
ရန်ကုန် ဇူလိုင် ၂၆
၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ ကို ဇူလိုင် ၂၇ ရက် (ယနေ့)တွင် အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့၌ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရေး အရေးပါသည့်ပွဲ အဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု (ခ) ဒုတိယနေ့အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း၊
ည ၇ နာရီတွင် သြစတြေးလျအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပထမနေ့အပြီးတွင် သြစတြေးလျ နှင့် မြန်မာအသင်းက သုံးမှတ်စီရထားပြီး မလေးရှားနှင့် ဖိလစ်ပိုင် အသင်းက အမှတ်မရသေးပေ။ ဇူလိုင် ၂၅ ရက်က ယှဉ်ပြိုင်ကစား သည့် အုပ်စု (ခ) ပထမနေ့တွင် မြန်မာအသင်းက မလေးရှားအသင်း ကို နှစ်ဂိုး-ဂိုးမရှိ၊ သြစတြေးလျအသင်းက ဖိလစ်ပိုင်အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် ယခုပွဲတွင် မြန်မာနှင့် သြစတြေးလျတို့ နိုင်ပွဲထပ်မံရရှိ ပါက အုပ်စုနောက်ဆုံးပွဲမတိုင်မီ ဆီမီးဖိုင်နယ်သို့ ကြိုတင်တက်ရောက် ခွင့်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် သြစတြေးလျနှင့် ပွဲကျပ်ကစားရမည်ဖြစ်သောကြောင့် ဖိလစ်ပိုင် နှင့်ပွဲမှာ အရေးပါနေပြီး အနိုင်ရမှသာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် သေချာမည်ဖြစ်သည်။ ဖိလစ်ပိုင်အသင်းတွင်လည်း လက်ရွေးစင် ကစားသမား အနည်းငယ် ပါဝင်လာသဖြင့် မြန်မာအသင်းအနေဖြင့် ပွဲချိန်ပြည့် အာရုံစူးစိုက် မှုအပြည့်ဖြင့် ကစားနိုင်ရန် လိုအပ်နေသည်။
ရဲရင့်လွင်