
တင်မောင်အေး (ကန့်ဘလူ)
စာရေးသူသည် ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၆ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ နှစ်နှစ်ကြာ ပညာသင်ယူခွင့် ရရှိခဲ့ပါသည်။ သို့သော် စာရေးသူသည် ရန်ကုန်တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့ကြို၊ ဘွဲ့လွန်ဘာသာရပ်များ (under- graduate and postgraduate degrees) ကို သင်ယူရန် တက်ရောက်ခဲ့ခြင်းမျိုးတော့ မဟုတ်ပါ။
ဗြိတိသျှ ကိုလံဘိုစီမံကိန်း (British Colombo Plan) အရ ကျန်းမာရေးဝန်ကြီး ဌာနက ရန်ကုန်ဆေးရုံကြီးအတွင်း၌ ဖွင့်လှစ်ထားသည့် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Science) ၏ ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသူ ကျောင်း သား ၁၂၀ ကို ရန်ကုန်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဆရာ ဆရာမများက ဆေးဘက်ပညာသင်ရိုးအတိုင်း အင်္ဂလိပ်စာ၊ မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ရုက္ခ ဗေဒနှင့် သတ္တဗေဒဘာသာရပ်များကို သီးသန့် သင်ကြားပေးခဲ့ကြခြင်းဖြစ်သည်။
ထိုစဉ်က ဆေးဘက်ပညာသိပ္ပံတွင် သင်ကြားပေးသည့်ပညာရပ် လေးမျိုးရှိသည်။ အကြောအဆစ် ပညာရပ် (Physiotherapy)၊ ဆေးဝါးဗေဒပညာရပ် (Pharmacy)၊ ဓာတ်မှန်ပညာရပ် (Radiography) နှင့် ဓာတ်ခွဲစစ်ဆေးပညာရပ် (Medical Technology) တို့ဖြစ်ကြသည်။ ယင်း ပညာရပ်တစ်ခုစီအတွက် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ ကျောင်းသား များထဲမှ နှစ်စဉ် ၁၅ ယောက်စီ ရွေးချယ် လျက် သင်ကြားမွေးထုတ်ပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ ကျောင်းသားများအတွက် ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေသည့် တက္ကသိုလ်လမ်းညွှန်စာအုပ်တွင် ဆေးဘက် ပညာသိပ္ပံပညာကို ဆေးတက္ကသိုလ် (Institute of Medicine)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (Institute of Dental Medicine) တို့နှင့်အတူ အထက်အောက် နေရာထားကာ ဖော်ပြပေးခဲ့ပါသည်။ ထိုအချိန်က အသက်မွေးဝမ်းကျောင်း ပညာရပ်သင် တက္ကသိုလ်များကို University ဟု မခေါ်ဝေါ်ဘဲ Institute ဟုသာ ခေါ်ဝေါ် သုံးစွဲခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို (Rangoon Institute of Technology - RIT) ဟုခေါ် ခဲ့ပါသည်။
