
နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အကြိုဂုဏ်ပြုဆောင်းပါး
=====================================
အမျိုးသားကျောင်းများနှင့် အမျိုးသားကျောင်းသားများ၏ လွတ်လပ်ရေးကြိုးပမ်းမှု
==========================================================
ပန်းချီသန်းမြင့်ညိမ်း(ပုသိမ်)
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့် ထူးခြားရသနည်း ဆိုသော် မြန်မာ့ရုပ်ရှင်၏ ရာပြည့်၊ ရန်ကုန်တက္ကသိုလ် ကြီး၏ ရာပြည့်၊ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသား သပိတ်ကြောင့် ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲ၏ ရာပြည့်စသည့် ရာပြည့်အထိမ်းအမှတ်များနှင့် ကြုံတွေ့၍ ဖြစ်ပါသည်။ ရာပြည့်အထိမ်းအမှတ်ဆိုသည်မှာ လူတစ်ဦး ချင်းစီ၏ဘဝတွင် နှစ်ခါမရနိုင်သောကြောင့် ထူးခြားစွာ တန်ဖိုးထားရခြင်းလည်း ဖြစ်ပါသည်။
ရာပြည့်နှင့်ပတ်သက်၍ မီဒီယာများတွင် ဟောပြောကြ၊ ရေးသားကြ၊ ထုတ်လွှင့်ကြသည်ကို တွေ့ရှိရပါသည်။ အနုပညာ၊ စာပေ၊ အားကစား စသည့် လောကများနှင့်ပတ်သက်၍ ပြောဆိုကြ၊ ရေးသားကြ၊ ထုတ်လွှင့်ကြသည်ကို တွေ့ရသော်လည်း နိုင်ငံ့လွတ်လပ် ရေးအတွက် ကျောင်းသားများ၏ ဆောင်ရွက်မှုများကို ထုတ်ဖော်မှု ကျန်ရှိနေသည်ကို တွေ့ရပါသည်။ဤကွက်လပ် ကို ဖြည့်ဆည်းချင်သောဆန္ဒနှင့် နှောင်းလူတို့အတွက် သိသင့်သောကိစ္စများ သိရှိနိုင်ပါရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
လွတ်လပ်ရေးအစ ကျောင်းသားက
ပန်းတနော်ဦးသန့်က “အမျိုးသားကျောင်းများ သည် မျိုးချစ်ပုဂ္ဂိုလ်များကို မွေးထုတ်ပေးသော စက်ရုံများ သဖွယ်ဖြစ်သည်”ဟု ဆိုပါသည်။ ၁၉၂၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သော ပထမကျောင်းသားသပိတ်ကြောင့် မြန်မာတစ်နိုင်ငံလုံး အမျိုးသားကျောင်းများ ၁၅၀ ခန့် ပေါ်ထွက်ခဲ့ပါသည်။ နယ်ချဲ့၏ ကျွန်ပညာရေးကို တော်လှန်ပြီး အမျိုးသားပညာရေးကို အမျိုးသားကျောင်း များတွင် မျိုးချစ်ဆရာများက သင်ကြားပို့ချကြသည်။ သမိုင်းကြောင်းအရ အစဉ်အလာမြင့်မားခဲ့သော မြန်မာ့ သမိုင်းကြောင်းကို မြန်မာနိုင်ငံသား လူငယ်ကလေး များအား သိစေသည်။ ကျောင်းများတွင် အတတ်ပညာ သာမက အသိပညာတိုးပွားအောင်လည်း သင်သည်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး၍ လွတ်လပ်ရေးကို ကြိုးပမ်းရယူလိုသောစိတ်ဓာတ်များ လူငယ်များ၏ စိတ်တွင် ခိုင်မာလာအောင် သင်ကြားပို့ချသည်။
