
မောင်သံငြိမ်း
၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်ပေါင်း (၁၀၀) ပြည့်တော့မည့် အမိရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းတွင် တက္ကသိုလ်စတင်ပေါ်ပေါက်ပြီး နှစ်ပေါင်း ၃၆ နှစ်ခန့်အကြာ တိုးတက်များပြားလာ သည့် ကျောင်းသားဦးရေ၊ အဆောင်နေလိုသူ ကျောင်းသား ကျောင်းသူဦးရေ အခြေအနေအရ လိုအပ်ချက်များရှိလာသည်။ သို့ဖြစ်၍ တက္ကသိုလ်ပထမနှစ် ကျောင်းသား ကျောင်းသူများအတွက် ပထမနှစ် သင်တန်းများကို ကြည့်မြင်တိုင်မြို့နယ် ထီးတန်းကောလိပ်နှင့် ရန်ကင်းမြို့နယ် ရန်ကင်းကောလိပ်တို့ကို တက္ကသိုလ်၏ ကိုယ်ပွားကောလိပ်များအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ စာသင်ခန်းများအဖြစ် အစိုးရအထက်တန်းကျောင်းများပုံစံ နှစ်ထပ်အုတ်ညှပ်အဆောက်အအုံဖြစ်ပြီး ကျောင်းသားများနေရန် သွပ်မိုး၊ ထရံကာ တန်းလျားများ ဖြစ်ကြပါသည်။
ပထမနှစ် ကျောင်းသူများကတော့ ကံကောင်းကြပါသည်။ ကမာရွတ်ပင်မ တက္ကသိုလ်ရှိ ရှိပြီးသား အုတ်တိုက်အဆောင် များတွင် နေရပြီး ကျောင်းတက်ရန် ထီးတန်း နှင့် ရန်ကင်းသို့ သီးသန့်ဘတ်စ်ကားများဖြင့် လာကြရပါသည်။
ကျွန်တော်တို့ခေတ်က ၃ ရာခိုင်နှုန်း ကျော်ခန့်သာ အောင်မြင်လေ့ရှိသော တက္ကသိုလ်ဝင်တန်း (မက်ထရစ်) စာမေးပွဲ အောင်မြင်ပြီးသော်လည်း ကမာရွတ်ရှိ ရန်ကုန်တက္ကသိုလ်ကြီးသို့ ဝင်ခွင့်မရဘဲ တက္ကသိုလ်ကြီးလက်အောက်ခံ ထီးတန်း ကောလိပ်မှ အစပြုခဲ့ရ၍ တက္ကသိုလ် ကျောင်းသား (ကောလိပ်ဂျင်) ဘဝရရှိခဲ့ပါ သည်။ စာသင်ခန်းများက ပြည်တော်သာခေတ် အထကကျောင်းများကဲ့သို့ အင်္ဂလိပ်အက္ခရာ (အီး)ပုံ၊ နှစ်ထပ် အုတ်ညှပ်အဆောက်အအုံ ဖြစ်ရာ အထက်တန်းကျောင်း တက်နေရ သကဲ့သို့ တစ်ခါတစ်ခါ ခံစားရပါသည်။
ထီးတန်းကောလိပ်
ကျွန်တော်က ဝိဇ္ဇာဘာသာတွဲ၊ ဥပစာ ဝိဇ္ဇာတန်းမှာ မြန်မာ၊ အင်္ဂလိပ်နှင့် သမိုင်း၊ တက္ကဗေဒ (Logic)နှင့် ပြင်သစ်ဘာသာတွဲ၊ ဘာသာတွဲသင်္ကေတ (အက်ဖ၊ အက်ဖ) (FF) ယူသဖြင့် ထီးတန်းကောလိပ်မှာ တက်ရပါ သည်။ နယ်ကလာသည့် ကျောင်းသားဖြစ်၍ အဆောင်ခန်း၊ ထီးတန်းမှာပင်ရပါသည်။ ထီးတန်းမှာ မလုံလောက်၍ ရန်ကင်းမှာ အဆောင်နေပြီး ဘတ်စ်ကားဖြင့် ထီးတန်းကို ကျောင်းလာတက်ရသူများလည်း ရှိပါသည်။
