
ရန်ကုန် ဇူလိုင် ၂၇
မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ်ထွက်ပေါ်လာပြီဖြစ်သည်။
ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲယှဉ်ပြိုင်မည့် ဗီယက်နမ် အသင်းအတွက် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် မြန်မာ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခင်က အာရှထိပ်သီးအသင်းများ ဖြစ်သည့် ဂျပန်နှင့်ဆော်ဒီအာရေဗျ အသင်းတို့ ယှဉ်ပြိုင်ရန် စာရင်းပေး ထားသော်လည်း ပြန်လည် နုတ်ထွက်ခဲ့သဖြင့် ထိုင်း၊ မလေး ရှားအသင်းတို့နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ သြဂုတ် ၅ ရက်တွင် မလေးရှားနှင့် ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်၊ သြဂုတ် ၇ ရက်တွင် မြန်မာနှင့် ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှား၊ သြဂုတ် ၉ ရက်တွင် မြန်မာနှင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲကို သြဂုတ် ၅ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို သြဂုတ် ၅၊ ၇၊ ၉ ရက်တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်း ဖြင့် ကျင်းပမည်ဖြစ်သည်။တတိယ လုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အမှတ် အများဆုံးရရှိသည့် နှစ်သင်းမှာ ဗိုလ်လုပွဲ ကစားရမည်ဖြစ်ကာ အဆင့် ၃ နှင့် အဆင့် ၄ ရပ်တည်မှု ရ နှစ်သင်းမှာ တတိယလုပွဲ ထပ်မံ ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်