ထို့ကြောင့်ပင် အမျိုးသားကျောင်းထွက် လူငယ် များမှာ မျိုးချစ်စိတ်ဓာတ်ထက်သန်ကြသည်။ တိုင်းပြည် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ဆောင်ရွက်လိုစိတ် များ လူငယ်များ၏ရင်တွင် စွဲမြဲလာကြသည်။ ၁၉၂၀ ပြည့်နှစ်မှသည် ဆယ်စုနှစ်တစ်စု ကျော်ကျော်လောက်တွင် ၎င်းလူငယ်လေးများမှာ ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဆုံကြသည်။ ကိုထွန်းစိန်၊ ကိုဗဟိန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုအုန်း၊ ကိုအောင်ဆန်း၊ ကိုသိန်းဖေမြင့်၊ ကိုရာရှစ်စသည့် မျိုးချစ်ကျောင်းသား တော်တော်များများ လာရောက် ဆုံစည်းကြသည်။
သို့သော် ၁၉၃၀ ပြည့်နှစ်အထိ တက္ကသိုလ်တွင် သမဂ္ဂအဖွဲ့မရှိသေးသလို သမဂ္ဂအဆောက်အအုံလည်း မရှိသေးပေ။ ဆန်စက်သူဌေး ဦးညိုက တက္ကသိုလ်သမဂ္ဂ အဆောက်အအုံဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၇၀၀၀၀ လှူဒါန်းပါသည်။ ဤငွေဖြင့် ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် ပြီးစီးပါသည်။ သမဂ္ဂအဆောက်အအုံကြီး ဆောက်လုပ်လှူဒါန်းသဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဒီဂျေစလော့က ဦးညိုအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ပါသည်။ ဤအဆောက်အအုံသည် မျိုးချစ်ကျောင်းသားများ စုစည်း ရာဌာန၊ လွတ်လပ်ရေးကြိုးပမ်းလိုသူများ၏ ဘူမိနက်သန် ဖြစ်လာခဲ့သည်။ ဤသို့ဖြစ်လာမည်မှန်း ဒီဂျေစလော့သည် အစက တွေးထင်မိလျှင် ဆောက်လုပ်လှူဒါန်းခွင့်ပေးခဲ့ မည် မဟုတ်ပေ။
၁၉၃၁ ခုနှစ်တွင် သံတွဲဇာတိ ကိုထွန်းစိန်က ဥက္ကဋ္ဌ၊ ကိုဘဂျမ်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အလုပ်အမှုဆောင် ကိုးဦးဖြင့် ဖွဲ့စည်းသည်။ ကိုထွန်းစိန် သည် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သည်။ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသောအခါ ဥက္ကဋ္ဌမိန့်ခွန်းတွင် “ဤကျောင်းသားသမဂ္ဂကြီးမှနေ၍ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင်ဆောင်ရွက်မည့် သားကောင်း ရတနာများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ကြောင်း၊ အားလုံးအတူတကွ ကြိုးပမ်းကြပြီး လွတ်လပ်ရေးပန်းတိုင် ရောက်အောင် သွားရမည်ဖြစ်ကြောင်း” ရဲရဲတောက် ပြောကြားသွားခဲ့သည်။
ဆက်လက်၍ ကိုထွန်းစိန်က “ကျွန်တော်တို့ရဲ့ သမဂ္ဂ အဆောက်အအုံမှာ အင်္ဂလိပ်ရဲ့ ယူနီယံဂျက်အလံကို မလွှင့်ဘဲ ကျွန်တော်တို့ရဲ့ ဒေါင်းအလံကို လွှင့်မယ်။ (ကဒေါင်းအလံဖြစ်ပါသည်) ဒေါင်းအလံဟာ မြန်မာအလံ စစ်စစ်ဖြစ်တယ်။ ဒီနေ့ကစပြီး ကျွန်တော်တို့ နယ်ချဲ့ရဲ့ ယူနီယံဂျက်အလံကို အလေးမပြုတော့ဘဲ အမျိုးသား ဒေါင်းအလံကိုသာ အလေးပြုကြမယ်။ အခမ်းအနားတွေ အဖွင့်မှာ ကိုယ့်အမျိုးသားသီချင်းဖြစ်တဲ့ “တို့ဗမာ” သီချင်း ကိုသာ သီဆိုကြမယ်။ ဗြိတိသျှနယ်ချဲ့ရဲ့ အမျိုးသားသီချင်းနဲ့ နယ်ချဲ့ရဲ့အလံကို ယနေ့မှစ၍ ဖယ်ထုတ်လိုက်ပါပြီ”ဟု ပြောကြားလိုက်သောအခါ ကျောင်းသားထုတစ်ရပ်လုံးက တစ်ခဲနက်ဩဘာပေးလိုက်ကြပါသည်။
