
ဆောင်းပါး
======
နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အကြိုဂုဏ်ပြုဆောင်းပါး
===================================
ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်မှသည်… နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဆီသို့
=============================================
သန်းဖြိုးနိုင်
=====
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားအား Virtual စနစ်ဖြင့် ကျင်းပခဲ့ သည်ကို မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်ရှုလိုက်ရပါသည်။ ထို့ပြင် ရာပြည့်သဘင်အခမ်းအနားမတိုင်မီ ရက်သတ္တပတ်ကာလကတည်းက နိုင်ငံပိုင်သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများတွင် ရန်ကုန်တက္ကသိုလ်ကြီးအတွင်းရှိ အထင်ကရဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းများ၊ နာမည်ကြီးအဆောင်များအကြောင်းကို ခေတ်အဆက်ဆက်တွင် ကိုယ်တိုင် တက်ရောက်သင်ကြားခဲ့ကြသော ကျောင်းသား ကျောင်းသူဟောင်းကြီးများက လွမ်းမောဖွယ်သမိုင်းကြောင်းများကို ပြန်လည်တမ်းတကာ ဂုဏ်ပြုရေးသားခဲ့ကြသည်။
အလားတူ ရုပ်မြင်သံကြားအစီအစဉ်များမှ ရာပြည့် အထိမ်းအမှတ်သီချင်းများ ထုတ်လွှင့်ပြသခြင်း၊ ကျောင်းတော်ကြီး၏ သမိုင်းကြောင်းများ ထုတ်လွှင့်ပြသ ခြင်းတို့ကိုလည်း ကြည့်ရှုခံစားခဲ့ရပါသည်။
ရန်ကုန်တက္ကသိုလ်အောင်ပွဲနှင့်
ဒွန်တွဲပါလာသည့် ဒုတိယအောင်ပွဲ
ထိုရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ကြီးနှင့် တစ်ဆက်တည်း ကပ်လျက်ဒွန်တွဲပါလာသည့် ရာပြည့် အခမ်းအနားကြီးတစ်ခုကလည်း အသင့်စောင့်ကြိုလျက် ရှိနေသေးသည်။ ထိုရာပြည့်နေ့ အထိမ်းအမှတ်အခမ်း အနားကြီးသည်လည်း ယခုကျင်းပပြီးစီးသွားသည့် ရန်ကုန်တက္ကသိုလ်ကြီး မဖြစ်ပေါ်၊ မပေါ်ပေါက်မီကတည်း က အတူယှဉ်တွဲကာ သန္ဓေတည်မြစ်ဖျားခံခဲ့သည်ဟုလည်း ဆို၍ရသည်။
ဆိုလိုရင်းမှာ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်ရန် ကြိုးစားခဲ့ကြပြီး စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ပထမ အဆင့်အောင်ပွဲဖြစ်ကာ နောက်ထပ်မံ၍ ထိုတက္ကသိုလ် ကြီးအတွက် ပြဋ္ဌာန်းသတ်မှတ်ခဲ့သည့် ဖိနှိပ်သော စည်းကမ်းချက်များကို အောင်မြင်အောင် တောင်းဆို ကျော်လွှားပြင်ဆင်နိုင်ခဲ့သည်မှာ ဒုတိယအဆင့် အမျိုးသား အောင်ပွဲအဖြစ် ဒွန်တွဲဖြစ်ပေါ်လာခဲ့ခြင်းကို ပြောလိုရင်း ဖြစ်သည်။ သို့အတွက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားဟု ဆိုလိုက်လျှင် အမျိုးသားအောင်ပွဲ ရာပြည့်ကို မေ့ထား၍မရသလို အမျိုးသားအောင်ပွဲနေ့ အကြောင်း ပြောကြမည်ဆိုလျှင်လည်း ရန်ကုန် တက္ကသိုလ်ကြီး ပေါ်ပေါက်လာပုံနှင့် အမျိုးသားပညာရေး အတွက်ကြိုးပမ်းခဲ့ကြပုံများသည် ခွဲခြား၍ မရတတ်ပေ။