ထီးတန်းကောလိပ်မှာ သွပ်မိုး၊ ဝါးထရံ ကာ၊ သစ်သားကြမ်းခင်း တန်းလျား ခြောက်ခု နှင့် အလယ်မှာ နှစ်ထပ်တိုက် တစ်လုံးရှိပါ သည်။ အဆောင်မှူး၊ အဆောင်နည်းပြနှင့် ကျောင်းသားအချို့ နေကြပါသည်။ တန်းလျား တစ်ခုကို A နှင့် B နှစ်ပိုင်းခွဲထားပြီး တစ်ပိုင်း မှာ ကျောင်းသား ၁၀ ယောက်စီနေပါသည်။ ကျွန်တော့်အဆောင်က (၇) ဘီမှာနေပြီး ပျဉ်းမနားက သုံးဦး၊ ပြည်၊ ကြို့ပင်ကောက်၊ ကျိုက်လတ်နှင့် ကျောက်ဆည်၊ လပွတ္တာက တစ်ဦးစီ၊ ကချင်က နှစ်ဦးရှိပါသည်။ စာသင်ခန်းများနှင့် အနီးဆုံးတန်းလျားဖြစ်ပါ သည်။ ကောလိပ်ဝင်း၏ ထောင့်တစ်နေရာမှာ ထမင်းစားခန်း၊ ရေချိုးခန်းနှင့် ရေအိမ်များ ရှိပါသည်။ အဆောင်နေကျောင်းသား ၁၅ဝ ခန့်ရှိပြီး ပင်မတက္ကသိုလ် လာတက်ရသော ကျောင်းသူ၊ နေ့ကျောင်းသား၊ ကျောင်းသူ များနှင့် စည်စည်ကားကားဖြစ်ပါသည်။
ပို့ဆောင်ခ နှုန်းထားများ
ကျွန်တော်တို့ ထီးတန်းကောလိပ်က ရန်ကုန်မြို့နယ်နှင့် အနီးဆုံးဖြစ်သည်။ အောက်ကြည့်မြင်တိုင်လမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်း၊ လမ်းမကြီး နှစ်ခု၊ ပန်းလှိုင် လမ်း (ယခင်အခေါ်ဟုန်းလမ်း)နှင့် ထီးတန်း လမ်းထောင့်မှာရှိပါသည်။ မြို့ထဲ ဆူးလေ ဘုရားလမ်းသွားလျှင် ဘတ်စ်ကားခ ပြား ၂၀ ပေးရသည်။ ကမာရွတ်က ပင်မတက္ကသိုလ် ကို သွားလိုလျှင် ဘတ်စ်ကားဂိတ်ဆုံးဖြစ် သည့် နတ်စင်လမ်းအထိသွားပြီး မြင်းလှည်း ဆက်စီးရသည်။ မြင်းလှည်းခက ၂၅ ပြား လား (မမှတ်မိတော့) ပေးရသည်။ နောက် တစ်လမ်းက ဗားကရာမှ ပြည်လမ်း(မြေနီ ကုန်း)အထိ မြင်းလှည်းစီးပြီး ပြည်လမ်း အတိုင်း တောင်/မြောက် သွားနိုင်သည်။ ဆက်သွယ်ရေး လမ်းကြောင်းများ အားနည်းမှု နှင့် ပို့ဆောင်ခနှုန်းထားများ သိရှိရန်တင်ပြ ရခြင်း ဖြစ်ပါသည်။
အနာဂတ်၏ ဝိဇ္ဇာပညာရှင်များ
ထီးတန်းကောလိပ်မှာ နယ်ကျောင်းသား များက စိတ်ကြိုက်မြန်မာစာ၊ သမိုင်းနှင့် တက္က ဗေဒ (လောဂျစ်) ဘာသာအယူများသည်။ စီးပွားရေး(အီကို)၊ ဝါဏိဇ္ဇ (ကောမတ်)ဘာသာများလည်း ယူကြသည်။ အနာဂတ်၏ ဝိဇ္ဇာပညာရှင်များ မွေးဖွားပေးရာ ကောလိပ် ဖြစ်ပါသည်။ စီးပွားရေးနှင့် ဥပဒေပညာရှင်များ လည်း ပါဝင်ပါသည်။ ကျောင်းသားဟောင်းများ တွင် ဝန်ကြီးအဆင့်၊ ဗိုလ်ချုပ်အဆင့်၊ သံအမတ်ကြီးအဆင့် တာဝန်ထမ်းဆောင်သူ များလည်း ရှိကြပါသည်။