နယ်ချဲ့၏ အာဏာစက်အောက်မှနေ၍ ဤသို့ပြောဆို ပြုမူကြသည်မှာ အန္တရာယ်ကြီးသောလုပ်ရပ်ဖြစ်သဖြင့် တော်ရုံမျိုးချစ်စိတ်ရှိရုံနှင့် ပြောရဲ၊ လုပ်ရဲကြမည် မဟုတ်ပေ။ ဆရာစံကို နယ်ချဲ့အစိုးရက သေဒဏ် (ကြိုးမိန့်) ပေးသော အခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် ကျောင်းသားထုတစ်ရပ်လုံးအား အစည်းအဝေးခေါ်၍ နယ်ချဲ့ အစိုးရကို ရှုတ်ချကြောင်း အဆိုတင်သွင်းကြပြီး ဝမ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် မတ်တတ်ရပ်၍ တော်လှန်ရေး သမားကြီး ဆရာစံအား နှစ်မိနစ် ငြိမ်သက်အလေးပြု ကြသည်။
၁၉၃၅ - ၁၉၃၆ ခုနှစ်တွင် ကိုနုက ဥက္ကဋ္ဌ၊ ကိုရာရှစ်က ဒု-ဥက္ကဋ္ဌ၊ ကိုသီဟန်က အတွင်းရေးမှူး၊ ကိုအောင်ဆန်းက အိုးဝေမဂ္ဂဇင်းစာတည်းမှူးတို့ ပါဝင်သောအမှုဆောင် ကိုးဦးဖြင့် သမဂ္ဂအမှုဆောင်အဖွဲ့သစ် ဖြစ်လာသည်။ ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သမဂ္ဂ အဆောက်အအုံ၌ ဟောပြောပွဲကျင်းပရာ သဘာပတိ အဖြစ် ဆောင်ရွက်သော ဥက္ကဋ္ဌ ကိုနုက “တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံတော် လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းကလည်း နယ်ချဲ့၏ ပညာရေးစနစ်သည် ကျွန်ပညာသာ ဖြစ်ကြောင်း “ကျွန်ပညာနှင့် သခင်ပညာ”ဆောင်းပါးဖြင့် ထောက်ပြသည်။ ကိုသိန်းဖေ (သိန်းဖေမြင့်) ကလည်း နယ်ချဲ့က သင်ကြားပေးနေသောပညာသည် ပျားရည် မရှိသော ပျားအုံ၊ အဆန်မရှိသော သစ်ကြားသီး၊ အနံ့မရှိသော ပေါက်ပန်းနှင့်သာ တူကြောင်း၊ “နတ်အိုးကွဲ”ကဲ့သို့ မည်သို့မျှသုံးမရကြောင်း စသည့် “နတ်အိုးကွဲ” ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ရေးသားပြီး ကျောင်းသားထုအတွင်း ဖြန့်ဝေခဲ့သည်။
ကိုသိန်းတင် (ကိုညိုမြ)က အိုးဝေမဂ္ဂဇင်းအင်္ဂလိပ်စာ ကဏ္ဍတွင် Hell Hound at large “ငရဲခွေးကြီးလွတ်နေပြီ” ဟူသော ဆောင်းပါးတိုလေးဖြင့် နယ်ချဲ့အစိုးရနှင့် နယ်ချဲ့၏ ပညာရေးအာဏာပိုင်များကို ထိုးနှက်ခဲ့သည်။ ဤဆောင်းပါးကို အကြောင်းပြု၍ပင် ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက် ခဲ့ရခြင်းပင် ဖြစ်ပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂ
၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းခဲ့ကြသည်။ ဗကသ၏ ပထမဆုံးဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး ကိုအောင်ဆန်းက ဒုတိယဥက္ကဋ္ဌဖြစ်သည်။ဗကသ၏ ပထမညီလာခံကို ရန်ကုန် မြို့ ဂျူဗလီဟောတွင် ကျင်းပခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ဗကသ၏ ဒုတိယအကြိမ် ညီလာခံကို မန္တလေးမြို့ ဗဟို အမျိုးသား ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။ အိန္ဒိယ နိုင်ငံ ခေါင်းဆောင်ကြီး ပန်ဒစ်ဂျဝါလာနေရူးနှင့် သမီးတို့ တက်ရောက်အားပေးခဲ့သည်။