နောင်လာမည့်တတိယနှစ်နှင့် စတုတ္ထ နှစ်များတွင် ဆေးဘက်ပညာသိပ္ပံကျောင်း၌ စာရေးသူတို့သည် ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်လက် သင်ကြားရမည်ဖြစ်သောကြောင့် ရန်ကုန် တက္ကသိုလ်မှ နည်းပြဆရာ၊ ဆရာမများ၊ လက်ထောက် ကထိကနှင့် ကထိကများက မိမိတို့၏ ဘာသာရပ်အများစုကို အင်္ဂလိပ် ဘာသာဖြင့် စေတနာထားလျက် သင်ကြား လေ့ကျင့်ပေးခဲ့ကြသဖြင့် ကျေးဇူးတင် လေးစားမိပါသည်။ အထူးသဖြင့် စာရေးသူတို့ အကြောအဆစ်ပညာရပ် ကျောင်းသူ ကျောင်းသားများအနေ ဖြင့် ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်များအား အင်္ဂလိပ်လို သင်ယူခွင့် ရရှိသောကြောင့် တတိယနှစ်မှာ ဆေးတက္ကသိုလ်-၁ (လိပ်ခုံး)၌ ခန္ဓာဗေဒ (Anatomy) နှင့် ဇီဝကမ္မဗေဒ (Physiology) ဘာသာရပ်များကို သင်ယူရာတွင် များစွာ အထောက်အကူဖြစ် ခဲ့ပါတော့သည်။
သို့ဖြစ်ရာ ဆေးဘက်ပညာသိပ္ပံ ကျောင်းသူ ကျောင်းသားများ၏ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကို ရန်ကုန် တက္ကသိုလ်က နှစ်ကာလတစ်ခုအထိ တာဝန်ယူလျက် သင်ကြားပေးခဲ့ဖူးသည်မှာ ယခုအခါ ဆယ်စုနှစ် ငါးခုမက ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ယင်းကိုသတိပြုသိရှိမှတ်မိ သူများ အလွန်နည်းနေလောက်ပြီဖြစ်သည်။ ထိုကြောင့် ရန်ကုန်တက္ကသိုလ်၏ ပညာရေး သမိုင်းအတွက် ပိုမိုပြည့်စုံမှုရှိစေရန် ဆေးဘက်ပညာ သိပ္ပံကျောင်းသားတစ်ဦး၏
တစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်အတွေ့ အကြုံလေးများကို ခံစားမျှဝေတင်ပြလိုသည့် ဆန္ဒဖြစ်မိပါသည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်အားလုံးထက် ရှေးကျပြီး မြန်မာ နိုင်ငံ၏ ပညာရေးသမိုင်းတွင် ဂုဏ်ရည်မြင့်မားထွန်းတောက်ခဲ့သည့် မိခင်တက္ကသိုလ် ကြီးလည်းဖြစ်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်အကြောင်းကို ပြော ကြလျှင် ...
- ဘွဲ့နှင်းသဘင်ခန်းမ ပါတတ်သည်။
- အဓိပတိလမ်းမ ပါတတ်သည်။
- ကျောင်းသားသမဂ္ဂအဆောက်အအုံ ပါတတ်သည်။
- ဂျပ်ဆင်အဆောက်အအုံ ပါတတ် သည်။
- ဦးချစ်လက်ဖက်ရည်ဆိုင် ပါတတ် သည်။
- ကံ့ကော်တော၊ ရေတမာတန်း၊ ပျဉ်း မပင်နှင့် စိန်ပန်းပင်များအကြောင်း ပါတတ်သည်။
- အထီးကျန် ပင်သက်ရှည် သစ်ပုပ် ပင်ကြီးလည်း ပါတတ်သေးသည်။
၎င်းတို့အားလုံးသည်ကား ရန်ကုန် တက္ကသိုလ်၏ အထင်ကရ ပြယုဂ်များဖြစ်ကြ လေသည်။
နောက်ပြီး ဖြောင့်ဖြူးသော အဓိပတိ လမ်းမကြီးကို ဗဟိုပြုဆက်သွယ်ထားသည့် လမ်းများ၊ အကွက်ကျကျတည်ဆောက်ထား သော စာသင်ဆောင်ကြီးများ၊ ကျောင်းသူ ကျောင်းသားတို့၏အဆောင်များ၊ ပါမောက္ခ တို့၏အိမ်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စိမ်းစိမ်း စိုစိုသစ်ပင်များနှင့် ထိုင်ခုံတန်းလေးများဖြင့် ရန်ကုန်တက္ကသိုလ်သည် လှပသော တက္ကသိုလ်ပရိဝုဏ်တစ်ခု ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်၌ အဆောင်နေ အဆောင်စားဖြင့် ပညာသင်ယူခဲ့ခြင်းနှင့် ပတ်သက်၍ စာရေးသူသည် များစွာ ဂုဏ်ယူမိသည်နှင့်အမျှ အမှတ်ရစရာများနှင့် လွမ်းမောစရာများလည်း ရင်မှာ ထွေးပိုက်ကာ တစ်ပုံတစ်ပင်ကြီး ရှိခဲ့ရပါသည်။
