အဂတိကင်းစင်ရေး

အဂတိလိုက်စားသည်ဟူသည့် ကိစ္စမှာ အမှန်တော့ အလွန်ဆိုးရွား လွန်းသော အပြစ်တစ်ခုဖြစ်သော်လည်း ဤနိုင်ငံ၌ မထူးခြားလှသော သာမန်ဖြစ်ရိုးဖြစ်စဉ်  ပုံစံမျှသာဟူသည့်အနေဖြင့် ရှိနေခဲ့သည်မှာ  ဒီမိုကရေစီဆိတ်သုဉ်းမှုနှင့်အတူ  ရာစုနှစ်ဝက်ကျော် ဖြစ်ခဲ့ပေသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးသော နိုင်ငံအဖြစ်  ရောက်ခဲ့ ခြင်း၊  ဆင်းရဲမွဲတေသည့်  နိုင်ငံအဖြစ်သို့  တန်းဆင်းခဲ့ရခြင်းတို့၏ အကြောင်းရင်းခံတစ်ခုဟုဆိုလျှင်လည်း ရနိုင်ကောင်းမည်ဖြစ်ပါသည်။
ဒီမိုကရေစီမရှိသည်နှင့်အမျှ နိုင်ငံရေးအာဏာရယူထားသူများ၊ လုပ်ပိုင်ခွင့်ကြီးကြီးရှိနေသူများက  သူတို့၏အာဏာနှင့် လုပ်ပိုင်ခွင့် တို့ကို အလွဲသုံးစားပြုကာ ကိုယ်ကျိုးရှာကြခြင်းဖြင့် အဂတိနိုင်ငံတော် အဖြစ်သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုလျှင် မမှားနိုင်။ သတ်မှတ်ထား သည့် စည်းမျဉ်းဥပဒေများအရ  နိုင်ငံသားတစ်ယောက် ပုံမှန်အားဖြင့် ဆိုလျှင် အလွယ်တကူ  ရသင့်သည့်   အခွင့်အရေးကို ခက်ခဲအောင် လုပ်ထားခြင်းဖြင့် တံစိုးလာဘ်လာဘရယူကြခြင်း ဖြစ်၏။ ဤနည်း အားဖြင့်   လာဘ်ပေးလာဘ်ယူစနစ်က   တစ်စတစ်စကြီးထွားလာ          ခဲ့လေသည်။
စီမံကိန်းများကို   အပြိုင်အဆိုင်လုပ်လိုသူ  များလာသည့်အခါ မိမိလုပ်ခွင့်ရအောင် လာဘ်ငွေပေးခြင်းဖြင့်  ပြိုင်ဘက်ကို  အနိုင်ယူ သည်များ၊ အာဏာပိုင်တို့၏ ဇနီး၊ သားသမီး မိသားစုတို့၏ ကုမ္ပဏီ ဆိုသည့်  အင်အားဖြင့်  အနိုင်ယူသည်များ၊   အာဏာပိုင်နှင့်  ရင်းနှီး ကျွမ်းဝင်သည့် မိတ်ဆွေအရင်းအချာတို့အနေဖြင့်  အနိုင်ယူသည် များတို့ဖြင့်   မျှတသောယှဉ်ပြိုင်မှုပျက်သုဉ်းကာ  အဂတိနည်းက အားကောင်းလာခဲ့သည်။ သည်လိုနှင့်  လာဘ်ယူသူ  လုပ်ပိုင်ခွင့်ရှိ အာဏာပိုင်တို့သည် လက်မှတ်ထိုးရုံမျှဖြင့် သန်းကြွယ်သူဌေးကြီးများ အဖြစ်သို့   ရောက်ရှိလာခဲ့ကြ၏။   လာဘ်ပေးသူတို့သည်လည်း  အောင်မြင်ကြီးပွားသော   ကုမ္ပဏီကြီးများအဖြစ်သို့  တစ်မုဟုတ်ချင်း ပြောင်းလဲကုန်ကြလေသည်။
စီမံကိန်းအမျိုးမျိုးကိုလုပ်ပိုင်ခွင့်၊   ဆောက်ခွင့်၊   တူးခွင့်၊ တည်ခွင့်၊   ဖော်ခွင့်၊   ခုတ်ခွင့်၊  ထုတ်ခွင့်၊   သွင်းခွင့်၊  ရောင်းခွင့်၊ ခြယ်လှယ်ခွင့်၊  တစ်ဦးတည်းပိုင်ခွင့်၊   တစ်ဦးတည်းရောင်းခွင့် စသည်ဖြင့် သမ္မာအာဇီ၀ ပျောက်ကာ၊ မိစ္ဆာဇီ၀တို့သာ တွင်ကျယ်လာတော့သည်။   အခွင့်ထူးခံ စီးပွားရေး၊  လုပ်ပိုင်ခွင့်နှင့် ပါမစ်စီးပွားရေးဖြင့် တရားမှု၊ မတရားမှု ဘာကိုမှဂရုမထား၊  ဘာမဆိုလုပ်ရဲသူများ   ကြီးပွားချမ်းသာသည်  ဟူသည်ကပင် နိုင်ငံ၏ အမှန်တရားတစ်ခုသဖွယ် ဖြစ်ခဲ့ရလေသည်။  
သည်လိုနှင့်   အဂတိဟူသည်၊  လာဘ်ပေးလာဘ်ယူမှုဟူသည်၊ ခြစားမှုဟူသည်၊ စီးပွားရေးမှာသာမဟုတ် အလုံးစုံသော နယ်ပယ် အသီးသီးသို့  ဝင်ရောက်တွင်ကျယ်လာတော့သည်။   လူနာထံသို့ သွားချင်သော လူနာရှင်က ဆေးရုံတံခါး ဖွင့်ပေးဖို့ လာဘ်ပေးရ၏။ 
မှတ်ပုံတင်ပျောက်၍  အသစ်ပြန်လျှောက်လိုလျှင်  လာဘ်ပေးရ၏။ ဘုရားအထက်ပစ္စယံပေါ်သို့တက်လိုပါက  လာဘ်ပေးရ၏။ အိမ်ပြောင်း ရ၍   သားသမီးကျောင်းပြောင်းရမည်ဆိုလျှင်   လာဘ်ပေးရ၏။            စီးပွားဖြစ်လုပ်ငန်းများမှမဟုတ်ဘဲ နေ့စဉ်သာမန် အရေးများတွင်ပင် အဂတိက တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ၊ မသိမသာတစ်နည်း၊ ပြောင်ပြောင်တစ်သွယ်ဖြင့် ကြီးစိုး လွှမ်းမိုးနေတော့သည်။ ထိုမှတစ်ပါး နိုင်ငံနှင့်  နိုင်ငံသားတို့အတွက်၊   အဆိုးတကာ့အဆိုးဆုံးဟု   ဆိုနိုင် လောက်သည့် အဂတိများကို တရားစီရင်ရေးနယ်ပယ်၊    ဥပဒေစိုးမိုး ရေးနယ်ပယ်တို့တွင် ထင်ထင်ပေါ်ပေါ်   မြင်လာရလေသည်။    သည်လို နှင့် ဥပဒေလိုက်နာမှု၊   မှန်ကန်မျှတသော  တရားစီရင်ရေးစနစ်အပေါ် အားကိုးအားထားပြုသည့်အလေ့က လျော့ရဲလာတော့သည်။
ပြည်သူ့ယုံကြည်ထောက်ခံမှုအပြည့်အဝဖြင့် နေရာရလာသော ဒီမိုကရေစီအစိုးရတာဝန်ယူသည့် အချိန်မှစကာ အဂတိကို ထိန်းချုပ် ကိုင်တွယ်နိုင်ရန် ကြိုးစားနေသည်ကို တွေ့ရှိနေရပြီ ဖြစ်ပါသည်။ အတွင်းထဲသို့ ထွင်းဖောက်နက်ရှိုင်းစွာ အမြစ်တွယ်နေသော အဂတိကို နက်နက်နဲနဲ  တူးဖော်ဖြေရှင်းရမည်ဟုလည်း ရှုမြင်ပါသည်။
အဂတိအတွက် ဥပဒေကရှိ၏။ လာဘ်ပေးသူလည်း  မလွယ်၊ လာဘ်ယူသူကား ဆိုဖွယ်ရာမရှိ။  လာဘ်ဖြင့်  ချမ်းသာထားသမျှ နိုင်ငံတော်က   သိမ်းပိုက်နိုင်သည်အထိ ဥပဒေက ကြပ်မတ်ပေးထား ပါ၏။ လက်တွေ့တွင်မူ ဥပဒေစိုးမိုးရေး၌ လာဘ်ပေးလာဘ်ယူ ခံတပ် က ရှေ့မှာ ကာဆီးပေးထားနေသရွေ့ ထိုးဖောက်ရန် မလွယ်ကူလှချေ။
သို့သော်လည်း   မဖြစ်မနေ   ကျော်လွှားရမည့်  အဂတိတံတိုင်း ကြီးအဖြစ် သဘောထားကာ ပြည်သူ့အင်အားကို ယုံကြည်မှုဖြင့် ကျော်ဖြတ်အောင်မြင်အောင် ကြိုးပမ်းနိုင်ပါစေသတည်း။      ။