ကျွန်တော်တို့ ကောလိပ်မှာ တက္ကသိုလ် အရန်တပ်ရင်း၏ တပ်ခွဲတစ်ခုဖွင့်လှစ်ပေး ထားသည်။ နေ့ကျောင်းသားများရော အဆောင်နေကျောင်းသားများပါ ဝင်ရောက် ပြီး စစ်ပညာသင်ကြပါသည်။ ယူတီစီ ခေါ် တက္ကသိုလ်အရန်တပ်ရင်းသို့ ဝင်ရောက်ရင်း နိုင်ငံတော်ကာကွယ်ရေးကို စိတ်ဝင်စားသူများ ပေါ်ထွန်းလာပြီး တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်သူ အများအပြားရှိပါ သည်။ ယူတီစီမှာ သန္ဓေတည်သည့် ဗိုလ်ချုပ် ကြီးများ၊ တပ်မတော်အရာရှိများ ရှိကြပါ သည်။ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေး ကာလမှာ နိုင်ငံနှင့် ပြည်သူများအတွက် အသက်ပေးသွားရသူများလည်း ရှိကြပါသည်။ ၁၉၅၈ ခုနှစ် ထီးတန်းကောလိပ်တပ်ခွဲ (ဓာတ်ပုံထဲမှာ တပ်ရင်းဟု သုံးထားသည်) က ရန်ကုန်၊ ရန်ကင်း၊ ထီးတန်းတပ်ခွဲများ အနက် ဒိုင်းဆုရသည့်တပ်ခွဲဖြစ်၍ အမှတ်တရ ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံထဲမှာ သင်တန်း သား ၁ဝဝ ခန့်ရှိသည့်အနက် လေးပုံတစ်ပုံခန့် မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) သို့ ဝင်ရောက်ခဲ့ကြပါသည်။ ဗိုလ်ချုပ် (ငြိမ်း) တစ်ဦးလည်း ပါဝင်ပါသည်။ ကျဆုံး၊ ကွယ်လွန် သွား ကြသူများကလည်း ၁၀ ဦးခန့်ရှိပါသည်။
ယနေ့တိုင်ရှင်သန်ဆဲ
၁၉၅၈ ခုနှစ် ထီးတန်းကောလိပ် ကျောင်းသားဟောင်းများသည် ဒီကောလိပ်မှာ ၁၀ လခန့်သာ အတူကျောင်းတက်ခဲ့ကြရ သော်လည်း ယခုတိုင် ရင်းရင်းနှီးနှီး ဆက်သွယ်ကြပြီး အစုအဖွဲ့တစ်ခုအနေဖြင့် ယနေ့တိုင်ရှင်သန်ဆဲဖြစ်ပါသည်။ ဘာသာရပ် ဆိုင်ရာအသင်းများ ရှင်သန်နေဆဲဖြစ်သော် လည်း ရန်ကုန်တက္ကသိုလ်ထီးတန်းကောလိပ် ကျောင်းသားဟောင်းများ အစုအဖွဲ့ကဲ့သို့ အခြားအစုအဖွဲ့များ တစ်ခု၊ နှစ်ခုရှိမည်လား မသိ၊ ရှားတော့ရှားပါသည်။
ရန်ကုန်တက္ကသိုလ် ၁၉၅၈ ခုနှစ် ထီးတန်းကောလိပ် ကျောင်းသားဟောင်းများ အစုအဖွဲ့ကို ပထမဆုံး ဦးဆောင်လှုပ်ရှား သူက ကျောင်းသားဟောင်းကြီး ဦးမြသိန်း (ယခု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် (အငြိမ်းစား) တရားလွှတ်တော်ရှေ့နေကြီး) ဖြစ်ပါသည်။
၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက် နေ့တွင် ကုန်သည်လမ်း၊ MAC တာဝါသို့ ဦးမြသိန်းက ဖိတ်ကြားကျင်းပခြင်းဖြစ်ပါ သည်။ “၅၈ ခု၊ ထီးတန်းကောလိပ်၊ သူငယ်ချင်း များ တွေ့ဆုံပွဲ” ကို ဦးဆောင်ကျင်းပသည့် အခြားအကျိုးဆောင်များက ဗိုလ်မှူးကြီး မျိုးမြင့် (ငြိမ်း/ကွယ်လွန်)၊ ဗိုလ်မှူးကြီး အောင်ကြည် (ငြိမ်း/ကွယ်လွန်)၊ ဦးမြင့်အောင် (စီးပွားကူးသန်း)၊ KT ဦးတင့်လွင်၊ ဦးခင်ဆွေ (ရွှေစွန်ညို)၊ တက္ကသိုလ် ကြိုင်သင်း(ကွယ်လွန်) တို့ ဖြစ်ကြပါသည်။ ဒီအချိန်က ကျွန်တော် ပြည်ပတွင် တာဝန်ထမ်းဆောင်နေ၍ မတက် ရပါ။ ၂၀၀၁ ခုနှစ်တွင် ဦးမြသိန်းက သူ၏ ဂိုးရိုစ် (Gold Roast) ကော်ဖီမှုန့်စက်ရုံတွင် ကျင်းပသည့် တွေ့ဆုံပွဲကို ပထမဆုံး တက်ရောက်ခဲ့ရပါသည်။ ကိုယ့်တာဝန်နှင့် ကိုယ့်ဒေသအသီးသီး၊ ဌာနအသီးသီးသို့ ရောက်ရှိနေကြသည့် သူငယ်ချင်းများ၊ နှစ်ပေါင်း ၄၀ ကျော်မှ ပြန်တွေ့ကြရာ အားလုံး ခင်ခင်မင်မင် ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြပါ သည်။ စီစဉ်ကျွေးမွေးဧည့်ခံသူ နောင်တော်ကြီး ဦးမြသိန်းကို ကျေးဇူးတင်ကြပါသည်။
ကျွန်တော်က ၁၉၉၉ ခုနှစ်ဆန်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရပြီး ၄/၅ နှစ်အကြာမှာ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသဖြင့် အချို့ပွဲများ မတက်ဖြစ် ခဲ့ပါ။ ၂၀၁၆ ခုနှစ်ဆန်းမှာ နိုင်ငံတာဝန်အသီးသီး မှ အငြိမ်းစားယူပြီး ရန်ကုန်သို့ ပြန်ပြောင်းချိန် မှာ ဤတွေ့ဆုံပွဲများကို လက်လွတ်မခံနိုင်ပါ။
၂၀၁၆ ခုနှစ်မှာ “၅၈၊ ထီးတန်း” ကို ဦးဆောင်နေသူက ကျောင်းသားဟောင်း ဝန်ကြီး(အငြိမ်းစား) သီရိပျံချီဗိုလ်ချုပ်စောလွင် (ငြိမ်း) ဖြစ်ပါသည်။ အစ်ကိုကြီး ဦးမြသိန်း ကလည်း နေပြည်တော် ရောက်နေပါသည်။ ပြန်လာပြီး တွေ့ဆုံပွဲကိုဆင်နွှဲပါသည်။ နောင်တော်ကြီး ဗိုလ်ချုပ်စောလွင် (ငြိမ်း) ကလည်း စိတ်ရောကိုယ်ပါ ဦးဆောင်မှုပေးပြီး စေတနာသာမက ငွေအား၊ လူအား စိုက်ထုတ် ဦးဆောင်ပေးလျက်ရှိပါသည်။
ဒီအချိန်မှာတော့ စုစည်းမိသည့် ကျောင်းသားဟောင်းအင်အားက ၂၀ ကျော် သာ ရှိတော့ပါသည်။ ဝန်ကြီး (ငြိမ်း) သီရိ ပျံချီဗိုလ်ချုပ်စိန်ထွား(ငြိမ်း)၊ ဒုဝန်ကြီး(ငြိမ်း) ဝဏ္ဏကျော်ထင်ဗိုလ်မှူးချုပ် စိုးဝင်းမောင် (ငြိမ်း)၊ ရာထူးဝန်အဖွဲ့ဝင် (ငြိမ်း) ဝဏ္ဏ ကျော်ထင် ဦးလှမြင့်ဦး၊ တရားလွှတ်တော် တရားသူကြီး(ငြိမ်း)ဝဏ္ဏကျော်ထင် ဦးသက် ထွန်း၊ ဗိုလ်မှူးကြီးအောင်ကြည် (ငြိမ်း) (ကွယ်လွန်) ၊ KT ဦးတင့်လွင်၊ ဦးဟန်ရွှေ (တစည)၊ ဗိုလ်မှူးလှထွန်း(ငြိမ်း) (သတင်းနှင့် စာနယ်ဇင်း) ၊ ဦးခင်ဆွေ (ရွှေစွန်ညို)၊ ဦးမြင့် အောင်၊ ဦးတင်ထွန်း၊ ဦးမြလွင်၊ ဦးသိန်းမြင့်၊ ဦးစစ်တင်၊ ဦးနေဝင်း၊ ဦးမောင်မောင်အေးမြင့် စသည်တို့ ဖြစ်ကြပါသည်။ ဒုမှူးကြီးမြအေး၊ ဗိုလ်ကြီးဇင်အောင်တို့က မကြာမီက ကွယ်လွန်သွားကြပြီ ဖြစ်ပါသည်။