တက္ကသိုလ်ကြီးအလယ် မျက်စိသူငယ်
မြို့နယ်လေးတစ်ခုမှလာခဲ့ပြီး ကြီးမား ကျယ်ဝန်းပြီး ခံ့ညားထည်ဝါလှသော အဆောက်အအုံများရှိသည့် ရန်ကုန် တက္ကသိုလ်ကြီးကို ဗြုန်းစားကြီးတွေ့မြင်ရ သောအခါ စာရေးသူ၏စိတ်တွင် သိမ်ငယ်စွာ ခံစားလိုက်မိသည်။ အဆောက်အအုံများစွာ၊ စာသင်ခန်းများစွာ၊ လမ်းများစွာကို မသွား တတ်၊ မလာတတ်ဖြစ်ရသည်။ မျက်စိလည် ပြီး တောရောက်တောင်ရောက် ရောက်ခဲ့ သည် မှာလည်း အကြိမ်ကြိမ်။ စာသင်ခန်း ရှာမတွေ့ သဖြင့် ငိုရမလို၊ ရယ်ရမလိုဖြစ်ကာ သင်ခန်း စာအချို့ လွတ်သွားရသည်မှာလည်း မနည်း ခဲ့လှပေ။
ရန်ကုန်တက္ကသိုလ်ရှိ စာသင်ခန်းများ သည် ကျောင်းသူ ကျောင်းသား ရာဂဏန်း ဆံ့သည်အထိ ကျယ်ကျယ်ဝန်းဝန်းရှိသဖြင့် စာရေးသူတို့ ကျောင်းသူ ကျောင်းသား ၆၀ ဝင်ထိုင်ကြသည့်အခါ လူနည်းနည်းလေး ဖြစ်နေသောကြောင့် အခြားသော ကျောင်း သူ ကျောင်းသားများ၏ အမြင်တွင် ထူးခြားသလို ရှိနေခဲ့သည်။ စာရေးသူတို့အား အထူးအဆန်း သဖွယ်ကြည့် ကြည့်သွားတတ်ကြပါသည်။ ဘွဲ့လွန်တက်ကြသူများဟု ထင်ရအောင် ကလည်း အသက်အရွယ်နှင့် လူပုံစံတွေက ထင်စရာ လုံးဝမရှိကြပေ။
ရွှေဘိုဆောင်
စာရေးသူတို့ ဆေးဘက်ပညာမှ ကျောင်းသားများ (ပ-နှစ်၊ ဒုနှစ်)သည် ရွှေဘို ဆောင်တွင် နေခဲ့ရသည်။ ပထမနှစ် ကျောင်းသူများက သီရိဆောင်တွင်နေပြီး ဒုတိယနှစ်ကျောင်းသူများက ရတနာဆောင် နှင့် အင်းလျားဆောင်တို့တွင် နေခဲ့ကြ ပါသည်။ ရွှေဘိုဆောင်၏ အဆောင်မှူးမှာ ဒေါက်တာ သန်းထိုက်ဖြစ်ပြီး ဟောကျူတာ မှာ မြန်မာစာဌာနမှ ဆရာဦးမြသိန်း (နောင်တွင် မြန်မာစာပါမောက္ခ-ငြိမ်း)ဖြစ်သည်။ ဆရာဦးမြသိန်းမှာ တက္ကသိုလ် တေးအဆိုတော် ကိုမြသိန်းဖြစ်နေပါပြီ။ ထိုအချိန်က အဆိုတော် ကိုမြသိန်း၏ထင်ရှားသော ရေဒီယိုသီချင်းတစ်ပုဒ်ဖြစ် သည့် ‘မြကျွန်းညိုညို တက္ကသိုလ်’ သည် စာရေးသူတို့ခေတ်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ ရင်ကိုလှုပ်ရှား ရိုက်ခတ် စေသည့် အသည်းစွဲသီချင်းဖြစ်ခဲ့ပါသည်။
ရွှေဘိုဆောင်သည် သီရိဆောင်နှင့် မောင်နှမဆောင်ဖြစ်သဖြင့် သီရိဆောင် ရှေ့ကမြက်ခင်းပြင်၌ တေးသီချင်းများ သီဆိုကခုန်လျက် ညစာစားမိတ်ဆုံပွဲပြုလုပ် ခဲ့ကြသည်မှာ အလွန်ပင်ပျော်စရာကောင်း လှပါ၏။ သီရိဆောင်သည် ရွှေဘိုဆောင်၏ အရှေ့ဘက် ဓားလွယ်ခုတ်နေရာတွင် ရှိပြီး ဂျပ်ဆင်လမ်းကို မျက်နှာမူထား၏။
ညနေစာစားပြီးသောအခါ အဆောင် ရှိနားနေခန်းတွင် သတင်းစာ လုဖတ်ခဲ့ကြ ရသည်ကို အမှတ်ရလွမ်းမိပါသည်။ များသောအားဖြင့် သတင်းစာတစ်စောင် လုံးကိုင်ပြီး ဖတ်ရသည့်အခါမျိုးရှားပြီး သတင်းစာတစ်စောင်ကို လူ ၃-၄ ဦး ခွဲထုတ် ဖတ်ရလေ့ရှိပါသည်။ တစ်ခါတစ်ရံ ညဦးပိုင်း တွင် စာရေးသူတို့သည် လှည်းတန်းဈေးသို့ အညောင်းအညာပြေ လမ်းလျှောက်ကြပြီး ကျောင်းသား အချို့က ကမာရွတ်အဝိုင်းကြီးပေါ်မှာထိုင်ရင်း လေညင်းခံတတ်ကြပါသည်။ ကားတွေက မများလှသေး။ ကားသမားတွေ ကလည်း မရမ်းကားကြသဖြင့် လမ်း ၅ လမ်း စုံရာ ဗဟိုချက်နေရာရှိ အဝိုင်းကြီးပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ ထိုင်နိုင်ခဲ့ကြခြင်း ဖြစ်လေသည်။
ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ
(Recreation Centre)
တက္ကသိုလ်ကျောင်းသူ ကျောင်းသား များက ‘အာစီ’ဟုခေါ်ကြလေ့ရှိသော အပန်း ဖြေရိပ်သာသည် စာရေးသူတို့၏ ရွှေဘို ဆောင်နှင့် သိပ်မဝေးသောကြောင့် မကြာ ခဏဆိုသလို ရောက်တတ်သည်။ အာစီသည် ကျောင်းသူ ကျောင်းသားများဖြင့် အမြဲ စည်ကားနေလေ့ရှိပြီး အလွန်လည်းပျော်စရာ ကောင်းပါသည်။ ဆိုင်းသံ၊ ဗုံသံလေးများဖြင့် စိုစိုပြည်ပြည်ရှိလှ၏။ မိမိတို့၏အဆောင်မှ သူငယ်ချင်း တချို့က အာစီမှာ မယ်ဒလင်၊ ဒုံမင်း အစရှိသည့် ဂီတအတီးအမှုတ်များ သွားသင်ခြင်းနှင့် လေ့ကျင့်ခြင်းများပြုလုပ် ကြသည်။ အာစီမှာ ကျောင်းသူ ကျောင်း သားများအချင်းချင်း အချိန်းအချက်လုပ်ရန် လည်းကောင်း၊ ကျောင်းသားရေးရာ လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် လည်းကောင်း တွေ့ဆုံရန် များစွာအဆင်ပြေ လေသည်။ ဥပမာ တိုင်းရင်းသားဘာသာ စကားသင်တန်းများတက်ရန် ခေါ်ယူခြင်း။ မိမိသည် ရှမ်းဘာသာစကားသင်တန်းကို တက်ခဲ့ဖြစ်၏။
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်
စာရေးသူသည် ပထမနှစ်တွင် တက္ကသိုလ် များဗဟိုစာကြည့်တိုက်သို့ အရောက်အပေါက် များခဲ့ပါသည်။ စာကြည့်တိုက်သည် မိမိတို့ အတန်းတက်နေသော သိပ္ပံစာသင်ဆောင်များ (Science Building) ဘက်တွင် ရှိသဖြင့် လမ်းသင့်ပါသည်။ သို့သော် ယင်းကဲ့သို့ စာကြည့်တိုက်သို့ နေ့စဉ် လိုလိုသွားခဲ့ရခြင်း မှာ မိမိဝါသနာပါသော ပြင်ပစာအုပ်များကို ငှားရမ်းဖတ်ရှုရန်အတွက်တော့ မဟုတ်ပါချေ။ တက္ကသိုလ်ဝင်တန်းမှာတုန်းက စာရေးသူ သည် သင်္ချာနှင့်ရူပဗေဒဘာသာရပ် နှစ်ခု မပါရှိ ခဲ့သဖြင့် တက္ကသိုလ်သို့ရောက်ခါမှ နဖူးတွေ့ ဒူးတွေ့စသင်ရသည့် ၎င်းဘာသာရပ် နှစ်ခုတွင် စာမလိုက်နိုင်သောကြောင့် စာကြည့်တိုက်ရှိ သင်္ချာနှင့်ရူပဗေဒစာစဉ်များကို ဖတ်မှတ် လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။
နောက်တစ်ခု ကံကောင်းသည်မှာ သင်္ချာ ဌာနသို့သွားလျက် မရှင်းလင်းသည်များကို ကထိက ဦးအောင်စိန်ထံ ကိုယ်တိုင်မေးမြန်း နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာဦးအောင်စိန်သည် ကန့်ဘလူ မြို့သားဖြစ်ပြီး မိမိအား လိုလို လားလားဖြင့်ပင် အကူအညီပေး သင်ပြ ပေးခဲ့ပါသည်။
အလေးမ အားကစားရုံ
စာရေးသူသည် ညနေပိုင်းနောက်ဆုံး သင်ခန်းစာပြီးသည်နှင့် အဆောင်သို့ အပြေးအလွှား ပြန်လေ့ရှိသည်။ အခန်းက စာကြည့်စားပွဲပေါ်သို့ ကျောင်းစာအုပ်များကို ‘ဘုန်း’ခနဲ ပစ်ချပြီးနောက် အဝတ်အစား ကတိုက်ကရိုက်လဲကာ တက္ကသိုလ်အလေးမအားကစားရုံသို့လမ်းလျှောက်သွားလျက် လေ့ ကျင့်ပါသည်။ အလေးမအားကစားရုံသည် တက္ကသိုလ်ဘက်အခြမ်းမှ သထုံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင် ရှိပြီး သထုံလမ်းကို မျက်နှာမူထားသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် အာဏာသိမ်း စစ်အစိုးရက ဗုံးခွဲဖျက်ဆီးခြင်းခံခဲ့သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အအုံ(Students’ Union Building) နှင့် ကျောချင်းကပ်နေရာတွင်ဖြစ်သည်။ ကာယလေ့ကျင့်ကိရိယာပစ္စည်းများ အတော် လေးစုံလင်ပါသည်။
အခြားတစ်ဖက်မှလည်း စာရေးသူတို့ သည် အကြော၊ ဆေးဝါး၊ ဓာတ်ခွဲ၊ ဓာတ်မှန် ပညာရပ်တစ်ခုလျှင် ဘောလုံးအသင်း တစ်သင်းစီဖွဲ့လျက် တက္ကသိုလ်ဘောလုံးကွင်း မှာ ပြိုင်ပွဲများပြုလုပ်နိုင်ခဲ့သည်။ မိမိတို့ ပညာရပ်အလိုက် ဆူညံစွာအော်ဟစ်အားပေးခြင်းရှိသကဲ့သို့ တစ်ခါတစ်ရံ၌ ကွင်းထဲမှာ အချင်းချင်း ရန်စ လူချကြသောကြောင့် ခိုက်ရန် ဖြစ်ပွားသည်အထိလည်း ဖြစ်ခဲ့ဖူးသည်။
ထို့အပြင် စာရေးသူတို့ ဆေးဘက် ပညာကျောင်းသူ ကျောင်းသားများထဲတွင် စာပေဝါသနာပါသူများပါရှိသဖြင့် ကဗျာ၊ အစမ်းစာနှင့် ဆောင်းပါးများပါသော လက်ကမ်းစာစောင်လေး နှစ်စောင်၊ သုံးစောင် ကို cyclostyle စက်ဖြင့် ရိုက်နှိပ်ထုတ်ဝေ ဖြစ်ခဲ့ပါသည်။
အဆောင်ထမင်းစားရုံ
အလေးမ ကစားခြင်းကို ၄၅ မိနစ်ခန့် လေ့ကျင့်ပြီးသောအခါ အဆောင်သို့ပြန်ပြီး ရေမိုးချိုးသည်။ ပြီးလျှင် ဇွန်းနှင့်ခက်ရင်း နှစ်ချောင်းကိုင်ပြီး ဗိုက်ဆာဆာဖြင့် ထမင်း စားရုံ သို့ သွားတော့သည်။ မိမိအပါအဝင် ကျောင်းသားအချို့က ထမင်းစားရုံတံခါး အဖွင့်ကို စောင့်ရင်း ဇွန်းနှင့် ခက်ရင်းတို့ကို တချွင်ချွင်မြည်အောင် ခေါက်နေတတ်ကြ သည်။ အဆောင်နှင့် ထမင်းစားရုံတို့ကို လျှောက်လမ်းလေးဖြင့် ဆက်ထားပေးပြီး ထမင်းစားရုံ၏ အခြားတစ်ဖက်တွင် ဒဂုန် ဆောင်ရှိ၏။ ထမင်းစားရုံ တံခါးဖွင့်သည်နှင့် အတွင်းသို့ဝင်ပြီး အသားဟင်းခွက်များ တင်ထားသည့်စားပွဲရှည်ကြီးတွင် အသား ကောင်းကောင်းဟင်းခွက်ကို ရွေးပြီး ညနေ စာစားပါသည်။ ထိုအချိန်က အဆောင်အစား အသောက်များသည် များသောအားဖြင့် စားကောင်းသည်ဟုပြောရပါမည်။
စာပေဟောပြောပွဲများ
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူ ခဲ့စဉ်က စာရေးသူမမေ့နိုင်သော အမှတ်တရ များစွာထဲက တစ်ခုမှာ စာပေဟောပြောပွဲများ ဖြစ်သည်။ စာရေးဆရာနှင့် သတင်းစာဆရာ ဦးသိန်းဖေမြင့်၊ ဆရာဇော်ဂျီ၊ ရုပ်ရှင်မင်းသား နှင့် စာရေးဆရာ ဗိုလ်ဗကို၊ စာရေးဆရာ သိပ္ပံမှူးတင်၊ ဦးတင်ဧ(ရှမ်းပြည်)၊ ဒေါက်တာကျော်စိန်နှင့်စာရေးဆရာတက္ကသိုလ်နေဝင်းတို့ လာရောက် ဟောပြောခဲ့ကြသည်ကို မှတ်မိနေသည်။ ထိုအချိန်က စာရေးဆရာ သိပ္ပံမှူးတင်သည် ကျန်းမာရေးနှင့် အပိုလို အာကာသယာဉ်ခရီးစဉ် အကြောင်းတို့ကို ရောင်စုံရုပ်ပုံများဝေဝေဆာဆာဖြင့် စိတ်ဝင် စားဖွယ်ဟောပြောလေ့ရှိသည်။ ဆေးလိပ် သောက်ခြင်း၏ အန္တရာယ်အကြောင်းကို လည်း ကျောင်းသားလူငယ်များ သတိပြု ရှောင်ကြဉ်ကြရန် သူ၏ဟောပြောပွဲတိုင်း တွင် အမြဲထည့်ပြောတတ်ပါသည်။
ပညာသင်ထောက်ပံ့ကြေးနှင့်လူရည်ချွန်ဆု
စာရေးသူတို့ ဆေးဘက်ပညာ ကျောင်း သူ ကျောင်းသား ၁၂၀ (ပ/ဒု နှစ် နှစ်တန်း ပေါင်း) ထဲက အချို့သည် အခြားသော ပင်မတက္ကသိုလ် ကျောင်းသူကျောင်းသား များကဲ့သို့ တက္ကသိုလ် ပညာသင်ထောက်ပံ့ ကြေး ရရှိခဲ့ကြသလို နှစ်အလိုက် တက္ကသိုလ်လူရည်ချွန်များ အဖြစ်လည်း အရွေးခံခဲ့ရပါသည်။ ထို့အပြင် တတိယနှစ်နှင့် စတုတ္ထနှစ်သို့ရောက်သောအခါ ကိုလံဘိုစီမံ ကိန်းမှပေးသော ပညာသင် ထောက်ပံ့ကြေး ၁၈၀ ကျပ်ကို လစဉ်ရရှိခဲ့သေး၏။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ်သည် သက်တမ်း အားဖြင့် နှစ် (၁၀၀) ပြည့်ပေပြီ။
ရန်ကုန်တက္ကသိုလ်တည်းဟူသော တက္က သီလာမြကျွန်းသာ၏ ရင်ခွင်၌ နှစ်နှစ်တာ ခိုလှုံပြီး ဆရာ ဆရာမများ၏ အေးမြသည့် မေတ္တာအရိပ်အာဝါသအောက်တွင် ပညာရည် နို့သောက်စို့ခွင့်ရရှိခဲ့သဖြင့် များစွာဂုဏ်ယူ မိပါသည်။ ယနေ့တိုင် မမေ့ပျောက်နိုင်သေး သော အမှတ် ရစရာများနှင့် ရင်မှာနွေးထွေးစွာ ခံစားမိဆဲရှိသည့် လွမ်းမောစရာများနှင့်အတူ စာရေးသူသည် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကြီးကို လှိုက်လှဲစွာဂုဏ်ပြုလိုက်ပါသည်။ ။
ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း
-------------------------------------
- ၁၉၄၈ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အဖ ဦးအေးမောင် (ရဲအရာရှိ-ငြိမ်း) အမိ ဒေါ်တင်မေတို့က ကန့်ဘလူမြို့၌ မွေးဖွားခဲ့သည်။ ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့တို့တွင် ပညာသင် ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Science) ၌ ပညာသင်ယူခဲ့ရာ ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလတွင် DPMS (Physiotherapy) ဘွဲ့ရရှိခဲ့သည်။