ထိုအထိမ်းအမှတ်အခမ်းအနားကြီး နှစ်ခုသည် တစ်ခု နှင့်တစ်ခုဒွန်တွဲကာ ရှေ့နောက်ဆက်စပ်နေတတ်စမြဲပင် ဖြစ်သည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် ရန်ကုန်တက္ကသိုလ် ကြီး ပေါ်ပေါက်လာပုံသမိုင်းနှင့် အမျိုးသားနေ့မှသည် အမျိုးသားအောင်ပွဲ ပေါ်ပေါက်လာပုံများကို အများသိရှိကြ စေခြင်းအကျိုးငှာ လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။
ထိုသို့တင်ပြရာတွင် ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက် လာပုံအကြောင်းကို ယခင်ရေးသားဖော်ပြခဲ့ကြသည့် ဆောင်းပါးများတွင် ပါရှိပြီးဖြစ်သော်လည်း ယခုတွင်မူ အကျဉ်းသဘောမျှသာ ဥပဒေပိုင်းဆိုင်ရာကို မှီးကာ နှစ်ကာလအလိုက် ဆက်စပ်တင်ပြသွားလိုပါသည်။ သို့မှသာ ရှေ့နောက်ညီညွတ်ကာ အကျိုးအကြောင်းသင့်ပြီး အများ လည်း အလွယ်တကူသဘောပေါက်နားလည်ကြလိမ့်မည် ဟုလည်း စာရေးသူထင်မိသည်။
အမျိုးသားအောင်ပွဲနေ့အစ
အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာမှုကို လေ့လာကြည့် သည့်အခါ ဝိုင်အမ်ဘီအေအသင်းက စတင်၍ ပညာရေး အတွက် အဆိုပြုတောင်းဆိုရာမှ စတင်ခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရသည်။ ၁၈၈၆ ခုနှစ်တွင် နိုင်ငံ တစ်ခုလုံး ဗြိတိသျှလက်အောက်သို့ ကျရောက်ပြီး နှစ် ၂၀ အကြာတွင် သူရိယသတင်းစာတည်ထောင်သူ ဦးဘဘေက ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေကို စတင်တည်ထောင်ခဲ့ကာ ထိုအထဲတွင် နောင်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ ဖြစ်လာမည့် ဦးမေအောင်လည်း ပါခဲ့သည်။ ဦးမေအောင် သည် ၁၉၀၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်မှ L.L. B , ၊ L.L.M, MA နှင့် လင်ကွန်းအင်းဥပဒေကျောင်းမှ (Barrister-at -Law) ဝတ်လုံဘွဲ့များကို ရရှိခဲ့သော်လည်း မြန်မာစာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကို ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) အား ဆရာတင်၍ လေ့လာခဲ့သည်။ သို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်၊ ဧချင်းများ စနစ်တကျ လေ့လာပြီး ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေ ခဲ့သည်။
တက္ကသိုလ်အဆင့်ရရှိရေး တောင်းဆိုခဲ့ကြ
သို့ဖြင့် ၁၉၁၇ ခုနှစ်သို့ ရောက်လာသည့်အခါ မြန်မာ ပြည်တွင် တက္ကသိုလ်အဆင့်ဟူ၍ မရှိဘဲ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ်တို့သာ ရှိနေခဲ့သည်။ မက်ထရစ် ကျူလေးရှင်းခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကာလကတ္တားက မေးခွန်းထုတ်ပြီး ရန်ကုန်တွင် ဖြေဆိုကြရ သည်။ ထိုစဉ်က ယင်းကောလိပ်နှစ်ခုပေါင်းတွင် ကျောင်းသားပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း လည်း သိရသည်။ ထို့ကြောင့် ဝိုင်အမ်ဘီအေအသင်းကြီးက ဦးမေအောင်၊ သခင်ကိုယ်တော်မှိုင်းတို့က ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်လည်း တက္ကသိုလ်အဆင့်များ သီးခြားထား ရှိပေးဖို့ တောင်းဆိုခဲ့ကြသည်။ ထို့နောက်တွင် ထိုဝိုင်အမ် ဘီအေအသင်းကြီး၏ တောင်းဆိုမှုများ၊ နှိုးဆော်မှုများ၊ ကြွေးကြော်မှုများ အင်အားကောင်းလာခဲ့သည်။