ပုသိမ်မြို့သုံးထပ်အမျိုးသားကျောင်းကြီးနှင့် ဗကသဥက္ကဋ္ဌသစ် ကိုအောင်ဆန်း
၁၉၃၇-၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းက ဗကသ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုမြစိန် (ပုသိမ်)က အတွင်းရေးမှူး ဖြစ်သည်။ ဗကသ၏ တတိယအကြိမ်ညီလာခံကို ၁၉၃၈ ခုနှစ် ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်း သုံးထပ်တိုက် ကျောင်းကြီးတွင် ကျင်းပသည်။
ပုသိမ်အမျိုးသား အထက်တန်းကျောင်းသည် ၁၉၂၀ ပြည့်နှစ် ပထမ ကျောင်းသားသပိတ်ကြောင့် ပေါ်ပေါက်လာသော အမျိုးသားကျောင်းများတွင် တစ်ကျောင်းအပါအဝင် ဖြစ်သည်။ ကျောင်းအုပ်ကြီးမှာ ရခိုင်အမျိုးသား ဦးရွှေကျော် ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည်။ ကျောင်းအုပ်ကြီးနည်းတူ ဆရာ ဆရာမများသည်လည်း မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူများ ဖြစ်ကြသည်။
ကျောင်းအဆောက်အအုံကြီးကို ဝံသာနုစိတ်ဓာတ် ထက်သန်ပြည့်ဝသည့် ဆန်ကုန်သည်ကြီး ဦးရွှေဖြူ (ရခိုင်အမျိုးသား)နှင့် ဝံသာနုစိတ်ဓာတ်ရှိသူ ကုန်သည် တစ်စုတို့ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါသည်။ ကြီးမား သပ်ရပ်ခံ့ညားသည်။ ကျောင်းဖွင့်စက ရွှေမုဋ္ဌောဘုရား ရင်ပြင်ရှိ တန်ဆောင်းများတွင် ဖွင့်ရသည်။ ထိုမှတစ်ဆင့် ပုဂံဘုန်းတော်ကြီးကျောင်း၊ ၎င်းမှတစ်ဆင့် ခါတော်မီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သရက်တော ကျောင်းတိုက်၊ ထိုမှတစ်ဆင့် ၁၉၃၁ ခုနှစ်တွင် လက်ရှိ နေရာ မန်းကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး ဦးနာရဒ အရှင်မြတ်က ၇ ဒသမ ၇၇ ဧကရှိ ကျောင်းဝင်းကြီးကို အမျိုးသားကျောင်းဖွင့်လှစ်ရန် အပြီးအပြတ် လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။
သုံးထပ်ကျောင်းကြီးကို ၁၉၃၃ ခုနှစ်တွင် စတင် ဆောင်လုပ်ကြရာ ၁၉၃၆ ခုနှစ်တွင် ပြီးစီးသည်။ ကျောင်းတွင် ကျောင်းသားသမဂ္ဂ ရှိသည်၊ ဆရာများ သမဂ္ဂရှိသည်၊ အသက်မွေးဝမ်းကျောင်း ပညာအဖြစ် သင်ကြားရန် ရက်ကန်းခြောက်စင်ရှိသည်၊ ပင်နီဖျင် ရက်လုပ်သည်၊ ကျောင်းတွင် စကောက်အဖွဲ့ကဲ့သို့ ပင်နီ တပ်ဖွဲ့ရှိသည်၊ ကျောင်းမှရက်လုပ်သော ပင်နီဖျင်ဖြင့် တစောင်းဦးထုပ်၊ ပင်နီရှပ်လက်တို၊ ပင်နီဒူးကျ ဘောင်းဘီ၊ ကင်းဘက်ဖိနပ်စီးရသည်၊ ဝါးတုတ် ကိုင်ရသည်၊ စစ်သင်တန်းပေးသည်၊ ၎င်းပြင် ဘင်ခရာ တပ်ဖွဲ့ရှိသည်၊ ကျောင်းပိုင်စန္ဒရား၊ ကျောင်းပိုင် ဘတ်စ်ကားရှိသည်၊ တစ်နှစ်တစ်ကြိမ် ကျောင်းမဂ္ဂဇင်း ထုတ်သည်၊ မြန်မာပိုင်းရော အင်္ဂလိပ်ပိုင်းပါပါရှိသည်၊ ကျောင်းသား သမဂ္ဂသည် အလွန်တက်ကြွကြပြီး ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)ဖြင့် အဆက်အသွယ်ရှိ သည်။ ကျောင်းအုပ်ကြီးကိုယ်တိုင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောသဖြင့် အင်္ဂလိပ်အစိုးရက ခေါ်ယူသတိပေးပြီး တစ်ရက်ထိန်းသိမ်းခံရသည်။
