ဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘ၀လုံခြုံအေးချမ်းမှု

 

 

တိုးတက်ဖွံ့ဖြိုးမှုကို နိုင်ငံသားတိုင်း မျှော်လင့်တောင့်တကြသည် သာချည်း။ သို့သော်လည်း နိုင်ငံသားတို့၏ အလိုလားဆုံးဆု ဆိုလျှင်မူ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းလုံခြုံစွာ အေးအေးသာယာ နေလိုခြင်းက ဦးစားပေးပဲဖြစ်မည်ဟု ထင်ပါသည်။ ထိုလိုလားချက် ရရှိအောင်မြင်နိုင်ဖို့အတွက် အရေးကြီးဆုံးသော အကြောင်း တစ်ရပ်မှာ ဥပဒေစိုးမိုးမှုဖြစ်သည်ဟု ဆိုချင်ပါသည်။

 

 

လမ်းများပေါ်က အများအပြားတွေ့မြင်ရသော စည်းမဲ့ကမ်းမဲ့ ကားများ၊ ဧရိယာအကျယ်အဝန်းအရ မိသားစုတစ်စုပင် မလုံ လောက်သော အကျယ်အဝန်းတွင် မယုံကြည်နိုင်လောက်အောင် များပြားသောလူအစုအဝေးတို့ နေထိုင်ကြသည်များ၊ ပတ်ဝန်းကျင် တစ်ခုလုံးကို အနှောင့်အယှက်ဖြစ်လောက်အောင် ဆူညံပွက်လော ရိုက်နေသော အသံချဲ့စက်နှင့် လော်စပီကာအသံများ၊ အများပိုင် နေရာများပေါ်တွင် ပရမ်းပတာချဲ့ထွင်ကျူးကျော် စိတ်တိုင်းကျ နေရာယူ တည်ဆောက်အထိုင်ချထားသည်များ။

လမ်းပေါ်သွားလာနေသော အများသုံး ဘတ်စ်ကားများပေါ် စီးနင်းနေရသော အမျိုးကောင်းသမီးတို့ကို နှုတ်ဆော့ လက်ဆော့ ပြုနေသည်များ၊ ရပ်ထဲရွာထဲ မူးယစ်ရမ်းကား ဆူပူသောင်းကျန်းနေ မှုများ၊ လက်ရဲဇက်ရဲ ရိုက်ဟယ်နှက်ဟယ်၊ ခိုးဟယ် ဝှက်ဟယ် တို့ကို လွယ်လင့်တကူ ကျူးလွန်နေကြသည်များ။

 

 

အထက်ဖော်ပြပါ နိစ္စဓူဝလိုလို ကြုံတွေ့နေရသည်တို့ကအစ တရားခံ ရှာမတွေ့နိုင်သေးသည့် သူတစ်ပါးအိမ်တွင်းသို့ဝင်ကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားမှုများ၊ စည်ကားသိုက်မြိုက်ရာ လူမြင်ကွင်းအလယ်တွင် သွေးအေးအေးဖြင့် လုပ်ကြံသွားမှုများ၊ ကွန်တိန်နာကားနှင့် အားရပါးရ တင်ဆောင်လာသော ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး သယ်ယူဖောက်ကားမှုများထိ စိုးထိတ်ဖွယ် ဒုစရိုက်မှုများ။

ထိုထိုသော အားလုံးက ဥပဒေစည်းမျဉ်းဆိုသည့်ဘောင်ကို ကျော်နေသည်ချည်း။ အထက်ဖော်ပြပါတို့မှာ နိုင်ငံတွင်းဖြစ်ပျက် နေသည်တို့ထဲက အချို့သောကိစ္စတို့ကို ကောက်နုတ်ကာ ဥပမာပြု တင်ပြလိုက်ခြင်းမျှသာ ဖြစ်ပါသည်။

 

 

မည်သို့ဖြစ်စေ၊ ထိုအားလုံးသည် မြန်မာနိုင်ငံတွင်း၌ ဖြစ်ရိုး ဖြစ်စဉ်ကဲ့သို့ ဖြစ်နေ၏။ သို့မဟုတ် အထူးတလည်ပြောနေရမည့် အကြောင်းအရာမဟုတ်တော့သလို ဖြစ်နေ၏။ အသားကျသည်ဟု ဆိုဆို၊ ခေါက်ရိုးကျနေသည်ဟုပြောပြော၊ သည်လိုကိစ္စမျိုးသည် အထူးအဆန်းမဟုတ်တော့ ဟူသည့် လူမှုဝန်းကျင်ဖြစ်လာသည်နှင့် အမျှ ဥပဒေဟူသည် လူတို့အတွက် အလေးအနက်ထားစရာ မဟုတ်တော့သလိုလို။

ဥပဒေရှိပါလျက် ဥပဒေနှင့်ညီအောင် ထိန်းသိမ်းစောင့်ရှောက် ခြင်း မပြုနိုင်မှု တာရှည်သွားသည့်အခါ၊ ဥပဒေက အရေးမပါတော့၊ ဘေးသို့ ရောက်သွားရသည့်သဘော ဖြစ်လာလေ့ရှိသည်။ ဥပဒေမဲ့ ကျူးလွန်နေမှုများသည် အထူးအဆန်းမဟုတ်တော့၊ ဥပဒေနှင့် ညီမညီ ဆိုသည်က အရေးမကြီးတော့သကဲ့သို့ ဖြစ်လာတော့သည်။

အကျဉ်းချုပ်ဆိုရပါမူ ဥပဒေစိုးမိုးမှုမရှိသည်မှာ ကြာမြင့်လာ သည်နှင့်အမျှ မင်းမဲ့စရိုက်တို့ အားကောင်းကျယ်ပြန့်လာလိမ့်မည် ဟု စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။

 

 

ဥပဒေစိုးမိုးမှု လွန်စွာအားနည်းခဲ့ခြင်း၏ အကျိုးဆက်များ အဖြစ် ပြည်သူလူထုက တရားရုံးများကို အားမကိုးချင်တော့ခြင်း၊ ရဲစခန်းများကို တိုင်တန်းရမှာ ဝန်လေးလာခြင်း၊ ရဲနှင့်ပတ်သက်ရ မည်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုလာခြင်းတို့သည် လူထု၏ ဥပဒေအပေါ် အားကိုးချင်စိတ်နည်းပါးလာစေသလို၊ အခြား တစ်ဖက်တွင် ရာဇဝတ်မှုကို အားပေးရာရောက်လာသည်ကို သတိပြုသင့်ပါသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက် ဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး ကိုင်တွယ်ဖို့ လိုအပ်နေသည်ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါကြောင်း။ ။