ပညာရေးအားမကောင်းစေရန် ဖိနှိပ်ထားခဲ့ကြ
ထိုအချိန် ၁၉၁၇ ခုနှစ်တွင်လည်း အိန္ဒိယနိုင်ငံ ဘင်္ဂလား၊ ဘုံဘိုင်၊ ပန်ဂျပ်၊ မဒရပ် စသည့် ပြည်နယ်များ အား ဒိုင်အာခီအုပ်ချုပ်ရေးပေးသည့်အခါ မြန်မာနိုင်ငံကိုမူ ဘီအေ အောင်သူ ၄၀၀ မပြည့်သေး၍ဟူသော အကြောင်း ပြချက်ဖြင့် ဒိုင်အာခီအုပ်ချုပ်ရေး (အင်္ဂလိပ် - မြန်မာပူးတွဲ အုပ်ချုပ်သည့်စနစ်)ကို မပေးဘဲ ချန်လှပ်ထားခဲ့ကြသည်။ ထို့ကြောင့် ထိုစဉ်က အိန္ဒိယသို့သွားရောက်ကာ အရေးဆို တောင်းဆိုကြသူများတွင် ဝိုင်အမ်ဘီအေ အသင်းမှ ပညာတတ် ဦးမေအောင်ကိုလည်း ရွေးချယ် စေလွှတ်၍ ကာလကတ္တားရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက်တွေ့ဆုံပြီး ပညာရေးမြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ်အဆင့် မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ၁၉၁၈ ခုနှစ် ဇွန်လတွင် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်အစိုးရ ပညာမင်းကြီး မစ္စတာ မက်သယူးဟန်းတား (Mr. Mathew Hunter) ဦးစီးပြီး ယူနီဗာစီတီ အက်ဥပဒေ ရေးဆွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ရသည်။ တိုးတက်မှုအနေဖြင့် ထိုကော်မတီတွင် ဝိုင်အမ်ဘီအေမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။
သို့သော်လည်း ထိုဥပဒေကြမ်းထဲတွင် မြန်မာနိုင်ငံ ၌ ရန်ကုန်တက္ကသိုလ်တစ်ခုတည်း ဖွင့်လှစ်ရန်သာပါရှိခဲ့ပြီး အခြားမြို့ကြီးများအတွက် မပါရှိခဲ့ခြင်း၊ တက္ကသိုလ် ကောင်စီအဖွဲ့ဝင်များ၊ အုပ်ချုပ်သူများအားလုံးမှာ ဗြိတိသျှ အရာရှိများသာဖြစ်ခြင်း၊ ထို့အပြင် တက္ကသိုလ်တက်ရမည့် ကျောင်းသူ ကျောင်းသားများ၏ အရည်အချင်း
သတ်မှတ်ချက်များတွင် ကျောင်းအိပ်၊ ကျောင်းစားများ သာ ဖြစ်ရမည်ဆိုသည့် အချက်များ ပါဝင်ခြင်းများဖြင့် မြန်မာလူမျိုးတို့ကို ပညာတတ် မပေါများစေရန်
ကန့်သတ်ချက်များစွာ ထည့်သွင်းထားခဲ့ကြသည်။
ထိုကျောင်းအိပ်၊ ကျောင်းစား ဖြစ်ရမည်ဟူသည့် အချက်သည် တက္ကသိုလ်တက်မည့် ကျောင်းသူ ကျောင်းသား တစ်ဦးအနေဖြင့် တစ်လလျှင် ငွေကျပ် ၅၀ အကုန်အကျခံနိုင်မှသာ တက်ရောက်နိုင်မည့်သဘော သက်ရောက်နေသည့်အတွက် ထိုခေတ်က ငွေရှင်၊ ဓနရှင် လူတန်းစားများနှင့် အင်္ဂလိပ်အစိုးရနှင့်ပတ်သက်သည့် အရာရှိသားသမီးများအတွက်သာဖြစ်နေပြီး နိုင်ငံသားများပညာတတ်နည်းပါးသွားစေမည့် ထိုးနှက်ချက်ဖြစ်နေ သည့်အတွက် ထိုရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှတို့၏ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံတွင် ပညာတတ်နည်းမှသာ ဒိုင်အာခီ အုပ်ချုပ်ရေးမပေးဘဲ ဆက်လက်အုပ်စိုးနိုင်မည်ဖြစ်ပြီး ပညာတတ်ပေါများလာပါက ၎င်းတို့လက်လွှတ်ဆုံးရှုံး ရမည်ကို သိကြသောကြောင့်ဖြစ်သည် ဆိုသည့်အချက်ကို လည်း တွေ့ရမည်ဖြစ်သည်။
အမျိုးသားပညာရေးအတွက် စတင်တောင်းဆိုလာခဲ့ကြ
ဥပဒေရေးဆွဲကြစဉ်တွင် ထိုအချက်များကို ဝိုင်အမ်ဘီအေအဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ၊ နိုင်ငံအတွင်းမှ ကျန်လူထုများက ကန့်ကွက်ခဲ့ကြသော် လည်း ထိုစဉ်က ဗမာနိုင်ငံဆိုင်ရာ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် (Sir Reginald Craddock) က ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့ တွင် အဆိုပါ ယူနီဗာစီတီ အက်ဥပဒေမူကြမ်းကို ကြေညာ ခဲ့သည်။ ထို့နောက် စက်တင်ဘာလတွင် တက္ကသိုလ် ဥပဒေကို အတည်ပြုခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ ဥပဒေကို ထုတ်ပြန်ကြေညာခဲ့တော့သည်။ ထို့အတွက် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေသစ်ကို တိုက်ဖျက်ရန် စတင်ဆွေးနွေးခဲ့ကြသည်။
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၈ ရက် သောကြာနေ့ (ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်) နေ့တွင် ရန်ကုန်ရှိကောလိပ်တို့မှ ကျောင်းသားကြီး p စာမျက်နှာ ၆ မှ
၁၁ ဦးတို့သည် ရန်ကုန်ယူနီဘာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ ကြသည်။ ထိုကျောင်းသားကြီး ၁၁ ဦးမှာ ကိုဘရှင် (သံတွဲ)၊ ကိုဘရှင် (ထားဝယ်)၊ ကိုညီပိုက်၊ ကိုဘိုးလွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘခင်၊ ကိုအောင်ဒင်နှင့် ကိုဘဦးတို့ ဖြစ်ကြသည်။
ထိုကျောင်းသားများသည် သပိတ်စတင်ရန် သပိတ် မှောက်ကျောင်းသားကောင်စီဌာနချုပ်ကို ဦးအရိယ ကျောင်းတိုက်ရှေ့ရှိ ဒေါ်ကြုပ်ဇရပ်တွင် စတင်ခဲ့ကြသည်။ ထို့နောက် သပိတ်မှောက်ကျောင်းသားတို့သည် ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်တစ်ဝိုက်၊ ရွှေတိဂုံဘုရားအနီးတွင် သပိတ်စခန်းများဖွင့်ပြီး ကျောင်းသားသပိတ်ကို စတင် တိုက်ပွဲဝင်ခဲ့ကြသည်။ ပြည်သူများအနေဖြင့်လည်း ကျောင်းသားသပိတ်စခန်းများရှိရာသို့ ချီတက်၊ ထောက်ခံအားပေးခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့လက် အောက်တွင် ထိုစဉ်ကဖြစ်ပေါ်ခဲ့သည့် ပထမဆုံး ပညာရေးလှုပ်ရှားမှု ပထမကျောင်းသားသပိတ်ကြီး သည် တစ်မျိုးသားလုံး၏ သခင်စိတ်ဓာတ်ကို ဖော်ပြခဲ့ သည်။
ထိုသပိတ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ဒီးဒုတ်ဦးဘချို၊ သခင်ဘသောင်း၊ သခင်မြ၊ သခင်ဖိုးကွန်း (ဗိုလ်ဖိုးကွန်း) ၊ သခင်ဗဂွမ်း၊ သခင်ထွန်းရွှေ၊ သခင်ဗသီး၊ သခင်သာဒင်တို့က ဦးဆောင်ပါဝင်ခဲ့ကြ ကြောင်းလည်း တွေ့ရသည်။ ထို့နောက်တွင် ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင် သည့်အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည်တစ်ဝန်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် - မြန်မာနှစ်ဘာသာသင် ကျောင်းသားများက ကျောင်းသား ကျောင်းသူများ သပိတ်မှောက်ရန် ထွက်ခဲ့ ကြသည်။
အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြ
ထိုသို့ ထွက်လာသောနေ့မှာ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။ ထိုနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် တို့မှ ကျောင်းသားများပေါင်းပြီး ယူနီဗာစီတီ အက်ဥပဒေ ထဲပါ အချက်များကို သပိတ်မှောက်ကြောင်းကြေညာခဲ့ကြသည်။ နယ်ချဲ့အစိုးရကို ပထမဆုံးအန်တုထိုးနှက် ခဲ့သော၊ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သွားသည့် ကျောင်းသား လှုပ်ရှားမှုကြီးကြောင့် အမျိုးသားကျောင်းများ ပေါ်ပေါက် လာခဲ့ရာ တစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်း ၁၄၅ ကျောင်း အထိရှိလာခဲ့သည်။
နယ်ချဲ့အစိုးရကို ပထမဆုံးဆန့်ကျင်ကန့်ကွက်ခဲ့ သည့် ကျောင်းသား သပိတ်မှောက်သည့်နေ့သည် မြန်မာ တစ်မျိုးသားလုံးအတွက် အရေးကြီးသဖြင့် အမျိုးသား နေ့အဖြစ် သတ်မှတ်ရန် ၁၉၂၁ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပသည့် ဂျီစီဘီအေ နဝမကွန်ဖရင့်၌ အဆိုတင်သွင်းခဲ့ပြီးနောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ဂျီစီဘီအေအထူးကွန်ဖရင့်က တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသား နေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုနေ့ကို သတ်မှတ်ရေးအတွက် ၁၉၂၁ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ် ကျင်းပရန် စဉ်းစားကြသောအခါ ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်စတင်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ ၁၉၂ဝ ပြည့်နှစ် သပိတ် ၁၁ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ဦးမြင့်က နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိ
ရောက်ရောက် တော်လှန်သောနေ့ဖြစ်သည့် ကျောင်းသား များ သပိတ်မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ သတ်မှတ်သင့်ကြောင်း အကြံ ပေးခဲ့ခြင်းကြောင့် မန္တလေးကွန်ဖရင့်ကြီးက အမျိုးသား နေ့ကို တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင်
ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ရာ ယနေ့တိုင်အောင် အမျိုးသားနေ့ဟူ၍ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့အဖြစ် ဖြစ်တည်ပြောင်းလဲကျင်းပလာခဲ့ကြ
ကျောင်းသားသပိတ်မှောက်သည့်နေ့ကို အမျိုးသား နေ့အဖြစ် သတ်မှတ်လိုက်ပြီးနောက် ထိုနေ့နီးလာ
သည်နှင့် ကျောင်းသားဟောင်းကြီးများက အမျိုးသား ကျောင်းရှိသော မြို့များတွင် အမျိုးသားလှုပ်ရှားမှုများ ပြုလုပ် ရန် နှိုးဆော်ခဲ့ကြသည်။ ပထမဆုံးအမျိုးသားနေ့ကို
ခရစ်နှစ် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ တွင် ကျင်းပခဲ့သည်။ အမျိုးသားနေ့ စတင်ကျင်းပစဉ်က ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်မဟုတ်။ အမျိုးသား ကျောင်းများက အမျိုးသားနေ့ ကျင်းပစဉ် အစိုးရ ကျောင်းများက စာသင်မပျက်ကြချေ။ ၁၉၃၄ ခုနှစ် ဒေါက်တာဘမော် ပညာရေးဝန်ကြီးဖြစ်လာမှ အမျိုးသား နေ့တွင် ကျောင်းများအားလုံးပိတ်ကာ မျက်နှာမငယ်သော အမျိုးသားနေ့ဖြစ်လာခဲ့သည်။
သို့သော် အစိုးရလခစားဆရာများ အုပ်ချုပ်မှုအောက် တွင် ကျင်းပသဖြင့် အမျိုးသားကျောင်းများနှင့် မတူကွဲပြား နေသည်။ ၁၉၃၇ ခုနှစ် ဒေါက်တာဘမော် ဝန်ကြီးချုပ်ဖြစ် လာမှ အမျိုးသားနေ့ကို အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ပြီး မြန်မာတစ်မျိုးသားလုံး စုပေါင်းကျင်းပလာ နိုင်ခဲ့ခြင်းဖြစ်သည်ကိုလည်း လေ့လာမိသည်။ ထိုမှ အမျိုးသားနေ့ရောက်သည်နှင့် ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ ကျောင်းသား ကျောင်းသူများ၏ ပဒေသာကပွဲ၊ ဆရာကြီး ဦးရာဇတ်၏ အစီအစဉ်ဖြင့် စက္ကူဒေါင်း အလံလေးများ ရောင်းချရငွေဖြင့် ပြုလုပ်သည့် နိဗ္ဗာန်ဈေးပွဲ စသည့် ပျော်ပွဲ ရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ တစ်နိုင်ငံလုံး ဆင်နွှဲသည့်အခါ အမျိုးသားအောင်ပွဲနေ့ဖြစ်လာသည်။ ကျွန်ပညာရေး
စနစ်၊ ကျွန်အုပ်ချုပ်ရေးစနစ်အောက်မှ လွတ်မြောက်ရေး အတွက် မြို့တွင်း လှည့်လည်ကြွေးကြော်ကြသည့် အမျိုးသားနေ့ အစစ်အမှန်ဖြစ်လာသည်။ ဆိုရလျှင် အမျိုးသားနေ့သည် သာမန်နေ့ထူးတစ်နေ့ မဟုတ်၊ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားထက်သန်စေသည့် အနှစ်သာရများ လွှမ်းခြုံ ထားသော မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ကြောင်း တွေ့ရသည်။
နိုင်ငံရေးအသိလမ်းဖွင့်ပေးကာ အဆင့်ဆင့်တာဝန်ယူရင်း
လွတ်လပ်ရေးကို အရယူခဲ့ကြ
သို့အတွက် အထက်တွင်ဖော်ပြခဲ့သည့် သမိုင်းကြောင်း များကို လေ့လာကြည့်လျှင် ကိုလိုနီခေတ်ပညာရေးတွင် နိုင်ငံသားများ ပညာရည်တိုးတက်မှုမရှိစေရန် ဖိနှိပ်ခဲ့သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခဲ့ကြပြီး အမျိုးသား ပညာရေးကို မြှင့်တင်တည်ဆောက်ရန် ကြိုးစားလာ ကြခြင်း၊ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့ အပါ အဝင် ကျန်ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းသား များက အမျိုးသားတက္ကသိုလ် ပေါ်ပေါက်လာရန် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရသည်။ ထိုစဉ်က အမျိုးသား ပညာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများကို အင်္ဂလိပ် တို့က ဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အမျိုးသား ပညာရေးကို တည်ဆောက်နိုင်ခဲ့သည့်အတွက် မြန်မာ့ စာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ကြသည်ကို တွေ့ရသည်။