၅၈၊ ထီးတန်းကောလိပ်အစုအဖွဲ့၊ သူငယ် ချင်းသံယောဇဉ် ကြီးမားစွာဖြင့် ဦးစီးဦးရွက် ပြုမည့် နောင်တော်ကြီးများကြောင့် ယနေ့ အထိ ရှင်သန်နေဆဲဖြစ်ပါသည်။ ရှေ့တွင် တင်ပြခဲ့သည့် ဦးမြသိန်း ဖိတ်ကြားသည့် ၁၉၉၈ ခုနှစ်က ဖိတ်စာနှင့် ဖိတ်ကြားသည့် တွေ့ဆုံပွဲမတိုင်မီကလည်း တွေ့ဆုံခဲ့ကြသည်။ နောက်ပိုင်း ပြည်ပရောက်နေသည့်အချိန်မှ လွဲ၍ မိတ်ဆုံပွဲများ ကျင်းပပေးသည့် တစ်ခါတစ်ရံ ကျောင်းသူများပါဝင်ကြောင်း၊ ၇ဝ/၈ဝ ဦးခန့် တက်ကြောင်းလည်း ကြားရပါ သည်။
ရန်ကုန်မှာရှိနေသည့် နောင်တော်ကြီး ဗိုလ်ချုပ်စောလွင် (ငြိမ်း) ဦးဆောင်သည့်အခါ တွေ့ဆုံပွဲက ပို၍စိတ်လာပါသည်။ တစ်နှစ် (၃/၄)ကြိမ် ကျင်းပဖြစ်သည်။ သို့ရာတွင် လူဦးရေက ၂၀ ကျော်သာ စုစည်းမိပါသည်။ ဆီဒိုးနားဟိုတယ်မှာ လုပ်ဖြစ်သည်၊ ရွှေဘဲ စားသောက်ဆိုင်မှာလုပ်ဖြစ်သည်၊ နောက်ပိုင်း အလှည့်ကျဒကာခံသည့် စနစ်ကျင့်သုံးလာ သည်။ သုံးလတစ်ကြိမ် သုံးနာရီခန့်ကြာသည့် ပွဲဖြစ်လာပါသည်။
အထူးခြားဆုံးအချက်
ရန်ကုန်တက္ကသိုလ် ၁၉၅၈ ခုနှစ်၊ ထီးတန်းကောလိပ် ကျောင်းသားဟောင်းများ အစုအဖွဲ့ရဲ့ အထူးခြားဆုံးအချက်က အထိမ်း အမှတ်စာအုပ်၊ စာစောင်များ ထုတ်ဝေခြင်း ဖြစ်ပါသည်။ ဝန်ကြီး(ငြိမ်း) ဗိုလ်ချုပ် စောလွင် (ငြိမ်း) ၏စေတနာ၊ အကြံဉာဏ်ဖြင့် အထိမ်း အမှတ်စာအုပ်များကို ခံ့ညားသပ်ရပ်စွာ ငွေကုန်ကြေးကျခံ၍ ထုတ်ခြင်းကို ၂၀၁၇ ခုနှစ်မှ စတင်ထုတ်ဝေပေးခဲ့ပါသည်။ စက္ကူ အချောဖြင့် အမှတ်တရဓာတ်ပုံများ ဝေဝေ ဆာဆာဖော်ပြပြီး စာအုပ်ရေ ၂၀/၃၀ သာ ရိုက်နှိပ်လက်ဆောင်ပေးသဖြင့် စာအုပ် တစ်အုပ်၏တန်ဖိုးမှာ ကျပ်တစ်သိန်းခန့် ရှိပါသည်။ စာအုပ်များ ရိုက်နှိပ်ရာတွင် ကျောင်းသားဟောင်း သူငယ်ချင်းများက ရှေးဖြစ်ဟောင်း၊ အောက်မေ့ဖွယ်၊ ဗဟုသုတရ ဖွယ် စာမူများ ပေးပို့ဖော်ပြကြသဖြင့် စာမျက် နှာ ၂၀၀ ကျော်ရှိသည်။ ၅၈၊ ထီးတန်းက စာမူရှင် ၁၄/၅ ဦးရှိပါသည်။
ထုတ်ဝေခဲ့သည့် စာအုပ်များမှာ ၂၀၁၇ ခုနှစ်က “ပြန်ဆုံလက်များတွဲလို့ထား” ၊ ၂၀၁၈ ခုနှစ်မှာ “ဒို့များရဲ့ တွေ့ဆုံပွဲ၊ နှစ်၆၀ပြည့် အမှတ်တရစာစောင်”၊ ၂၀၁၈ ခုနှစ်မှာပင် ပြန်ဆုံလက်များတွဲလို့ထား (ဒုတိယစာအုပ်)၊ ၂၀၁၉ ခုနှစ်တွင် “၁၉၅၈၊ ထီးတန်းကောလိပ်၊ အမှတ်တရစာစောင်” တို့ ဖြစ်ပါသည်။ စာအုပ်များတွင် မြတ်ဗုဒ္ဓနှင့် ဆရာတော်ကြီး ၏ အဆုံးအမများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ဖွယ်ဆောင်းပါး၊ စာစုများပါဝင်၍ များစွာတန်ဖိုးရှိလှပါသည်။ ရှေးဖြစ်ဟောင်း များ ပြန်လည်သတိရ၍ ခင်မင်ရင်းနှီးမှု ပိုမို တိုးပွားစေပါသည်။ ဗိုလ်ချုပ်စောလွင်အနေဖြင့် “ဓမ္မစာစုများ” စာစောင် သုံးကြိမ် ရိုက်နှိပ် ဖြန့်ဝေပေးခဲ့ပါသည်။
