အကြမ်းဖက်မှုကို သွယ်ဝိုက်အားပေးခြင်း

 

ပြီးခဲ့သည့်   ရက်ပိုင်းအတွင်း   အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှု ထင်ရှားသဖြင့်  တရားခံလေးဦးအား  သေဒဏ်ချမှတ်ခဲ့ခြင်း အပေါ်    အကျဉ်းထောင်   လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ခဲ့သည်။  လူ့အသက်များ သေကျေပျက်စီး ရခြင်းသည်    လူ့ကျင့်ဝတ်အရဖြစ်စေ၊     လူသားတို့၏ စိတ်ခံစားမှုအရဖြစ်စေ ဝမ်းသာကြည်နူးစရာ မဟုတ်ဘဲ ဝမ်းနည်းဖွယ်သာဖြစ်သည်မှာ လွန်စွာမှပင်သေချာလှသည်။ သို့ရာတွင် ပြစ်ဒဏ်စီရင်ခံခဲ့ရသူများ ကျူးလွန်ခဲ့သည့် ပြစ်မှု များ၏ အခြားတစ်ဖက်တွင် ပြစ်မှုကျူးလွန်ခံခဲ့ရသူတို့၏ အသက်များ၊  ဘဝများ၊  မိသားစုများ၊  အစားထိုးမရသည့် နစ်နာဆုံးရှုံးမှုများ၊ ဝမ်းနည်းပူဆွေးမှုများ ရှိနေသည်။

 


ပြစ်ဒဏ်စီရင်ခံခဲ့ရသူများသည်      နိုင်ငံရေး   တက်ကြွ လှုပ်ရှားမှုများကြောင့်မဟုတ်ဘဲ   အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်  သတ်ဖြတ်ခဲ့မှုနှင့်  အကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နိုင်ရန် စီမံခန့်ခွဲခြင်း၊ စီစဉ်ညွှန်ကြားခြင်း၊   ပူးပေါင်းကြံစည်ခြင်း၊    ကိုယ်တိုင် ပါဝင်ခြင်း စသည့်ပြစ်မှုများ ထင်ရှားရှိခဲ့သူများဖြစ်သည်။ နိုင်ငံရေးကို အကြောင်းပြသော်လည်း အကြမ်းဖက်ဝါဒကို    ကိုင်စွဲကာ   အကြမ်းဖက်      လုပ်ကြံသတ်ဖြတ်မှုများကို ကာယကံမြောက်  ကျူးလွန်ခြင်းဖြင့် ၎င်းတို့၏လက်များမှာ  သွေးများစွန်းထင်းနေခဲ့ပြီဖြစ်သည်။    တစ်နည်းအားဖြင့် ဆိုရလျှင်  ပြစ်မှုကျူးလွန်ခဲ့သူ တရားခံများသည် ၎င်းတို့က သူလျှို၊ ဒလန်၊ အစိုးရ ဒေါက်တိုင်ဟု စွပ်စွဲခဲ့သူများအား ဖြေရှင်းခွင့်လည်းမပေး၊  အယူခံခွင့်၊  အသနားခံခွင့်လည်း မပြုဘဲ   အပြီးတိုင်   လက်စတုံးခဲ့ကြခြင်းဖြစ်ရာ  အပြစ်မဲ့   အသက်ဆုံးရှုံးခဲ့ရသူတို့အတွက်  တရားမျှတမှုရှိစေရမည် ဖြစ်သည်။

 


ဆိုခဲ့ပါ တရားခံများအား ပြစ်မှုထင်ရှားသေဒဏ်ချမှတ် ခဲ့ခြင်းနှင့်စပ်လျဉ်း၍    ပြည်ပနိုင်ငံအချို့၊    ဒေသတွင်းနှင့် နိုင်ငံတကာ   အဖွဲ့အစည်းအချို့တို့က   ဝေဖန်ပြစ်တင်သည့် ကြေညာချက်များ  ထုတ်ပြန်ခဲ့ကြရာတွင်   တရားခံတို့က လုပ်ကြံသတ်ဖြတ်ခဲ့သည့်            အပြစ်မဲ့ပြည်သူများကို လျစ်လျူရှုမျက်နှာလွှဲခဲ့ခြင်း၊ ကျန်ရစ်သူမိသားစုဝင်များ၏ ထိခိုက်ခံစားမှုနှင့် ဆုံးရှုံးနစ်နာမှုတို့အပေါ် အသိအမှတ်ပြု မထားခဲ့ခြင်းတို့မှာလည်း အံ့ဩဖွယ်နှင့် ဝေဖန်ပြစ်တင်ဖွယ် ပင်ဖြစ်သည်။  ထို့အပြင်  အချုပ်အခြာအာဏာပိုင်  နိုင်ငံ တစ်နိုင်ငံ၏ အစိုးရတစ်ရပ်အနေဖြင့် ဥပဒေနှင့်အညီ တရား စီရင်ရေး   အာဏာကျင့်သုံးမှုအပေါ်   ဝေဖန်ပြစ်တင်ခြင်း အားဖြင့်   မြန်မာနိုင်ငံ၏   ပြည်တွင်းရေးကို   ဝင်ရောက် စွက်ဖက်ရာရောက်သလို    အကြမ်းဖက်မှုများကိုလည်း သွယ်ဝိုက်အားပေးရာရောက်လျက်ရှိသည်။

 


ယခုအခါ မြန်မာနိုင်ငံနှင့် မိုင်ထောင်ချီဝေးကွာသည့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ခိုလှုံနေကြသည့် အကြမ်း ဖက်အုပ်စုများမှ ဦးစီးဦးဆောင်ပြုနေသူများက မြန်မာနိုင်ငံ အတွင်း၌ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ အရှိန် အဟုန်မြှင့်၍  ပြုလုပ်ရန်၊  ဘုန်းတော်ကြီးများနှင့်  အလှူ အတန်းပြုသူများကို   လုပ်ကြံသတ်ဖြတ်ရန်နှင့်  ကလေး သူငယ်များကိုပါမကျန်   လုပ်ကြံသတ်ဖြတ်ရန်  ရုန့်ရင်း ကြမ်းတမ်းစွာ၊  ယုတ်မာရိုင်းစိုင်းစွာ  လှုံ့ဆော်သွေးထိုးမှု များကို ပြုလုပ်လျက်ရှိရာ ၎င်းတို့အား လက်ခံထားသည့် နိုင်ငံများအနေဖြင့်    မြန်မာနိုင်ငံတွင်    ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများအတွက် တစ်နည်းတစ်ဖုံ တာဝန်ရှိနေ မည်ဖြစ်ပါကြောင်း။               ။