ထိုအဖြစ်များနှင့် တစ်ဆက်တည်း မျိုးချစ်စိတ်များ နိုးကြား ပြင်းထန်လာခဲ့ကြ၊ အဆင့်ဆင့် တောင်းဆို
တိုက်ပွဲဝင်လာကြရင်း နောက်ဆုံးတွင် ရန်ကုန်တက္ကသိုလ် ကြီးမှ ကျောင်းသားများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု တို့ကဲ့သို့သော ကိုယ်ကျိုးစွန့် စံပြနိုင်ငံရေးသမား ကောင်းကြီးများ ပေါ်ထွက်လာကာ နိုင်ငံလွတ်လပ်ရေး ရသည်အထိ ဆက်တိုက် မမှိတ်မသုန် ကြိုးပမ်းခဲ့ကြ သည်ကိုလည်း အားကျအတုယူဖွယ်ရာ မြင်တွေ့ကြရမည် ဖြစ်သည်။
ပထမကျောင်းသားသပိတ်သည် ကိုလိုနီခေတ်တွင် ကျောင်းသားများက အင်္ဂလိပ်အစိုးရကို ပထမဆုံး ဆန္ဒပြ တောင်းဆိုခဲ့သည့်ပညာရေး တော်လှန်ရေးဖြစ်လာခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် ကျန်သည့် ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံသားများကို နိုင်ငံရေးအသိလမ်း ဖွင့်ပေးခဲ့သည့် သပိတ်အဖြစ်လည်း မြင်တွေ့ရသည်။
သို့အတွက် ထိုအမျိုးသားအောင်ပွဲနေ့သည် မြန်မာ့ လွတ်လပ်ရေးရအောင် တွန်းပို့ပေးခဲ့သည့် အရေးပါသည့် နေ့တစ်နေ့အဖြစ်လည်း ဖြစ်ခဲ့ရသည်။
ရာပြည့်အမျိုးသားနေ့အောင်ပွဲကို ဂုဏ်ပြုကြိုဆို၊ ပါဝင်ထမ်းရွက်ကြရင်းဖြင့် ပညာရေးကို မြှင့်တင်ကြစေလို
၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျရောက်မည့် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုရန် ထိုနေ့တွင် အခမ်းအနားများ ကျင်းပရန် စီစဉ်နေကြခြင်း၊ အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ်ကလေးငယ်များအား ကလေးပန်းချီပြိုင်ပွဲများ ကျင်းပခြင်း၊ ဝတ္ထု၊ ဆောင်းပါးပြိုင်ပွဲ များကို ကျင်းပရန် စီစဉ်ဆောင်ရွက်နေကြသည့် သတင်းများ ကိုလည်းတွေ့ကြရမည်။
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အဖြစ် ပထမကျောင်းသား သပိတ်စတင်ခဲ့ရာ ဦးအရိယ ကျောင်းတိုက်နှင့် သပိတ်မှောက်ကျောက်တိုင်
အား ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ရန်ကုန်မြို့ပြ
အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်မည့်သတင်းများ
ကိုလည်း ကြားနေရသည့်အတွက် ကျွန်ုပ်တို့အားလုံး အနေဖြင့် မကြာမီကျရောက်လာတော့မည့် အမျိုးသား အောင်ပွဲနေ့ ရာပြည့်သဘင် အထိမ်းအမှတ် အခမ်း
အနားကို ဂုဏ်ပြုကြိုဆိုရင်း နိုင်ငံတော်က ချမှတ်
ထားသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ
ပညာရေးကို ဝိုင်းဝန်းမြှင့်တင်ကာ အနာဂတ်နိုင်ငံတော် ကြီးကို ဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းသာယာအောင် ပါဝင်ထမ်းရွက်ကြစေလိုပါကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments