ရာပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုပါ၏

Type

 

မောင်မိုးယံ (အမျိုးသားစာပေဆု)

 

 

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးသမိုင်းတွင် ကမ္ပည်းတင်မည့်နှစ် (၁၀၀)ပြည့် (ရာပြည့်သဘင်ပွဲ)ကြီး လေးခု ဆင်ယင်ကျင်းပမည့် နှစ်ထူးနှစ်မြတ်ကြီး ဖြစ်သည်။

မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ရာပြည့်၊ အမျိုးသားအောင်ပွဲနေ့ရာပြည့်၊ မြို့မအမျိုးသား ကျောင်းရာပြည့် ဆိုသော နှစ် (၁၀၀)သက်တမ်းကို ပြန်လည်ပုံရိပ်ပေါ်ကာ အောက်မေ့ဖွယ် အခမ်းအနားကြီးများကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စိုင်းပြင်းခဲ့ ကြသော်လည်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် အခမ်းအနားများကျင်းပရန် အခက်အခဲရှိ သဖြင့် တေးသီချင်းများမှ တစ်ဆင့်၊ ရုပ်မြင်သံကြားအစီအစဉ်များမှ တစ်ဆင့်၊ သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် ထုတ်လွှင့် ပြသ၊ ရေးသားဖော်ပြနေကြသည်မှာ သမိုင်းကို မှတ်ကျောက်တင်နေကြခြင်း ဖြစ်ပါသည်။

အမျိုးသားပညာရေးလှုပ်ရှားမှုကြီး

ထိုအခမ်းအနားကြီးများ အနက် အမျိုးသားအောင်ပွဲနေ့ရာပြည့်၏ မူလဇာတိ ဇာစ်မြစ်မှာ ကျွန်ပညာရေးစနစ်ဆိုးကြီးကို ကန့်ကွက်သပိတ်မှောက်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ဖြစ်ပါသည်။ အမျိုးသားနေ့ (National Day ) ဖြစ်ပေါ်လာပုံသည် ရန်ကုန်တက္ကသိုလ် ဖွားမြင်လာခြင်းနှင့် ဆက်စပ်နေသည်။ ရန်ကုန်တက္ကသိုလ်ကို ဗြိတိသျှအစိုးရက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ယခု တည်ရှိနေသော ကမာရွတ်နယ်မြေထဲတွင် စတင်ဖွင့်လှစ်ပြီး တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် ကျွန်ပညာရေးကို သက်ဆိုး ရှည်စေသော ဥပဒေဖြစ်သလို မြန်မာလူမျိုးတို့ ၏ ဘာသာသာသနာနှင့် မြန်မာတို့၏ အသိ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုအား ဖိနှိပ် ချုပ်ချယ်သည့်စနစ်ကို အခြေခံကာ ရေးဆွဲ ထားသော ဥပဒေဖြစ်သည်။ ထိုဥပဒေကို ပြင်ဆင်ပေးရန်ယုဒသန်ကောလိပ်နှင့် ရန်ကုန် ကောလိပ်ရှိ ကျောင်းသားများက စတင် တောင်းဆိုခြင်းကို ဗြိတိသျှအစိုးရက ငြင်းပယ်ခဲ့သဖြင့် သပိတ်မှောက်ရာမှ အမျိုးသားနေ့ဆိုသော အမျိုးသားပညာရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

အမျိုးသားပညာရေး လှုပ်ရှားမှုသည် ကျွန်စိတ်၊ ကျွန်သွေးများကို အမြစ်က လှန်ပစ်သော အမျိုးသားစိတ်ဓာတ်ရေးရာ လှုပ်ရှားမှုနှင့် အခြေအမြစ်မှ ယိုယွင်းပျက်စီး နေသည့် ကိုလိုနီပညာရေးစနစ်ဆိုးကို အမြစ်ကဆွဲနုတ်မြေလှန်ပစ်သော အမျိုးသားပညာရေးလှုပ်ရှားမှုပင်ဖြစ်သည်။ ထိုလှုပ်ရှား ကြီး၏ အောင်ပွဲသည် မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသား၊ အလုပ်သမား လယ်သမား၊ သံဃာအပေါင်းမကျန် ပြည်သူ တစ်ရပ်လုံး၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး ဗြိတိသျှအစိုးရ လက်မှိုင်ချခဲ့ရသည်။

မြန်မာမျိုးချစ်တို့ တိုက်ပွဲဝင်ကာ ထူထောင်နိုင်ခဲ့သော အမျိုးသားပညာရေး ကျောင်းများ ပေါ်ပေါက်လာမှု သမိုင်းအစ လှုပ်ရှားမှုမှ အမျိုးသားအောင်ပွဲနေ့ဆိုသော သမိုင်းဝင်ပန်းချီကားကြီးတစ်ချပ် ယနေ့တိုင် စိုက်ထူနိုင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင် ဘာလတွင် နှစ် (၁၀၀) တိုင်ခဲ့လေပြီ။ အမျိုးသားရေးစိတ်ဓာတ်ရှိသူတိုင်း၏ နှလုံး သားတွင် အမျိုးသားအောင်ပွဲနေ့သည်ကား အမြဲကိန်းအောင်းလျက် ရှိနေကြပေမည်။

မြန်မာနိုင်ငံသမိုင်းတွင် အာဏာလုရင်း အချင်းချင်းစစ်ခင်းခဲ့ကြသော ပဒေသရာဇ် ခေတ်၏ အမွေဆိုးက တိုင်းပြည်ပြိုကွဲဖရိုဖရဲ ဖြစ်ရန် လမ်းစပေါ်ပေါက်မှုကို ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီတို့က စောင့်ကြည့်ကာ သွေးခွဲခဲ့ကြသည်။ မြန်မာဘုရင်၏ အားနည်း ချက်ကို ဗြိတိသျှအစိုးရက လက်ဦးမှုယူကာ (၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) ခုနှစ်တို့တွင် စစ်ပွဲကြီး သုံးကြိမ်ဆင်နွှဲကာ မြန်မာတစ်နိုင်ငံလုံးကို ကျွန်အဖြစ် သိမ်းပိုက်ခဲ့သည်။ မြန်မာတို့ သူ့ကျွန်ဘဝကျရောက်ခဲ့ရပြီးနောက် ပညာ ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် သပေါက်ဘဝ အထိ၊ အိန္ဒိယအစိုးရ၏ တစ်ဆင့်ခံ အုပ်ချုပ်ခံ ဘဝကို ကျရောက်ခဲ့ရသည်မှာ သင်ခန်းစာယူ သင့်သော သမိုင်းအလှည့်အပြောင်း ဖြစ်သည်။

ပညာမတတ်ခြင်းသည် အဆိုးဆုံးသော လူဘဝတန်ဖိုး နိမ့်ကျခြင်းဖြစ်သည်။ ယနေ့ ခေတ်ကာလ ကမ္ဘာပေါ်တွင် အင်အားပြိုင်ဆိုင် မှုများ ကြီးမားလာသောအခါ နောက်ဆုံးအဖြေ မှာ ပညာသာလွန်မှုက လွှမ်းမိုးလာခြင်းဖြစ် သည်။ အင်အားတောင့်တင်းခိုင်မာခြင်းက အမှန်တရားဆိုပါလျှင် ပညာအားနည်းသော၊ နည်းပညာအစွမ်းအစ၊ တီထွင်မှုအားနည်း သော နိုင်ငံတို့ နောက်ကျကျန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့တိုင် Education Might ကို ရဖို့ ကြိုးပမ်း နေရဆဲဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းပညာရေး

