
ရန်ကုန် ဩဂုတ် ၁၁
၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပ မည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာချန်ပီယံ များကတစ်ဖက် ပြည်ပနိုင်ငံအသီးသီးမှ ချန်ပီယံများကတစ်ဖက် ထိုးသတ်မည် ဖြစ်သည်။ ၆၀ ကီလိုတန်းတွင် စကိုင်းနက် ရွှေအောင်လံရှင် စောဘဟိန်းနှင့် ကမ္ဘောဒီးယားမှ ခွန်ခမာချန်ပီယံ သီရက်၊ ၆၃ ဒသမ ၅ကီလိုတန်းတွင် စကိုင်းနက် ရွှေအောင်လံရှင် အဲမွီနှင့် နယူးဇီလန် ကစ်ဘောက်ဆင် ချန်ပီယံ ဂျိတ်အော်လီဗာ၊ ၆၇ ကီလိုတန်းတွင် စကိုင်းနက် ရွှေအောင်လံ ရှင် မင်းထက်အောင်နှင့် အာဂျင်တီးနား ကစ်ဘောက်ဆင်ချန်ပီယံ အလံရောနီ၊ ၇၀ ကီလိုတန်းတွင် မြန်မာပထမတန်း ချန်ပီယံနှင့် ဒဂုံအောင်လံရှင် စိုးလင်း ဦးနှင့် မွေထိုင်းလက်ဝှေ့ချန်ပီယံ ဝီဂျစ်၊ ၈၀ကီလိုတန်းတွင် မြန်မာလက်ဝှေ့အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်အီရန်မှ မွေထိုင်းချန်ပီယံ ဟန်တိုလီမာနီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အထူးအမျိုးသမီးစိန်ခေါ်ပွဲအဖြစ် အဖွဲ့ချုပ်လက်ရွေးစင် မေသဇင်ထူးနှင့် AMT 2 ကလပ်မှ သံသာငြိမ့်တို့ ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို စကိုင်းနက် Sport ချန်နယ်မှ Live လွှင့်ပြသမည်ဖြစ်ပြီး လက်မှတ်များကို အကန့်သတ် ဖြင့် ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး