အမျိုးသားအောင်ပွဲနေ့နှင့် အမျိုးသားအကျိုးစီးပွား

အယ်ဒီတာ့အာဘော်

===========

 

အမျိုးသားအောင်ပွဲနေ့နှင့် အမျိုးသားအကျိုးစီးပွား

=============================

 

ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းနှင့်အတူ အမျိုးသားရေးလှုပ်ရှား မှုလည်း တစ်ဆက်တည်းဖြစ်ပေါ်လာခဲ့သည်။ ထိုအမျိုးသားရေးလှုပ်ရှားမှု ကြီးသည် ယူနီဗာစီတီ အက်ဥပဒေကို ကျောင်းသားများနှင့် ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ပေါ်ပေါက်လာသော အမျိုးသားရေးလှုပ်ရှားမှု၊ အမျိုးသားရေး သမိုင်းမှတ်တိုင်၊ အမျိုးသားအောင်ပွဲ နေ့ဖြစ်သည်။

 

၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် မြန်မာတစ်မျိုး သားလုံး၏ အမျိုးသားရေးလှုပ်ရှားမှု အစီအစဉ်တွင် ထင်ရှားပြောင်မြောက် သော သမိုင်းမှတ်တိုင်ကြီးဖြစ်၍ ထိုနေ့ထိုရက်သို့ရောက်လေတိုင်း အမျိုးသား အောင်ပွဲနေ့ကို ကျင်းပလေ့ရှိသည်။ ထိုအောင်မြင်သောလှုပ်ရှားမှုကြီးသည် ကျောင်းသားအရေး၊ ပညာအရေး လှုပ်ရှားမှုသဘော သက်သက်မဟုတ်ချေ။ အမျိုးသားကျောင်းများ မြန်မာပြည်အနှံ့ ပေါ်ပေါက်လာရေးနှင့် နိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုအရှိန်အစပျိုးသော အမျိုးသားရေးလှုပ်ရှားမှု မီးရှူး တန်ဆောင်ဖြစ်သည်။

 

အမျိုးသားအောင်ပွဲနေ့သည် ရန်ကုန်တက္ကသိုလ်ကြီးနှင့်အတူ ပေါ်ပေါက်လာသောကြောင့် နှစ်(၁၀၀) ပြည့် မီးရှူးတန်ဆောင်နေ့ဖြစ်လာ ပြီ။ နှစ် (၁၀၀) တွင် တစ်ကြိမ်သာကြုံကြိုက်ရသည့် အမျိုးသားအောင်ပွဲနေ့ ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလဖြစ်၍ သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား မကျင်းပနိုင်သော်လည်း ထင်ထင်ရှားရှား လေးလေး နက်နက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြရမည်ဖြစ်သည်။ အမျိုးသား စိတ်ဓာတ်၊ အမျိုးသားရေး နိုးကြားထက်သန်မှုသည် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးသဖြင့် သမိုင်းတန်ဆောင်ထွန်းပြောင်မှုကို လှစ်ဟ ပြကြရမည်ဖြစ်သည်။

 

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် မွန်မြတ်အားကောင်းသော အမျိုးသားရေးစိတ်ဓာတ် မရှိမဖြစ်လိုအပ်ပါသည်။ မိမိနိုင်ငံ လွတ်မြောက်ရေးအတွက်လည်းကောင်း၊ မိမိနိုင်ငံ ကာကွယ်စောင့် ရှောက်ရေးအတွက်လည်းကောင်း၊ မိမိနိုင်ငံ၏အကျိုးစီးပွား မပျက်စီးမယုတ် လျော့ရေးအတွက် လည်းကောင်း အမျိုးသားရေးစိတ်ဓာတ်များ ထွန်းကား အောင် ကြိုးပမ်းအားထုတ်ကြပါသည်။ ပြင်းပြသော အမျိုးသားရေး၊ နိုးကြား သော အမျိုးသားစိတ်တို့ဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှုဖော် ဆောင်ကြသည်။

 

၁၉ ရာစု၊ ၁၉ ရာစုလွန်ကာလတွင် နိုင်ငံများသည် နယ်ချဲ့ လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ထက်သန်သောအမျိုးသားရေးစိတ်ဓာတ်ဖြင့် တွန်းလှန်နိုင်ခဲ့ပြီး ၂၀ ရာစု၊ ၂၁ ရာစုကာလတွင် မိမိနိုင်ငံ ချမ်းသာကြွယ်ဝရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အမျိုးသား ရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းအားထုတ်နေကြသည်။ မိမိနိုင်ငံ ပိုင်နက်နယ်မြေ ကို ကာကွယ်ရာ၌၊ မိမိနိုင်ငံ အကျိုးစီးပွားထိခိုက်မှုကို ကာကွယ်ရာ၌ အမျိုးသားရေးစိတ်ဓာတ်သည် မရှိမဖြစ်လိုအပ်သည်။ ယင်းအမျိုးသားရေး စိတ်ဓာတ် သန္ဓေတည်မွေးဖွားရာနေ့သည် ယင်းနိုင်ငံ၏ သမိုင်းအထင်ကရ အမျိုးသားရေးလှုပ်ရှားမှုကြီး စတင်သောနေ့ကို သတ်မှတ်ကြသည်။ မြန်မာ နိုင်ငံအနေဖြင့်မူ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ဖြစ်သည်။

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်ကြီးဖွင့်လှစ်ပြီး ရက်ပိုင်းအကြာတွင် အမျိုးသားရေးလှုပ်ရှားမှုကြီး ကို စတင်နိုင်ခဲ့သည်မှာ ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်ကြောင့် ဖြစ် သည်။ ရာပြည့် ရန်ကုန်တက္ကသိုလ်နှင့် ရာပြည့်အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်း ၁၀၀ သက်တမ်းသို့ ချင်းနင်းဝင်ရောက်ပြီဖြစ်၍ လူ့သက်တမ်းတစ်ခု ကို ကျော်လွန်လာပြီဖြစ်သည်။ သို့အတွက် နှစ်ပေါင်း ၁၀၀ ကာလက နိုင်ငံ အပေါ်ထားရှိခဲ့သော အမျိုးသားရေးစိတ်ဓာတ်များ မှေးမှိန်ပျောက်ကွယ်မသွား ဖို့လိုအပ်သည်။

 

မျက်မှောက်ကာလတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိနိုင်ငံ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ၌ တစ်ကမ္ဘာလုံးအကျိုးကို လွှမ်း ခြုံရှုမြင်လာသည့် အချိန်အခါဖြစ်သည်။ အဖြစ်အပျက်အကြောင်းအရာ များသည် မိမိတစ်နိုင်ငံသာမက တစ်ကမ္ဘာလုံးစီးဝင်ဖြစ်ပေါ်နေသော ကာလဖြစ်သည်။ ထို့ကြောင့် အကျိုးစီးပွားများကို ဖော်ဆောင်ရာ၌ မိမိနေရာ ကွက်ကွက်လေးသာ ရှုမြင်ဆောင်ရွက်ခြင်းဖြင့် အလုပ်မဖြစ်နိုင်တော့ဘဲ တစ်ကမ္ဘာလုံးလွှမ်းခြုံရှုမြင်သော တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်စွမ်းအားဖြင့် ကြိုးပမ်းအားထုတ်မည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်များ မွေးမြူကြ ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ် ၁၀၀ ကာလက ပေါ်ထွန်းခဲ့သော အမျိုးသား ရေးမီးရှူးတန်ဆောင်သည် သမိုင်းကာလအားဖြင့် မဝေးကွာသေးပေ။ အမျိုး သားလွတ်မြောက်ရေးမှ သန္ဓေတည်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ မျက်မှောက်ကာလ၌ နိုင်ငံချစ်စိတ်၊ ကမ္ဘာချစ်စိတ်၊ အားလုံးနှင့် သဟဇာတဖြစ်မည့် မြော်မြင်စိတ်များမွေးမြူ၍ အကျိုးစီးပွားများကို ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။