မြန်မာနိုင်ငံ ကျွန်ဘဝမရောက်မီက ဘုန်းတော်ကြီးကျောင်း ပညာရေးသည် အခရာဖြစ်သည်။ မိမိတို့ သားတော်များကို ဘုရင်က အဋ္ဌာရဿ ၁၈ ရပ်အနက် စာတတ် ရန် ဦးစွာ ဘုန်းကြီးကျောင်းဆရာတော်များထံ တွင် အပ်နှံကာ ပညာသင်ကြားစေခဲ့သည်။ ဘုန်းကြီးတို့က ဗုဒ္ဓဘာသာအခြေခံသော ပြည်သူ့နီတိကိုယ်ကျင့်တရား၊ မင်္ဂလာတရား တော်တို့နှင့်အညီ ကျင့်ကြံနေထိုင်တတ်ရန် သင်ကြားခဲ့ပြီး ကဗျာ၊ ဂီတ၊ ဘာသာစာပေ ယဉ်ကျေးမှုများဖြင့် မိမိတို့မျိုးရိုး ဓလေ့ အစဉ်အလာများကို ဆုံးမသွန်သင်ခဲ့ကြသည်။ သို့သော် ပြည်ပနိုင်ငံသားတို့ ဝင်ရောက်လာ ခြင်းမှအစ သာသနာပြုဖို့ ၊ စီးပွားရှာဖို့ဆိုသော အကြောင်းတွင် နေရာထိုင်ခင်းနှင့် ကျောထောက်နောက်ခံရှိဖို့ လိုအပ်သည်။ သာသနာပြုတို့က ဘုရင်ထံ ခစားဝင်ကြသလို စီးပွားရေးသမားကုန်သည်များက မိဖုရားများ ထံ မှူးကြီးမတ်ရာမှတစ်ဆင့် ခစားဝင်ကြ သည်။ ထိုအခါ ဘာသာစကားဆက်သွယ်ရေး သည် အရေးပါကြောင်း သိလာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ဘာသာ စကားတတ်မှ အဆင်ပြေနိုင်ကြောင်း သိလာ သောအခါ ဘုရင်တို့က တိုင်းတစ်ပါးသို့ ပညာ သင်စေလွှတ်ရန် နိုင်ငံခြားသား သာသနာပြု များကို နန်းတော်သို့ဖိတ်ကြားကာ အင်္ဂလိပ် စာ၊ ပြင်သစ်စာ စကားတို့ကို သင်ကြားစေခဲ့ သည်။ ဤသို့ ဆရာတင်ရခြင်းက ပညာ လိုလားမှုအစဖြစ်သည်။ မင်းတုန်းမင်းသည် အင်္ဂလန်မှ ရောက်နေသော သာသနာပြု ဘုန်းကြီး (ဆရာမှတ်ကြီး)ကို မန္တလေးတွင် နေရာပေးကျောင်းဖွင့်ကာ သားတော်၊ တူတော်များကို အင်္ဂလိပ်ဘာသာ စာပေ စကား သင်ကြားစေခဲ့သည်။ သံဒင်းကျောင်း ဟု ယခုတိုင် အမည်တွင်လျက်ရှိသည်။

သာသနာပြုစာသင်ကျောင်းများ

နောင်အခါ ဆရာမှတ်ကြီးသည် ဘုရင့်ထံ ပါး တံခါးမရှိ၊ ဓားမရှိဝင်ခွင့်ရရာမှ ရန်ကုန်မြို့ တွင် သာသနာပြု စာသင်ကျောင်းများ တစ်စ တစ်စဖွင့်လှစ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် နယ် များသို့ ပျံ့နှံ့ခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် ဗြိတိသျှ မဟာဝန်ရှင်တော်မင်းကြီး အာသာဖယ်ရာ သည် အခြေခံမူလတန်းမှ အလယ်တန်း၊ အထက်တန်းပညာ သင်ကြားနိုင်ရန် ပညာ ရေးစီမံကိန်းကို ရေးဆွဲပြီး ပညာရေးဌာန စတင် ဖွဲ့စည်းခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မဟာဝန် ရှင်တော်မင်းကြီး ဖယ်ရာ နေထိုင်သော အိမ် ကို အစိုးရတန်းမြင့်ကျောင်း စတင်ဖွင့်လှစ်ခဲ့ သည်။ ထိုတန်းမြင့်ကျောင်းသည် ယခု စင်ထရယ်ဟုခေါ်သော အ.ထ.က (၁) လသာ ယောကျ်ားလေးကျောင်း ဖြစ်သည်။ ထို ကျောင်းကို ၁၈၇၈ ခုနှစ်တွင် တန်းမြင့်ကျောင်း အဆင့်မှ ရန်ကုန်ကောလိပ်အဖြစ် ဖွင့်ပြီး အိန္ဒိယ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ် မှု အောက်တွင် ထားခဲ့သည်။ ၁၈၈၃ ခုနှစ် တွင် ဘီအေဘွဲ့အထိ ပညာသင်ကြားခဲ့သည်။ သို့သော် အများစုမှာ အင်္ဂလိပ်နှင့် အိန္ဒိယ နွယ်ဖွားများ၊ နိုင်ငံခြားသားများသာ တက်ကြ ရသည်။

