ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး အမှန်တကယ် မျှော်မှန်းသည်ဆိုလျှင်

 

ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို   အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးသည် လည်းကောင်း တပ်မတော်က  အာမခံပေးထားပြီး  တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင် ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တိုက်ခိုက် ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိက တောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုစာမျှသာရှိသေးပြီး သက်တမ်းအားဖြင့် လွန်စွာ နုနယ်လှသည်။ ဒုတိယမြောက် ဒီမိုကရေစီအစိုးရလက်ထက်တွင် ရွေးကောက်ပွဲမသမာမှုများဖြင့် ပါတီစုံဒီမိုကရေစီစနစ် ယိမ်းယိုင် တိမ်းစောင်းခဲ့ရာမှ    ပြန်လည်တည့်မတ်ပေးနိုင်ရန်   ထိန်းသိမ်းမှု ပေါ်ပေါက်လာရသည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန်    အခွင့်အလမ်းများ၊  နည်းလမ်းများရှိခဲ့ပါလျက် အာဏာရပါတီက  လျစ်လျူရှုခဲ့သည်။  နိုင်ငံနှင့်ပြည်သူ နာကျင် စေမည့် လမ်းကြောင်းဆီသို့ ဆင်ကန်းတောတိုးလျှောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် ထောက်ခံမဲများစွာရရှိခြင်းက မိမိတို့ပါတီကို တစ်နိုင်ငံလုံးက ခြွင်းချက်မရှိ ထောက်ခံလိုက်ခြင်းဖြစ်သည်ဟူ၍ လည်း  မှတ်ယူမှုလွဲခဲ့သည်။   နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဖြစ်စေ၊  လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ    အမာခံ လက်ခံနှစ်သက်သူ၊  သာမန်လက်ခံနှစ်သက်သူ၊      လုံးဝမကြိုက် ဆန့်ကျင်သူ၊   သာမန်မကြိုက် မနှစ်သက်သူ၊ ထောက်လည်း မထောက်ခံ ဆန့်လည်းမဆန့်ကျင်သူဟူ၍ ရှိနေမည်သာဖြစ်သည်။ အနည်းနှင့်အများသာ ကွာခြားပေမည်။

 


အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံရေးအပြောင်းအလဲ များ ဖြစ်ပေါ်လာသည့်အခါ တော်လှန်ရေးအမည်ခံအကြမ်းဖက်မှု တို့ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ဝန်းရှိ သန်းပေါင်း ၅၀ ကျော်ကို ငါတို့လူဟူ၍ အယူလွဲခဲ့ရာမှ ထင်သလိုမဟုတ်မှန်း သိလာသည့် အခါတွင်   “ကြားနေမရှိ”   ဟူသောမူဖြင့်   ကိုယ်နှင့်မတူသော သူတိုင်းကို ရန်သူအဖြစ် သတ်မှတ်လာသည်။ သို့ဖြင့် အရပ်သား သည်လည်း ရန်သူ၊ ဝန်ထမ်းသည်လည်း ရန်သူ၊ ရဟန်းသံဃာ သည်လည်း ရန်သူ၊ ဆရာ ဆရာမလည်း ရန်သူဟူ၍ ဖြစ်လာသည်။ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ပြီးလျှင် “ဒလန်”ဟူသော ဝေါဟာရတစ်လုံးကို အထောက်အထားမဲ့ ကောက်တပ်ပေးလိုက် ကြသည်။   ထိုအလုပ်ကို    ပြည်ပလက်ဝေခံ   မီဒီယာအမည်ခံ ထားသည့်  လူအချို့က  လုပ်ကြသည်။

 

 မိမိတို့နိုင်ငံ၏  ထိုနိုင်ငံရေး အပြောင်းအလဲကို    EAO   အချို့နှင့်    လူပုဂ္ဂိုလ်အချို့က  ၎င်းတို့ အတွက်    အခွင့်အလမ်းတစ်ခုအဖြစ်   အသုံးချကြသည်။   နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းအတွက် ပြည်ပမှ လက်သိပ်ထိုးပံ့ပိုး သည့် ဒေါ်လာများက ၎င်းတို့အဖို့ မက်မောဖွယ်ရာဖြစ်သကဲ့သို့ အကြမ်းဖက်မှုများကိုလည်း “တိုင်းပြည်အခက်၊ ကိုယ့်အချက်”ဟု ယူဆကာ ငြိမ်းချမ်းရေးကို  မျက်ကွယ်ပြုထားကြသည်။  ငြိမ်းချမ်း ရေးဆွေးနွေးရန်     ဖိတ်ခေါ်ကမ်းလှမ်းမှုများကို    အကြိမ်ကြိမ် မသိကျိုးကျွန်ပြုထားကြသည်။

 


တိုင်းရင်းသားတို့အရေး၊ ပြည်ထောင်စုကြီး၏အရေးအတွက် အမှန်တကယ်မျှော်မှန်းသည့် အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေး ညှိနှိုင်းအဖြေရှာမှုများမှတစ်ဆင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ရလဒ် ထွက်ပေါ်လာမည်သာဖြစ်သည်။       တိုင်းရင်းသားပြည်သူတို့၏ လိုလားချက်ဖြစ်သည့်   ထာဝရငြိမ်းချမ်းရေးအတွက်   ဖိတ်ခေါ် ကမ်းလှမ်းမှုများကို ဆန့်ကျင်ကာ အကြမ်းဖက်တိုက်ခိုက်သည့် လမ်းမှားကို   လျှောက်လှမ်းခြင်းက  လက်နက်ကိုင်ပဋိပက္ခနှင့် မငြိမ်းချမ်းခြင်းသံသရာကို ရှည်သည်ထက် ရှည်ကြာစေလိမ့်မည် ဖြစ်ပါကြောင်း။       ။