- ၁၉၇၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မသန် စွမ်း လူနာများ ဆေးရုံ (သမိုင်း)၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး နှင့် ကြည့်မြင်တိုင် အရိုးရောဂါ အထူးကုဆေးရုံတို့တွင် အကြော အဆစ်ကုပညာရှင် (Physio- therapist) အဖြစ် တာဝန် ထမ်းဆောင်ရင်း လုပ်သား ပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၊ သုတ စာစောင်များနှင့် မဂ္ဂဇင်းတို့၌ ဆေးပညာပေး ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။
- ကျန်းမာရေးပညာပေးစာအုပ် (၅) အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပထမဆုံးစာအုပ်ဖြစ် သော ‘သိမှတ်ဖွယ်ရာ အကြော အဆစ်ရောဂါများ’ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ်အတွက် အမျိုးသား စာပေဆု (သိပ္ပံနှင့် အသုံးချ သိပ္ပံ ဘာသာရပ်)ကို ရရှိခဲ့၏။
- ၁၉၉၀ ပြည့်နှစ် မေလတွင် စင်ကာပူ နိုင်ငံရှိ Movement for the Intellectually Disabled of Singapore တွင် အကြောအဆစ်ကု ပညာရှင် (Physiotherapist) အဖြစ် စတင် အလုပ်လုပ်ခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာလ တွင် Head Physiotherapist (ဌာနမှူး) ရာထူးဖြင့် အနားယူ ခဲ့သည်။
- ဉာဏ်ရည်နိမ့် မသန်စွမ်းကလေး များ၏ မသန်စွမ်းမှုနှင့် လှုပ်ရှား သွားလာမှု အခက်အခဲများကို လေ့လာ သုတေသနပြုစုလျက် ကိုရီးယား၊ ဂျပန်၊ တောင်အာဖရိက နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် စာတမ်းများ တင်သွင်းဖတ်ကြား ခဲ့သည်။ ဂျပန်နိုင်ငံ Asian Resource Centre မှချီးမြှင့်သည့် သုတေသနစာတမ်းဆု (Distin- guished Achievement Award) ကို ၁၉၉၃ ခုနှစ်က ရရှိခဲ့သည်။
- အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Physio- therapy Congress) နှင့် ဉာဏ် ရည်နိမ့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံ (IASSID Congress) တို့ကို ဖင်လန်၊ ကနေဒါ၊ နယ်သာ လန်၊ ဆွစ်ဇာလန်၊ တရုတ်(တိုင်ပေ)နှင့် တောင်အာဖရိကနိုင်ငံများသို့ သွားရောက်တက်ခဲ့သည်။
- အလုပ်မှအနားယူပြီးနောက် ယခု အခါ စင်ကာပူနိုင်ငံရှိ ခုတင် ၂၀၁၀ ဆံ့ဆေးရုံကြီးတွင် Senior Physio- therapist အဖြစ် အချိန်ပိုင်းအလုပ် လုပ်လျက်ရှိသည်။
- ပညာအရည်အချင်းမှာ DPMS (Physiotherapy), Diploma in Russian, Cert. NDT (USA) ဖြစ်သည်။
- Log in to post comments