၁၈၇၂ ခုနှစ်တွင် အမေရိကန်သာသနာပြု အဖွဲ့က အလုံမြို့နယ်ရှိ ကူရှင်ကျောင်းနေရာ တွင် ဘက်ပတစ်ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့ သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ တနင်္သာရီနှင့် ရခိုင်ဒေသကို အင်္ဂလိပ်တို့က သိမ်းပိုက်ကျွန်ပြုထားပြီး ဖြစ်သည်။ ကူရှင် ကောလိပ်တွင် အများစုမှာ နိုင်ငံခြားသားများ သာ ပညာသင်ကြားခွင့်ရခဲ့ကြသည်။ မြန်မာ တို့မှာ သုံးလေးငါးယောက်သာ တက်ခွင့်ရခဲ့ သည်။ ကူရှင်ကောလိပ်ကို ၁၈၇၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်ဟု အမည်ပြောင်းကာ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိပြီး စာမေးပွဲ စစ်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် ရန်ကုန်ကောလိပ် ကို သီးခြားတက္ကသိုလ်အဖြစ် ထူထောင်ရန် မြန်မာလူငယ်တို့က တောင်းဆိုခဲ့ကြသည်။ သို့သော် အင်္ဂလိပ်အစိုးရက မြန်မာလူမျိုးတို့ ပညာမသင်ကြားနိုင်ရန်၊ စာမတတ်စေရန် ရည်ရွယ်ချက်ဖြင့် ခွင့်မပြုခဲ့ပေ။ ၁၈၉၄ ခုနှစ် တွင် ကူရှင်ရန်ကုန်ကောလိပ်၌ ဥပစာတန်း၊ ၁၉၀၉ ခုနှစ်တွင် ဘီအေတန်းများ ဖွင့်လှစ်ခဲ့ သော်လည်း ကာလကတ္တားတက္ကသိုလ်မှ စစ်ဆေးသော စာမေးပွဲသာဖြစ်ပြီး မြန်မာ ကျောင်းသား ၁၀ ဦးတွင် တစ်ဦး၊ နှစ်ဦးသာ စာမေးပွဲ အအောင်ပေးခဲ့သည်။

အခွင့်အရေးမရ

မြန်မာတို့ တက္ကသိုလ်ကောလိပ်ပညာရေး ကို တက်ရောက်ရန် ခက်ခဲသလို အသက် မွေးဝမ်းကျောင်း ပညာဖြစ်သော စက်မှုပညာ သင်ကျောင်းများတွင်လည်း တက်ရောက်ရန် အခွင့်အရေးမရခဲ့ပေ။ အင်းစိန် အစိုးရစက်မှု လက်မှု သင်တန်းကျောင်းကို ၁၈၉၅ ခုနှစ် တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ၁၉၀၇ ခုနှစ် တွင် သင်တန်းသား ၆၃ ယောက်ရှိရာ အင်္ဂလိပ် ကပြား ၉ ယောက်၊ အိန္ဒိယနွယ်ဖွား ၄၀၊ မြန်မာ ၁၄ ယောက်သာ တက်ခွင့်ရခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ အင်္ဂလိပ်တို့၏ မီးရထားစက်ရုံ၊ သင်္ဘောကျင်းစက်ရုံ၊ သင်္ဘော လုပ်ငန်း၊ မီးရထားလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် အင်္ဂလိပ်နှင့် အိန္ဒိယနွယ်ဖွား များသာ အဓိက အလုပ်ခန့်ထားရန် ဖြစ်သည်။

 

မြန်မာတို့မှာ အင်းစိန်စက်မှုကျောင်းမှ သင်တန်းဆင်းပါက အောက်ဆုံးအဆင့်တွင် သာ အလုပ်ရကြသည်။ စာပေသင်ကြားရန် ခက်ခဲသလို စက်မှုလက်မှု အတတ်ပညာတွင် သင်ကြားခွင့်ရရန် ခက်ခဲခဲ့ကြသည်။

ဂျပ်ဆင်ဘာသာရေးကျောင်းဖွင့်လှစ်

၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြု ဆရာကြီး မစ္စတာဂျပ်ဆင် ဆိုသူသည် သူ၏ သာသနာပြု ထောက်ပံ့ငွေဖြင့် ပြည်လမ်းတွင် ဂျပ်ဆင်ဘာသာရေးကျောင်းကို စတင်ဖွင့်လှစ် ခဲ့ပြီး ဂျပ်ဆင်ကောလိပ်ကိုပါ ဖွင့်လှစ်ခဲ့သည်။ သူတို့ဘာသာ ကိုးကွယ်သူ မြန်မာလူငယ်များ ကို ဦးစားပေး ကျောင်းတက်ခွင့် ပြုခဲ့သည်။ ဂျပ်ဆင်ကောလိပ်ဖွင့်လှစ်ပြီးနောက် ဗြိတိသျှ အစိုးရက ၁၉၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာ နိုင်ငံတက္ကသိုလ်ကော်မတီကို ဖွဲ့စည်းသည်။ ထိုကော်မတီသည် တက္ကသိုလ် သင်ရိုးကိစ္စများ ကို အဓိကထားကာ အိန္ဒိယအစိုးရ ကာလ ကတ္တားတက္ကသိုလ်မှ ပညာရှင် ငါးဦးနှင့် မြန်မာ ကိုယ်စားလှယ်အချို့ ပါဝင်ဖွဲ့စည်းခဲ့ သည်။

ကာလကတ္တားတက္ကသိုလ်၏ အကြံပြု ချက်အရ -

(၁) တက္ကသိုလ်သည် ကောလိပ် ကျောင်းခွဲမထားသည့် ဗဟို တက္ကသိုလ်နှင့် ကျောင်းအိပ် ကျောင်းစား တက္ကသိုလ်ဖြစ်ရမည်။

(၂) ပညာရေးနှင့်ပတ်သက်သော ကိစ္စ များကို ပညာရေးဆိုင်ရာ အဖွဲ့က သာ ကိုင်တွယ်ရမည်။

(၃) ပညာရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်း ဆက်သွယ်ဆောင်ရွက်ရမည်။

(၄) တက္ကသိုလ်၏ ရေးရာများကို အစိုးရ လက်အောက်တွင် သီးခြား ကင်းလွတ်သော အဖွဲ့အနေဖြင့် ဆောင်ရွက်ခွင့်ရှိသည်ဟုဆိုသော အကြံပြုချက်ကို ဘုရင်ခံက လက်ခံ ကာ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဘုရင်ခံကောင်စီအစည်းဝေးတွင် တင်သွင်းခဲ့သည်။

ထိုဥပဒေမူကြမ်းကို မဒရပ်တက္ကသိုလ်မော်ကွန်းထိန်းဖြစ်သူ မစ္စတာဒရူးဘာရီက ရေးဆွဲခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လတွင် ကျင်းပသော အစိုးရအိမ်တော်ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း ကို အဆိုတင်သွင်းရာ မြန်မာအမတ်များဖြစ် သည့် ဦးချစ်ဖေ၊ ဦးမြင့်၊ ဦးလှဖေတို့က အကျယ်တဝင့် ကန့်ကွက်ခဲ့ကြသည်။ ကန့်ကွက်ချက်မှာ တက္ကသိုလ်ကို ယူနီထရီ စနစ်(Unitary System) မျိုးဖြင့် မတည်ထောင် ဘဲ ဖက်ဒရယ် စနစ်မျိုးဖြင့်သာ တည်ထောင် ရန် ဖြစ်သည်။ ဥပဒေပြုကောင်စီတွင်လည်း မြန်မာအများစု ပါဝင်ဖွဲ့စည်းရေး တောင်းဆို ခဲ့ကြသည်။

အတင်းအကျပ်ပြဋ္ဌာန်းခဲ့

မြန်မာတို့က တက္ကသိုလ်တစ်ခု ရရှိလို သော်လည်း ဗြိတိသျှတို့ ရေးဆွဲပေးမည့် ဥပဒေကြမ်းကို မလိုလားကြပေ။ အိန္ဒိယမှ အကြံပြုရေးဆွဲသည့် ဥပဒေမူကြမ်း ပေါ်ပေါက် လာကတည်းကပင် ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကို အဆင့်အတန်းမြင့်မားသော အုပ်ချုပ်ရေးစနစ်ရရှိရေး တောင်းဆိုရန် အင်္ဂလန်တွင် ရောက်ရှိနေသော မြန်မာ ကိုယ်စားလှယ် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့က အင်္ဂလိပ်မိတ်ဆွေများမှတစ်ဆင့် ဗြိတိသျှ အောက်လွှတ်တော်တွင် ကန့်ကွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကျင်းပသော မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးအသင်းကြီးမှလည်း တက္ကသိုလ် ဥပဒေကို ကန့်ကွက်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့က ခွင့်မပြုဘဲ မြန်မာတို့အပေါ် ကျွန်သက်ရှည်ရေးသာ စဉ်းစားခဲ့ကြသည်။ မြန်မာတို့လိုလားသော ပညာရေးဥပဒေကြမ်း ပြုပြင်ရေးဆွဲရေးကို ခွင့်မပြုဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ကောလိပ်ဥပဒေကို အတင်းအကျပ် ပြဋ္ဌာန်းခဲ့ကြသည်။ မြန်မာနိုင်ငံသားတို့သည် တက္ကသိုလ်ကောလိပ် ပညာသင်ကြားရေးတွင် အခက်အခဲ အကျပ်အတည်းဖြစ်ရုံမက အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ရရေး၊ ပညာသင်ကြားရေးပါ နစ်နာ ဆုံးရှုံးခဲ့ကြသည်။ ဘုန်းတော်ကြီး ပညာ သင်ကြားရေးစနစ်သည် မူလတန်းအဆင့်သာ ရှိရာ အင်္ဂလိပ်တို့က အထက်တန်းပညာရေးဖွင့်ခွင့်မပေးသဖြင့် ကိုယ်ပိုင်အိမ်များတွင် အထက်တန်းပညာကို သင်ကြားကြပြီး တက္ကသိုလ်တက်ခွင့်ရရှိရေး ကြိုးစားခဲ့ကြ သည်။ သို့သော် ကာလကတ္တားတက္ကသိုလ် ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မှသာ တက်ခွင့်ရခဲ့ကြသည်။ တစ်နှစ်လျှင် သုံးလေး ဦးသာ ခွင့်ပြုခဲ့ကြသည်။

ထိုကာလတွင် တက္ကသိုလ်တက်ခွင့်ရ နေသော ကျောင်းသားများအနက် ကိုဘရှင်၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်(MA) ၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးတို့ ၁၁ ဦး သည် ကောလိပ်ဥပဒေကြမ်းကို ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွှေတိဂုံဘုရားကုန်းတော်ရှိ စနေထောင့်တွင် စတင်စုဝေးခဲ့ကြသည်။ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရေး လျှို့ဝှက်စွာ နှစ်နာရီနီးပါး ဆွေးနွေးကြပြီး နောက် ရန်ကုန်တက္ကသိုလ်ထဲသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ တွင် ရန်ကုန်ကောလိပ်ရှိ ကျောင်းသား ခေါင်းဆောင် ၁၁ ဦးနှင့် ယုဒသန်ကောလိပ်မှ ကိုဖိုးကျား၊ ကိုမြင့်၊ ကိုဖိုးလတ် အစရှိသော ကျောင်းသားခေါင်းဆောင်တို့ ပူးပေါင်းကြကာ ကောလိပ်ကျောင်းသား ၆၀၀ ကျော် စုဝေးပြီး သပိတ်မှောက်ရေး ဆွေးနွေးခဲ့ကြသည်။

ကျောင်းသားသပိတ်အဖွဲ့က ဆွေးနွေး ရာတွင် တက္ကသိုလ်အက်ဥပဒေကို ပြုပြင်ပေး ရန်အတွက် သပိတ်မှောက်ကြရန် ယေဘုယျ သဘောတူကြသည်။

(၁) တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေး ရန်နှင့် ဘုရင်ခံထံ လျှောက်ထားရာ လိုက်လျောခြင်း မပြုသမျှ သပိတ် မှောက်ရန်၊

(၂) မကျေနပ်မှုများကို ထိထိ ရောက်ရောက်ပြသည့် အနေဖြင့် သပိတ်မှောက်ပြီးမှ လိုလားချက် တောင်းဆိုလွှာကို တင်ရန်ဟု ညှိနှိုင်းကြပါသည်။

သဘောထားနှစ်ရပ်ကွဲလွဲ

ညှိနှိုင်းမှုတွင် သဘောထားနှစ်ရပ် ကွဲလွဲ ခဲ့ကြပါသည်။ မဲခွဲဆုံးဖြတ်ကြရာ သပိတ် မှောက်ပြီးမှ တောင်းဆိုလွှာကို တင်ရန်ဘက်မှ အနိုင်ရပါသည်။ ယုဒသန်ကောလိပ်မှ ကိုဖိုးကျား (နောင်တွင် ပညာဝန်) က ရှုံးသော် လည်း အနိုင်ရရှိသောအဖွဲ့နှင့် ပူးပေါင်းကာ သပိတ်မှောက် လှုပ်ရှားမှု တစ်လျှောက်လုံး အမျိုးသားပညာရေး ခရီးစဉ်တစ်လျှောက်လုံး၊ မဖောက်မပြန် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြ ပါသည်။

ထိုသပိတ်မှောက်အဖွဲ့သည် အချက် သုံး ချက်ကို ဆုံးဖြတ်ချက်ချမှတ်ကာ ရန်ကုန် တက္ကသိုလ်မှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကိုစွန့်ခွာ၍ ဗဟန်းကြား တောရ၊ ဦးအရိယဘုန်းကြီးကျောင်းတွင် စုဝေးခဲ့ကြပြီး အဖွဲ့ဝင် ၂၆ ဦးပါဝင်သော သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့ကြ ပါသည်။

သပိတ်မှောက် ကျောင်းသားများ သည် -

(က) ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၇)ရက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ရန်ကုန်ကောလိပ် ကျောင်းသို့ လာရောက်ပြီး မြန်မာ နိုင်ငံတွင် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ကြောင်း ကြေညာသော အခါ ယုဒသန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်မှ ကျောင်းသား များက မိမိတို့ စာအုပ်များကို ပိုက်ပြီး ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းမှ ထွက်လာရန် ၊

(ခ) သပိတ်မှောက်ပြီးမှ ရန်ကုန် တက္ကသိုလ် အက်ဥပဒေသည် မြန်မာများ၏ အထက်တန်းပညာ ရေး အတွက် နစ်နာအောင်ချုပ်ချယ် သည့် ဥပဒေသများဖြစ်၍ ပြုပြင် ပေးရန်၊

(ဂ) ပြုပြင်ပေးရန် တောင်းဆိုသော အချက်များကို ပြုပြင်မပေးသမျှ ကာလပတ်လုံး ကျောင်းပြန် မတက်ရန် ဆိုသော (၃)ချက်ကို ဆုံးဖြတ်ခဲ့ကြသည်။

သပိတ်မှောက်အဖွဲ့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန္ဒပြရန် ရည်ရွယ်ခဲ့သော် လည်း အခြေအနေအရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့တွင် စတင်သပိတ် မှောက်ခဲ့ကြပါသည်။ အကြမ်းမဖက်သော နည်းဖြင့် ကျယ်ပြန့်လှသော လူထုတိုက်ပွဲ တစ်ရပ်ကို မြန်မာမျိုးချစ်ကျောင်းသားများ စတင်ကာ သပိတ်မှောက်ရာမှ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ် လုံး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဦးအရိယ ကျောင်း၌ပင် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ အမျိုးသားကျောင်းများ စတင်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသားကြီးများက ကိုယ်ကျိုးစွန့် အနစ်နာခံကာ မိမိတို့ တတ်သိပညာများကို ဖြန့်ဝေကြပါသည်။ ကျောင်းလခမယူဘဲ၊ ကျောင်းမတက်ဘဲ အမျိုးသားပညာရေး သပိတ်တိုက်ပွဲနဲ့အတူ အမျိုးသားကျောင်း ၉၃ ကျောင်းတွင် ဆရာများဝင်လုပ်ကြရင်း အမျိုးသားပညာရေးသမိုင်းသစ်ကို ဖွင့်လှစ် နိုင်ခဲ့ကြပါသည်။

အမျိုးသားပညာရေး၏ အမြင့်ဆုံး ရည်မှန်းချက်သည် အမျိုးသားလွတ်မြောက် ရေးဖြစ်သည်။ မျိုးချစ်ပုဂ္ဂိုလ်တို့က အင်္ဂလိပ် တို့ဖွင့်သော ကောလိပ်ကိုတက်မှ တက္ကသိုလ် ပညာသင်ကြားရသည်မဟုတ်၊ တို့အမျိုးသား ကောလိပ်ကိုတို့အင်အားနှင့်တို့ တည်ဆောက် မည်ဟုဆိုကာ ၁၉၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဗဟန်းရွှေကျင်ကျောင်းတိုက် ကြီး၌ စတင်ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသား ကောလိပ်ဟု အမည်တပ်ပြီး ဥက္ကဋ္ဌ MA မောင်ကြီး၊ သခင်မြ၊ သခင်ကိုယ်တော်မှိုင်း၊ ဆာဦးသွင် အစရှိသော ပုဂ္ဂိုလ်တို့ ဦးဆောင် ကာ ကောလိပ်ကျောင်းသားတို့က စာပေ သင်ကြားခဲ့ကြသည်။

ထို့နောက် ၁၉၄၇ ခုနှစ်တွင် မြို့မ ဆရာကြီး ဦးဘလွင်က မြို့မအမျိုးသား ကျောင်းကြီးကို အမျိုးသားကောလိပ်ဖွင့်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခဲ့ကြသည်။ ဆာဦးသွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်း ခဲ့ကြသည်။ အမျိုးသားကောလိပ်ကို မြို့မ ကျောင်းသားဟောင်း ဦးနု (ဝန်ကြီးချုပ်) က ဖွင့်လှစ်ပေးခဲ့သည်။ မြို့မအမျိုးသားကျောင်း အပါအဝင် ကျောင်းပေါင်း ၉၃ ကျောင်း ပေါ်ထွန်းခဲ့သော အမျိုးသားပညာရေးတိုက်ပွဲ အစ ၁၉၂၀ ပြည့်နှစ်သည် မြန်မာတို့၏ ပိတ်ထားခြင်းခံရသော ပညာရေးတံခါး ဖွင့်နိုင် ခဲ့သည်။ အညှောက်မထွက်နိုင်အောင် ပိတ်ထားခံရသော ပညာရေးမျိုးစေ့ကို နိုင်ငံ တစ်ဝန်း ကြဲချနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဂျီစီဘီအေအသင်းကြီးက ၁၉၂၀၊ ၁၉၃၆ ၊ ၁၉၃၈ ၊ ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့် အရေးတော် ပုံတို့အနက် ၁၉၂၀ ဒီဇင်ဘာလ ၅ ရက်နေ့ ကျောင်းသားသပိတ်သည် အမျိုးသားရေးအသွင်ကို ဆောင်သော လှုပ်ရှားမှုဖြစ်သဖြင့် ဗြိတိသျှကို တော်လှန် သောနေ့အဖြစ် အမျိုးသားနေ့ဟု သတ်မှတ် ခဲ့ကြပါသည်။

အမျိုးသားပညာရေး တိုက်ပွဲသည် လွတ်လပ်ရေးတိုက်ပွဲဖြစ်သည်။ ကျွန်စနစ်ကို တော်လှန်သော တိုက်ပွဲဖြစ်သည်။ ၁၉၂၀ သပိတ်မှသည် ၁၉၃၆၊ ၁၉၃၈ ခုနှစ် ဗိုလ်ချုပ် အောင်ဆန်းတို့လည်း ကျွန်ပညာရေးကို တော်လှန်ကာ ဆန့်ကျင်ရေး လှုပ်ရှားဆင်နွှဲ ခဲ့ကြသည်။ ကျွန်ပညာရေး သပိတ်တိုက်ပွဲ များသည် လွတ်လပ်ရေးအတွက် အရေးပါ လှပေသည်။

“ဗမာပြည်ကိုချစ်ပါ ဗမာစာကိုချီးမြှင့်ပါ၊ ဗမာစကားကို လေးစားပါ” ဆိုသော လှုံ့ဆော် ကြွေးကြော် မှုများက “သခင်မျိုးဟေ့ ဒို့ဗမာ” ဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော် ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်မှ စခဲ့သော ကျွန်ပညာရေးတိုက်ပွဲသည် အမျိုးသားအောင်ပွဲနေ့အဖြစ် ကမ္ဘာတည် သရွေ့ မြန်မာတို့မမေ့သင့်သော လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်ကြောင်း သတိချပ်သင့် ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အသက် သွေး ချွေး များစွာ ပေးဆပ်ခဲ့သလို မိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ်ပြီး အမျိုးသား ပညာရေးတိုက်ပွဲ ဆင်နွှဲရင်း ကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြသည်။ ယနေ့ ကာလသည် တိုင်းတစ်ပါးသား မလိုမုန်းထား သူများ၏ ရန်စွယ်၊ ရန်စ ဖိအားများ ဝန်းရံ နေချိန်တွင် လွတ်လပ်ရေးအဓွန့်ရှည်ရေး၊ အမျိုးကိုထိလျှင် မချည့်အောင်နာကြဖို့အရေး အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ဖြင့် မြန်မာ့အမျိုးသားစိတ်ဓာတ်ကို ပြကြဖို့ တိုက်တွန်းရင်း ရာပြည့် အမျိုးသားအောင်ပွဲ နေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။

 

ဆောင်းပါးရှင်၏

ကိုယ်ရေးအကျဉ်း

------------------

အမည်ရင်း - ဦးမျိုးသန့်

မိဘ - ဦးတင်အေး

(ခရိုင်လဝက မှူး)

မွေးဖွားရာဇာတိ - ကျိုင်းတုံ

ပညာသင်ကြား - အ.ထ.က(၄)

ခဲ့သောကျောင်း တောင်ငူ၊ အ.ထ.က(၂)ဒဂုံ (မြို့မ)၊ ပုသိမ်ကောလိပ်မှ ကပ်ပါးဗေဒ (Parasitology) ဘွဲ့ရရှိ (၁၉၇၈)

စာပေဆု - စာပေဗိမာန် စာပေဆု (၂) ဆု

- ပခုက္ကူ ဦးအုန်းဖေ စာပေဆု

- အမျိုးသားစာပေဆု

- မြဝတီဝတ္ထုရှည်အကောင်းဆုံးဆု

တာဝန်ထမ်းဆောင် - မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊

ခဲ့သောဌာနများ (ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန၊ အထူးအရာရှိ)

ဒေါပုံသင်္ဘောကျင်းစက်ရုံမှူး၊

- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

လက်ရှိတာဝန် - မြို့မအမျိုးသားကျောင်း ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဒု ဥက္ကဋ္ဌ

- မြို့မရာပြည့်သဘင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ

ကလောင်ခွဲ - မောင်မာန်ရိုး၊ တေးရေး-မိုးယံထိုက်