
ပရီမီယာလိဂ် ပွဲစဉ် (၃) မှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ် သည့် မန်ယူအသင်းနှင့် ခါးသီး ပြိုင်ဘက် လီဗာပူးအသင်းတို့ ပွဲစဉ်ကို ဩဂုတ် ၂၃ ရက် နံနက် ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ရာ မန်ယူအသင်းက နှစ်ဂိုး-တစ်ဂိုးအဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါနိုင်ပွဲသည် နည်းပြသစ် တန်ဟတ်အတွက် ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲကို ရရှိခြင်းဖြစ် သည်။ ပွဲစဉ်မစတင်မီတွင် မန်ယူ အသင်းသည် ရီးရဲမက်ဒရစ် အသင်းမှ ခေါ်ယူထားသည့် ဘရာဇီးကွင်းလယ်ကစားသမား ကက်စမဲရိုးကို မန်ယူကစားသမားအဖြစ် မိတ်ဆက်ခဲ့သည်။
ထို့အပြင် မန်ယူအသင်းသည် ယခုပွဲစဉ်တွင် ပြီးခဲ့သည့် နှစ်ပွဲကထက် မတူညီသည့် ကစားဟန် နှင့် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အကောင်းဆုံး ချိတ်ဆက်ကစားနိုင်မှုကို ပြသနိုင်ခဲ့သည်။ မန်ယူ အသင်းသည် လီဗာပူးအသင်းဘက်သို့ ဂိုးကန်သွင်း ခွင့် ၁၂ ကြိမ်ရရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု လေးကြိမ် တွင် သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သည်။ ပြိုင်ဘက် လီဗာပူး အသင်းက မန်ယူအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်ရရှိခဲ့ပြီး ဂိုးပါက်တည့်မတ်မှု ငါးကြိမ်တွင် သွင်းဂိုးတစ်ဂိုး ရရှိခဲ့သည်။
ပွဲချိန် ၅၃ မိနစ်တွင် အနိုင်ရရှိသေချာစေမည့် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည့် ရက်ဖို့ဒ်သည် မန်ယူ အသင်းအတွက် ၉၉၇ မိနစ်ကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ဆန်ချိုက သွင်းယူပေးနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် ဆာလာက သွင်းယူ ပေးခဲ့သည်။
ပရီမီယာလိဂ်ပွဲစဉ် (၃) ကစားပြီးချိန်တွင် အမှတ် ပေးဇယားကို အာဆင်နယ်အသင်းက ရမှတ် ကိုးမှတ် ဖြင့် ဦးဆောင်ထားကာ မန်ယူအသင်းက ရမှတ် သုံးမှတ်ဖြင့် အဆင့် ၁၄ တွင် ရပ်တည်နိုင်ခဲ့ပြီး လီဗာပူးက ရမှတ်နှစ်မှတ်ဖြင့် အဆင့် ၁၆ တွင် ရပ်တည်နေသည်။
အောင်ဇော်