ရှေ့နေနှင့် ဇရာကိုအန်တုခြင်း

Type

ဆောင်းပါး

=====

ရှေ့နေနှင့် ဇရာကိုအန်တုခြင်း

===============

 

ဦးဟန်ညွန့် (ဥပဒေ)

===========

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ် ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေ နှင့် ဇရာကိုအန်တုခြင်း ပါတဲ့ ”

“ဘာကိုရေးချင်တာလဲ ဆရာ”

“ဒေါက်တာ ခင်မောင်လွင်(FAME)ရေးသားပြုစုတဲ့ ဇရာကိုအန်တုခြင်း စာအုပ်အကြောင်းရေးချင်တာပါ”

“ဆရာက ရှေ့နေတစ်ဦးဖြစ်ပါလျက်နဲ့ ဆရာဝန်ရေးတဲ့ ကျန်းမာရေးဆိုင်ရာဆေးကျမ်းကို ဘယ်လို စေတနာနဲ့ ဘာ့ကြောင့်သုံးသပ်ချင်ရတာလဲ ဆရာ”

“အေးဗျာ ၊ အသက်(၇၀)ကျော်လာပြီး ဇရာကိုရင်ဆိုင် စပြုနေပြီဖြစ်တဲ့ ကျွန်တော့် သုံးသပ်တွေ့ရှိချက်ကို ဖတ်ကြည့်ရအောင်”

 

စာအုပ်ရာဇဝင်

FAME စာပေ၊ ရန်ကုန်မှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပုံနှိပ်ထုတ်ဝေသည်။ လူသားအားလုံးကို ကျန်းကျန်းမာမာ ဖြင့် အသက်ရှည်စွာ နေနိုင်ရေးအတွက် ဇရာကို အန်တုနိုင် ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသော ဆေးသုတေသန ဆိုင်ရာပညာရှင်များအား အထူးလေးစားဂုဏ်ပြုလျက် ဟု စာအုပ်အဖွင့်တွင် ဒေါက်တာခင်မောင်လွင်က အစီ ရင်ခံထားသည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားများကို မည်သူမှ လွန်ဆန်နိုင်ခြင်းမရှိသော်လည်း အိုခြင်းသဘော ကို နှောင့်နှေးစေခြင်းဖြင့် လူအများသက်တမ်းစေ့ရုံမက သက်တမ်းလွန်သည်အထိ သက်ရှည်ကျန်းမာစွာ နေထိုင် နိုင်မည်ဖြစ်ကြောင်း၊ ဤစာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် ကျန်းမာရေးဗဟုသုတများ တိုးပွားကာ ဇရာကိုအန်တု နိုင်မည်ဖြစ်ကြပြီး အသက်ရှည်စွာ အနာမဲ့ပြီး သက်တမ်းစေ့ စိတ်အေးချမ်းသာနေနိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း စသည်ဖြင့် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်ထွန်းကလည်း အမှာစာ ရေးသားထားသည်။ အင်္ဂလိပ်ဘာသာဖြင့် ရည်ညွှန်းကျမ်း စာအုပ်(၇၇)အုပ် ဖော်ပြထားသည်။ ဝေါဟာရစာရင်းကိုလည်း နောက်ဆက်တွဲ တင်ပြပေး ထားသည်။

 

ဒေါက်တာခင်မောင်လွင်

ဒေါက်တာခင်မောင်လွင်သည် ၁၉၉၅ ခုနှစ်တွင် ဆေးပညာပေးဆောင်းပါးများ စတင်ရေးသားခြင်းဖြင့် စာပေနယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အဖွဲ့ဝင်ဖြစ်လာ သည်။ ကျန်းမာရေး ပညာပေးစာအုပ်များစွာ ရေးသား ခဲ့သည်။ ရုပ်မြင်သံကြားမှ ကျန်းမာသုတအစီအစဉ်များ ထုတ်လွှင့် ဟောပြောနေသူလည်း ဖြစ်သည်။ ဆရာဝန် သုတေသီ ပီသသူတစ်ဦးဖြစ်ခြင်းကြောင့် ၂၀၁၄ ခုနှစ် မေလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတက ပေးအပ်ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည် ထူးချွန်ဆု အပါအဝင် စာအုပ်စာပေဆုများစွာကိုလည်း လက်ခံရရှိ ခဲ့သည်။

