ယနေ့သည် ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည်မှာ နှစ်တစ်ရာ ပြည့်သောနေ့ ဖြစ်ပေသည်။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့်ပြီဟူသည့်အသိက မြန်မာနိုင်ငံသားတို့ကို လွမ်းမောသွားစေပါ သည်။ ရန်ကုန်တက္ကသိုလ်တွင် ကိုယ်တိုင်ကျောင်းတက်ခဲ့ဖူးသူများက လည်း အသီးသီးလွမ်းစရာတို့ကိုဖွဲ့နွဲ့ကြသည်။ လူချင်းတွေ့ကြ၊ ဆုံကြဖို့ ခက်ခဲနေသည့် ယခုလို ကိုဗစ်ကာလတွင် နည်းပညာတို့၏ အကူအညီ ဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့ကြသည်။ တယ်လီဖုန်း၊ ကွန်ပျူတာတို့ ပေါ်ကတစ်ဆင့် တစ်ဦးချင်း နှစ်ဦးချင်းအစ၊ အစုအဖွဲ့အလိုက်ထိ၊ ကျောင်းတက်ခဲ့သူ သူငယ်ချင်းများ၊ နီးစပ်ရင်းနှီးခဲ့သူများ၊ ဆရာ ဆရာမများလည်း ပါဝင်တွေ့ဆုံကြ။ စကားလက်ဆုံကျကြ၊ ငယ်ဘ၀ ကို သတိရတမ်းတကြ။ သတင်းစာထဲက ရန်ကုန်တက္ကသိုလ်အမှတ်တရ ဆောင်းပါးများဖတ်ရင်း၊ ရုပ်မြင်သံကြားပေါ်က ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ဂုဏ်ပြုသီချင်းများကို နားထောင်ကြရင်း လွမ်းကြ ရသည်။
ရန်ကုန်တက္ကသိုလ်က မဟုတ်ဘဲ ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ် အစရှိသည့်အခြားသောတက္ကသိုလ်တို့မှာ ကျောင်းတက် ခဲ့ဖူးကြသူများလည်း ရန်ကုန်တက္ကသိုလ်ကို လွမ်းစရာရှိနေသည်သာ။ ကိုယ်တိုင်တက္ကသိုလ်မရောက်ခဲ့ဖူးသော်လည်း သားသမီးများနှင့် ဆက်စပ်ရာ၊ မိမိ၏ မိသားစုဝင်များနှင့် ဆက်စပ်ရာ သို့မဟုတ် မိမိနှင့် ပတ်သက်ရာ ပတ်သက်ကြောင်းတို့ထဲက နီးစပ်ရာတို့ဖြင့် ရန်ကုန် တက္ကသိုလ်က လွမ်းစရာအကြောင်းမျိုးစုံ လုံလုံလောက်လောက် ရှိနေကြသည်။ ဤနည်းထိုနည်းတို့ဖြင့် ရန်ကုန်တက္ကသိုလ်ဟူသည့် အသံကို ကြားရသည်နှင့်ပင် လွမ်းမောဖိုလှိုက်သွားရသူတို့က အများ အပြားရှိနေသည်။ ထိုမျှမကသေး၊ နိုင်ငံ၏ သမိုင်းအချိုးအကွေ့များတွင် အထင်ကရဖြစ်သည့် ရန်ကုန်တက္ကသိုလ်ဖြစ်သည့် အားလျော်စွာ လွမ်းရင်း ဂုဏ်တက်နေရသည်လေ။
လွမ်းလောက်စရာတွေ၊ ဂုဏ်ယူစရာတွေ ရှိနေသည့်အတွက် ဤမျှ လွမ်းနေကြရသည်၊ ဂုဏ်ယူနေကြရသည်ဟု ဆိုရပါမည်။ ရန်ကုန် တက္ကသိုလ်၏ ပညာရေးစနစ်တွင် လွမ်းစရာများစွာ ရှိသည်။ ရန်ကုန် တက္ကသိုလ်၏ သမိုင်းဆိုသည်ကလည်း လွမ်းစရာ များလွန်းလှသည်။ ရန်ကုန်တက္ကသိုလ်သည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းနှင့် ခွဲ၍မရ။ ရန်ကုန်တက္ကသိုလ်က ကိုနု၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုလှရွှေ၊ ကိုဗဟိန်း စသည့်အမျိုးသားလွတ်လပ်ရေး ဦးစီးဦးရွက်ပြု ခဲ့သူများ၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ခဲ့သည်။
သမိုင်းအစဉ်အလာအရ လွမ်းစရာအဖုံဖုံရှိသကဲ့သို့၊ ဒေါက်တာ ထင်အောင်၊ ဒေါက်တာလှမြင့်၊ ဒေါက်တာလှဖေ၊ ဇော်ဂျီ၊ မင်းသုဝဏ် အစရှိသည့်မြောက်မြားလှစွာသော ကမ္ဘာကျော်အောင် ထက်မြက် ထူးချွန်၊ ထင်ရှားခဲ့သည့် မြန်မာအကျော်ပညာရှင်တို့ကလည်း လွမ်းလောက်ပါသည်။
ရန်ကုန်တက္ကသိုလ်၏ ပန်းချီ၊ စာပေ၊ ကဗျာ၊ ဂီတ၊ သီချင်း၊ ရုပ်ရှင် အစစသော အနုပညာနယ်ပယ်အသီးသီးမှ အောင်မြင်ခဲ့၊ ပြောင်မြောက် ခဲ့သော အနုပညာပစ္စည်းတို့ကလည်း ဒုနဲ့ဒေး။
ရန်ကုန်တက္ကသိုလ်အတွင်းက အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ပဲခူးဆောင်၊ အင်းလျားဆောင် အစရှိသော အဆောက်အအုံများ၊ အင်းလျားကန်၊ သစ်ပုပ်ပင်၊ ကံ့ကော်တော၊ စိန်ပန်း၊ ရေတမာ၊ တောင်ပိန္နဲ၊ ဒူးရင်း အစစသောသစ်ပင်ကြီးငယ်တို့ကလည်း လွမ်းစရာ။
ရုပ်ဝတ္ထုပစ္စည်းများ၊ သဘာ၀ပတ်ဝန်းကျင်၊ လူပုဂ္ဂိုလ်၊ သမိုင်း၊ စနစ် စသည်တို့သာမက မဟုတ်မခံသော မတရားမှုကို ငြိမ်ခံမနေ တတ်သောအမှန်တရားကို အသက်စွန့်ဖော်ထုတ်ရပ်တည်တတ်သော တော်လှန်ရေးစိတ်ဓာတ်တို့ကိုလည်း ဂုဏ်ယူလွမ်းမောဖွယ်မွေးဖွား ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် ဖြစ်ပါသည်။
၁၉၂၀ ကောလိပ်ကျောင်းသားကြီးများ၏ ပထမကျောင်းသား သပိတ်၊ ၁၉၃၆ ကျောင်းသားသမဂ္ဂခေါင်းဆောင်တို့၏ ဒုတိယ ကျောင်းသားသပိတ် စသည့်နယ်ချဲ့တော်လှန်ရေးမှသည်၊ ၁၉၆၂ ဆဲဗင်းဇူလိုင်၊ ၁၉၇၄-၇၅-၇၆ ကာလ လှုပ်ရှားမှုများ၊ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး၏ မြစ်ဖျားခံရာ တံတားနီ အစရှိသည့် လှုပ်ရှားမှုများသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကလည်း လွမ်းစရာဂုဏ်ပြုစရာ။
နိုင်ငံ့စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
‘‘... နောင်သို့တကဲ့ အောင်ဘို့တပဲ့တွေနဲ့ မောင်တို့ရဲ့ တက္ကသိုလ် သခင်ကျောင်း’’ ဟူ၍ ဖော်ပြညွှန်းဆိုခဲ့သည့် ရန်ကုန်တက္ကသိုလ် သည်ကား နှစ်တစ်ရာပြည့်ခဲ့ပြီ။
လွမ်းမောရုံမျှမက ဂုဏ်ယူစရာတို့နှင့် ပြည့်လျှမ်းနေသော ရန်ကုန် တက္ကသိုလ်ပါတကား။ ။