၅၈၊ ထီးတန်း၏ အခြားစွမ်းဆောင်နိုင် မှုတစ်ရပ်မှာ ကျောင်းသားဟောင်း ကျန်းမာ ရေးအစောင့်အရှောက် ထောက်ပံ့ရန် ရန်ပုံငွေ ထူထောင်၊ ထောက်ပံ့ခြင်းဖြစ်ပါသည်။ နာရေး ကို အဓိကထား ကူညီပေးပါသည်။
အမိရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၁၀၀)ပြည့် အခါသမယတွင် အမိတက္ကသိုလ်၏ သားသမီးများထဲမှ ၅၈ ထီးတန်းကောလိပ် ကျောင်းသားဟောင်းများ စုစည်းညီညွတ်စွာ ဖြင့် ရှင်သန်နေဆဲဖြစ်ပါကြောင်း ဂုဏ်ယူ ဝံ့ကြွားစွာ ဖော်ပြအပ်ပါသည်။ ။
ဆောင်းပါးရှင်၏
ကိုယ်ရေးအကျဉ်း
- ၁၉၄၂ခုနှစ်တွင် ပျဉ်းမနားမြို့တွင် မွေးဖွားသည်။
- ၁၉၅၈ ခုနှစ် အထက(၁)ပျဉ်းမနားမှ တက္ကသိုလ်ဝင်တန်း အောင်ပြီး ရန်ကုန်တက္ကသိုလ် ထီးတန်း ကောလိပ်တက်သည်။ ၁၉၆၂ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရသည်။
- ၁၉၆၂ ခုနှစ်တွင် တပ်မတော် (ရေတပ်)တွင် ဗိုလ်အဖြစ် ခန့်အပ် ခြင်းခံရပြီး စစ်ရေယာဉ်မှူးတာဝန်၊ ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးအဖြစ် လွှဲပြောင်းတာဝန်ထမ်းဆောင်၍ ၁၉၇၉ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး နယ်ဘက် တာဝန်ထမ်းဆောင်သည်။
- ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာ သံရုံး၊ ပေကျင်း၊ ဂျကာတာနှင့် ဝါရှင် တန် ဒီစီတွင် သံရုံးဒုတိယအကြီး အကဲ၊ နီပေါနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် တောင်အာဖရိကနိုင်ငံများတွင် သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့ သည်။
- ၁၉၉၈ ခုနှစ်တွင် နယကမှ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင် (ဒု-ဝန်ကြီး) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပျဉ်းမနားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။ ၂၀၁၆ ခုနှစ်တွင်နိုင်ငံ့ ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည်။ ဝဏ္ဏကျော်ထင် ဘွဲ့၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမ အဆင့်)နှင့် ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံတော်စစ်မှုထမ်း၊ စစ်ရေယာဉ် မှူးနှင့် အခြားတံဆိပ်များရရှိခဲ့ သည်။ စံပြဗိုလ်လောင်းအဖြစ် ငွေဓားဆု ရရှိခဲ့ပါသည်။
- Log in to post comments