မာတိကာ

အောက်ပါအတိုင်းအခန်း(၁၄) ခန်း ဖော်ပြပါရှိသည်-

အခန်း (၁) ပျမ်းမျှလူ့သက်တမ်း ဘယ်လောက်ရှိပါ သလဲ။ ပျမ်းမျှလူ့သက်တမ်းဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူတို့ပျမ်းမျှလူ့သက်တမ်း ၊ မြန်မာနိုင်ငံနှင့် အာဆီယံရှိ လူတို့၏ပျမ်းမျှ လူ့သက်တမ်း၊ အများဆုံး နေနိုင်သောလူ့အသက်၊ကမ္ဘာ့အသက်ရှည်ဆုံးလူသားများ၊ဇရာ၏ထင်ရှား သောလက္ခဏာများ။

အခန်း (၂) သတ္တဝါများ၏ သက်တမ်းကိုလေ့လာခြင်း။ ရေထဲ၌နေသော သတ္တဝါများ၏သက်တမ်း၊ ကုန်းပေါ် နေ သတ္တဝါများ၏သက်တမ်း၊ မြေကြီးထဲ၌နေသော သတ္တဝါ များ၏သက်တမ်း၊ လေထဲ၌ ပျံသန်းနိုင်သော သတ္တဝါများ၏ သက်တမ်း။

အခန်း (၃) ဇရာနှင့် ပတ်သက်သည့် အယူအဆများ။ ဇီဝဖြစ်စဉ်နှင့် ပတ်သက်သည့် အိုမင်းခြင်းဆိုင်ရာ အယူ အဆများ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးအခြေ အနေတို့နှင့် ပတ်သက်သည့် အိုမင်းခြင်းဆိုင်ရာ အယူအဆ

များ။

အခန်း(၄) ဂျီနုမ်းများပြောင်းလဲပျက်စီးမှုကြောင့် အိုမင်း လာရခြင်း။ ဂျီနုမ်းဆိုသည်မှာ၊ မျိုးဗီဇတည်ဆောက်မှု အစီအစဉ်၊ ဂျီနုမ်းအစီအစဉ်နှင့် ပမာဏကို မြေပုံရေးဆွဲ ခြင်း၊ လူတို့၏ ဂျီနုမ်း ရေးဆွဲသည့်စီမံချက်၊ ဂျီနုမ်းများ မတည်မငြိမ် ဖြစ်ကာ ပြောင်းလဲပျက်စီးလာရခြင်း၊ ဂျီနုမ်းများ ပြောင်းလဲ ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာရသော ကျန်းမာရေးပြဿနာများ။

အခန်း (၅) ဇရာကိုဆုံးဖြတ်ရာ၌ တယ်လိုမဲရ် မျိုးဗီဇ များ ၏ အရေးပါမှု။ တယ်လိုမဲရ်ဆိုသည်မှာ၊ တယ်လိုမဲရ်ကို ရှာဖွေတွေ့ရှိ ခြင်း၊ ၂၀၀၉ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဗယ်ဆု၊ တယ်လိုမဲရ်၏ လုပ်ငန်းတာဝန်များ၊ တယ်လိုမဲရေ့စ် ဆိုသည်မှာ၊တယ်လိုမဲရ်ကို မြန်မြန်တိုစေသော အကြောင်း

အရာများ၊ တယ်လိုမဲရ် တိုခြင်းကို ဟန့်တားပေးသော အကြောင်းအရာများ။

အခန်း(၆) ဇရာကို ဖြစ်စေသည့် ဖရီးရယ်ဒီကယ်များ။ ဖရီးရယ်ဒီကယ် ဆိုသည်မှာ၊ ဖရီးရယ်ဒီကယ် အမျိုး အစားများ၊ ဖရီးရယ်ဒီကယ် ထွက်စေသော အကြောင်း အရင်းများ၊ ဖရီးရယ်ဒီကယ်များ၏ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုများ ။

အခန်း(၇) ဇရာကို အန်တုရာ၌ မရှိမဖြစ်အရေးပါသော အာဟာရဓာတ်များ။ ရေဓာတ်၊ ကာဘိုဟိုက်ဒြိတ်များ၊ အဆီဓာတ်များ၊ ပရိုတင်းဓာတ်များ၊ ဗီတာမင်များ၊ သတ္တု ဓာတ်များ၊ အမျှင်ဓာတ်များ။

အခန်း (၈) ဇရာကိုအန်တုနိုင်သည့် အင်တီအောက်ဆီဒင့် များ။ အင်တီအောက်ဆီဒင့်ဆိုသည်မှာ အင်တီအောက် ဆီဒင့် ကွန်ရက်အဖွဲ့ဝင်များ၊ ကွန်ရက်အဖွဲ့ဝင်မဟုတ်သော အင်တီအောက်ဆီဒင့်များ။

အခန်း (၉) ဇရာကို အန်တုနိုင်သည့်ဟိုမုန်းများ။ ဒီအိပ်ချ် အီးအေ၊ ကြီးထွားစေသောဟိုမုန်း၊ အင်ဆူ လင်နှင့်တူသော ကြီးထွားဟိုမုန်းအမှတ်-၁၊ အီစထရိုဂျင် ဟိုမုန်း၊ တက်စတို စတီရုန်း။

အခန်း (၁၀) ဇရာကိုအန်တုရန် နေထိုင်သင့်သည့်ပုံစံများ။ အိပ်ရေးဝဝအိပ်ပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ ဆေးလိပ် လုံးဝမသောက်ပါနှင့်၊ အရက်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ စိတ်ဖိစီးမှုများကိုလျှော့ချပါ၊ ကိုယ်အလေးချိန်ထိန်းသိမ်းပါ၊ သဘာဝပတ်ဝန်းကျင် ကောင်းမွန်သောနေရာ၌ နေထိုင်ပါ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မကြာခဏတွေ့ဆုံပါ၊ ဝါသနာပါသည့် အလုပ်များကို လုပ်ကိုင်ပါ။

အခန်း (၁၁) ဇရာကိုအန်တုမည့် ကျန်းမာရေးဖြည့်စွက် ဆေးဝါးများ။ ဂျင်ဆင်း၊ ရွိုင်ရယ်ဂျယ်လီ၊ ပရိုဘိုင်အိုတစ်၊ ကော်လာဂျင်။

အခန်း (၁၂) ပရိုဂျယ်ရီးယား‌ (ခေါ်) အအိုမြန်ရောဂါ။ပရို ဂျယ်ရီးယားဆိုသည်မှာ၊ ရောဂါဖြစ်ပွားရသော အကြောင်း အရင်း၊ ရောဂါလက္ခဏာများ၊ ရောဂါကိုသေချာအောင် စမ်းသပ်ခြင်း၊ ပရိုဂျယ်ရီးယားရောဂါကို ကုသခြင်း။

အခန်း (၁၃) ခရစ္စပါ မျိုးဗီဇပြုပြင်ခြင်း၊ နည်းပညာဖြင့် အသက်ရှည်အောင်ပြုလုပ်ခြင်း။ ခရစ္စပါဆိုသည်မှာ

ခရစ္စပ်၏သမိုင်း၊ ကက်စ်စနစ်၊ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား တို့၏ ခရစ္စပါ၊ တရုတ်မျိုးဗီဇပညာရှင် ဟာဂျန်ကွေး၏ သင်ခန်းစာ၊ ခရစ္စပါ-ကတ်စ် ၉ နည်းပညာ၏ အသုံးဝင်မှုများ။

အခန်း (၁၄) ဇရာကိုအန်တုမည့် လှုပ်ရှားမှုများ။ဇရာကို အန်တုမည့် ဆေးပညာ၊ ဇရာကိုအန်တုမည့် နည်းပညာနှင့် ပတ်သက်၍ ထင်ရှားသော သိပ္ပံပညာရှင်များ၊ ဇရာကို အန်တုမည့် အဖွဲ့အစည်းများ။

 

ကောက်နုတ်တင်ပြချက်

စာအုပ်တစ်အုပ်လုံးမှာ မှတ်သားလေ့လာစရာတွေချည်း ဖြစ်ပါသည်။ နားမလည်သော ဆေးပညာဝေါဟာရများကို ချန်လှပ်၍ ကျွန်တော့်အကြိုက်နှစ်သက်ဆုံးစာစုများကို ကောက်နုတ်တင်ပြပါရစေ-

 

ဇရာနှင့်ပတ်သက်သည့်အယူအဆများ

( Theories of Aging )

ဤကဏ္ဍတွင် မရှိမဖြစ် လိုအပ်ချက် ၅ ချက်ကို တင်ပြ ထားသည်။ အဆင့်(၁)မှာ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အဆင့်(၂)မှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ချက်ဖြစ် သည်။ အဆင့်(၃)မှာ ချစ်ခြင်းမေတ္တာနှင့်ပိုင်ဆိုင်မှုများ လိုအပ်ချက်ဖြစ် သည်။ အဆင့်(၄)မှာ ဂုဏ်သိက္ခာအတွက် လိုအပ်ချက်ဖြစ်သည်။ အဆင့်(၅)မှာ မိမိကိုယ်ကို ယုံကြည်မှုရှိရန် လိုအပ်ချက်ဖြစ်သည်။ (စာ-၆၂)

 

ချစ်ခြင်းမေတ္တာ

လိုအပ်ချက်(၅)ချက်အနက် ချစ်ခြင်းမေတ္တာနှင့် ပိုင်ဆိုင်မှုများ လိုအပ်ချက် ( Love and belongingness needs) မှာ လူ့ဘဝအတွက် လိုအပ်သော ပစ္စည်းဥစ္စာပိုင် ဆိုင်မှုများဖြစ်သည်။ နေစရာအိမ်၊ စီးစရာကား၊ အလုပ် အကိုင်၊ နေရာအဆောက်အဦ အစရှိသည်တို့ လိုအပ်သည်။ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံမှု၊ ချစ်ခင်လေးစားမှု၊ အဖွဲ့အစည်းနှင့်ဆက်ဆံမှု၊ အပြန်အလှန် ယုံကြည်မှုတို့မှာ အရေးပါသော ကိစ္စများဖြစ်သည်။ ယင်းသို့ ပြည့်စုံလျှင် လူ့ဘဝတွင် အတော်လေး နေရတာ ပျော်စရာကောင်း နေပြီဟု ဆိုနိုင်ကြောင်း (စာ-၆၃)

ဒေါက်တာခင်မောင်လွင်က ရေးသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုထက် ချစ်ခြင်းမေတ္တာ တရားမပါလျှင် မပြီး ကြောင်း ဤအချက်က ထင်ရှား လှပေသည်။

 

ဇရာကိုအန်တုရာ၌ မရှိမဖြစ်အရေးပါသော အာဟာရဓာတ်များ

အသက်ရှည်လိုသူများအနေနှင့် စားသောက်ရာတွင် အဓိကအရေးပါသော အစားအစာများမှာ ရေဓာတ် (Water)၊ ကာဘိုဟိုက်ဒြိတ်များ(Carbohydrates) ၊ အဆီ ဓာတ်များ(Fats)၊ ပရိုတင်းဓာတ်များ(Proteins) ၊ ဗီတာမင် များ(Vitamins)၊ သတ္တုဓာတ်များ(Minerals) ၊ အမျှင်ဓာတ် များ (Dietary Fibers) အစရှိသည်တို့ဖြစ်သည်။

(စာ-၁၁၉)

 

ဇရာကိုအန်တုရန် နေထိုင်သင့်သည့်ပုံစံများ

နေထိုင်မှုပုံစံ အချက်(၉)ချက်ကို ဒေါက်တာခင်မောင်လွင် က တင်ပြထားသည်။ ကျွန်တော့် အကြိုက်နှစ်သက်ဆုံးက တော့ စိတ်ဖိစီးမှုလျှော့ချဖို့ တိုက်တွန်းချက်ဖြစ်သည်။ စိတ်ဖိစီးမှုကို လျှော့ချ ရန်အရာရာကို အကောင်းမြင်စိတ်ရှိ ပါ။ တင်းတိမ်ရောင့်ရဲစိတ်မွေးပါ။ မနာလိုစိတ်များ မရှိ အောင်နေပါ။ ဘာသာတရားကိုင်းရှိုင်းပါ။ လူကောင်းသူကောင်းများနှင့်ပေါင်းဖော်ပါ။ တရားထိုင်ပါ။ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် ရယ်ရွှင်ဖွယ်ရာ အကြောင်း အရာများ မကြာခဏပြောဆိုပါ။ အပျော်ခရီးထွက်ပါ။ အလုပ်ထဲတွင် စိတ်ဖိစီးမှုလွန်စွာများပြားနေပါက အလုပ် ပြောင်းသင့်လျှင် ပြောင်းပါ။ ကိုယ်အလေးချိန် ထိန်းသိမ်း ပါ။ သဘာဝပတ်ဝန်းကျင် ကောင်းသောနေရာ၌ နေထိုင်ပါ ဟု လက်တွေ့ကျကျ အကြံပေးထားသည်။ (စာ-၂၂၆)

 

မိတ်ဆွေအပေါင်းအသင်းများနှင့်မကြာခဏတွေ့ဆုံပါ

လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းနေ၍ မရ။ သူငယ်ချင်းအပေါင်းအသင်းများနှင့် လူမှုဝန်းကျင် ပြုလုပ် နေထိုင်ရသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုလျက်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီရမည်။ သို့မှသာ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်မည်၊ စိတ်ပျိုကိုယ်နုမည်။ အသက်ရှည်မည်။ မိတ်ဆွေ အပေါင်း အသင်းများနှင့် မကြာခဏတွေ့သင့်သည်။ ဝါသနာပါသည့် အလုပ်ကိုလုပ်ပါ။ ( စာ-၂၃၂) ဟု စာဖတ်သူတစ်ဦးဖြစ်သူ ကျွန်တော်ခံယူ နားလည်မိသည်။

 

အဓိကအချက်(၃)ချက်

(၁) အသက်တိုမည့်ကိစ္စကို ရှောင်ကြဉ်ပါ။

(၂) မှန်ကန်သော နေထိုင်စားသောက်ပုံ ကျင့်သုံးပါ။

(၃) လိုအပ်သည့် ဆေးဝါးနှင့် ဖြည့်စွက်ဆေးဝါးများ မှီဝဲပါ။

ဤအချက်(၃)ချက်ကို တိတိကျကျဆောင်ရွက်ပါက အသက်ရာကျော်နေရဖို့ သေချာ သလောက်ရှိသွားပြီဟု ဒေါက်တာ ခင်မောင်လွင်က နိဂုံးအမှာရေးထားသည်။

နိဂုံး

(၁) ဇရာကို အန်တုကြပါစို့။

(၂) နည်းလမ်းကောင်းပေးသူ ဒေါက်တာ ခင်မောင်လွင် နှင့်အတူ ကျွန်တော်တို့အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါစို့ . . .။