထက် ကြီးမားအောင် အပြိုင်အဆိုင် တိုးချဲ့နေသည့်အချိန်တွင် မြန်မာနိုင်ငံသည် မည်သည့် စစ်အင်အားကြီးနိုင်ငံနှင့်မှ စစ်အခြေခံ ဒေသများထားရှိရေး ၌ မပါဝင်၊ ကင်းကင်းရှင်းရှင်း ရပ်တည်နေခဲ့သည်။ စစ်အင်အားသာမက နိုင်ငံရေး သဘောတရားရေးအရ ပြိုင်ဆိုင်နေကြသည့် ပဋိပက္ခများထဲတွင် ဘက်မလိုက်မူဝါဒ၊ ကြားနေရေးမူဝါဒ တစ်နည်းအားဖြင့်ဆိုရလျှင် အပြုသဘောဆောင်သော ကြားနေရေးမူဝါဒဖြင့် နေခဲ့သည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုသည်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ရပ်တည်ခဲ့ ခြင်းဖြင့် နိုင်ငံသည် ကိုယ်ပိုင်လက္ခဏာ၊ ကိုယ်ပိုင်ဂုဏ်သိက္ခာဖြင့် ရပ်တည်ခဲ့သည်။
အထူးသဖြင့်မူ ပထဝီအနေအထားအရ ကြီးမားလှသော နိုင်ငံကြီး နှစ်ခုကြားတွင် တည်ရှိနေသော်လည်း သီးခြားသွင်ပြင်လက္ခဏာ ရှိသော ကိုယ်ပိုင်ယဉ်ကျေးမှု အမူဓလေ့ကအစ ထိန်းသိမ်းထားနိုင် ခဲ့သည်။
ချစ်ကြည်ရေးမပျက်ဘဲ အမှီအခိုလည်းကင်း၊ နိုင်ငံကြီးတို့၏ လွှမ်းမိုးဩဇာသက်ရောက်မှုမှန်သမျှနှင့်လည်း ကင်းရှင်းစွာ အပြုသဘော ဆောင်သော ကြားနေရေးမူဝါဒဖြင့် ရပ်တည်ခဲ့ခြင်းက နိုင်ငံတကာရင်ပြင် တွင် မြန်မာနိုင်ငံ၏ အနေအထိုင်သည် အဆင့်အတန်းမြင့်မြင့် သိက္ခာ ရှိရှိနေနိုင်ခဲ့ခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
ထိုကဲ့သို့သော ဂုဏ်သိက္ခာရှိမှု၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံတကာဆက်ဆံရေးအရ တည်တည်ကြည်ကြည် တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ရေးကို ယခုအခါ ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းနေကြပါ သည်။ နိုင်ငံတကာနယ်ပယ်တွင် နိုင်ငံရေးအရ လေးစားခန့်ညားမှု ရရှိရန် အရေးကြီးသကဲ့သို့၊ စီးပွားရေးအရ ဆက်ဆံရာတွင် အနှိမ်မခံရရေး၊ နှစ်နိုင်ငံကြား အကျိုးတူစီးပွားဘက်အဖြစ် အလုပ်လုပ်နိုင်ရေးတို့က အရေးပါပါသည်။
ယခုအခါ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏ မဲရလဒ်များကို ကြေညာပြီးသည့်နောက် မဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့လာကြသည်ကိုတွေ့ရပါသည်။ မကြာမီ စတင်ဆက်ဆံရတော့မည့် ပြည်သူ့အစိုးရသစ်ကို ကြိုဆိုသည့် သဘောဖြစ်ပါသည်။
ရွေးကောက်ပွဲအပြီး ရက်ပေါင်းကိုးဆယ်အတွင်း ခေါ်ယူမည့် ပြည်သူလူထုရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် လွှတ်တော်များနှင့် ထိုမှတစ်ဆင့် လာမည့်နှစ် ဧပြီလဆန်းတွင် စတင်ဖွဲ့စည်းတာဝန်ယူမည့် ပြည်သူလူထုကို ကိုယ်စားပြုသော အစိုးရအဖွဲ့တို့သည် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာကြီးစွာဖြင့် ရပ်တည်ရင်း တည်ကြည်မှန်ကန်သော နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ယုံကြည်ပါ ကြောင်း။ ။