သုံးထပ်ကျောင်းကြီးတွင် ကျင်းပသော
ဗကသ၏ တတိယအကြိမ်ညီလာခံ
၁၉၃၈ ခုနှစ် ဧပြီလ (၂၄၊ ၂၅)
တတိယအကြိမ် ဗကသညီလာခံကို ပုသိမ်မြို့ ဗဟို အမျိုးသားအထက်တန်းကျောင်း သုံးထပ်တိုက်ကျောင်း ကြီးတွင် ခမ်းနားထည်ဝါစွာကျင်းပသည်။ မြန်မာတစ်နိုင်ငံ လုံးမှ ကျောင်းသားကိုယ်စားလှယ် ၁၀၄ ဦး တက်ရောက် ကြသည်။ မြို့မိမြို့ဖများ၊ ပုသိမ်အမျိုးသားကျောင်း၏ ကျောင်းသားသမဂ္ဂဝင်များ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားသူ မြို့လူထု ပါဝင်တက်ရောက်ကြသည်။
နံနက် ၉ နာရီ ၁၅ မိနစ်တွင် မင်္ဂလာအချိန် ကျရောက်သဖြင့် ဧည့်ကော်မတီဥက္ကဋ္ဌ ကိုလှမောင်က ရှေ့ဆောင်ကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗကသ ဥက္ကဋ္ဌ ကိုအောင်ဆန်းနှင့် အမှုဆောင်များ တန်းစီ၍ စင်မြင့်ပေါ်သို့ တက်ရောက်လာကြသောအခါ ကျောင်း ဆင်ဝင်အောက်မှ စည်တော်ကြီး တီးပေးသည်။ စည်တော် ရွမ်း၍ တက်လာသောမြင်ကွင်းမှာ ကျက်သရေရှိလှ ပါသည်။ အစည်းအဝေး တက်ရောက်သူအားလုံး (စုံထောက်များပါမကျန်) ပင်နီတိုက်ပုံ ဝတ်ဆင်ထားကြ သည်။ ကိုဖိုးအုန်းက တိုင်ပေးပြီး အားလုံးမတ်တတ်ရပ်ကာ “တို့ဗမာ” သီချင်းကို တက်ကြွစွာ သံပြိုင်သီဆိုကြသည်။ ကျောင်းဝင်းကြီးတစ်ဝင်းလုံး တို့ဗမာသီချင်းသံဖြင့် ဖုံးလွှမ်း သွားသည်။ ကိုအောင်ဆန်းက နာယကအဖြစ် ဆောင်ရွက်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အဖွင့်အမှာစကား ပြောကြားပေးသည်။ ဥက္ကဋ္ဌ ကိုအောင်ဆန်းက ၂၅ မျက်နှာရှိ မိန့်ခွန်းရှည်ကြီးကို ဖတ်ကြားတင်ပြသည်။ လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် အားပေးကြသည်။ အိန္ဒိယဝန်ကြီးချုပ် နေရူး၏ သဝဏ်လွှာကို အတွင်းရေးမှူး ကိုမြစိန်က ဖတ်ကြား တင်သွင်းသည်။ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်းများ ပြုလုပ် ကြသည်။
၂၅-၄-၁၉၃၈ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။ အသင်းဥက္ကဋ္ဌဟောင်း ကိုရာရှစ် က အင်္ဂလိပ်ဘာသာဖြင့် ဆုံးမစကားပြောကြားကာ မြစ်ကြီးနားမြို့တွင် နယ်ချဲ့အစိုးရက ပြည်သူများကို ဖိနှိပ်ချုပ်ချယ်ကြောင်း တစ်နာရီခန့် ပြောကြားပါသည်။ အဆိုတင်ခြင်း၊ ဆွေးနွေးခြင်းစသည်တို့ ပြုလုပ်ကြ သည်။ အတည်ပြုချက်များတွင် ရန်ကုန်တက္ကသိုလ်မှ ကိုဗဟိန်းတင်သွင်းပြီး မန္တလေးဥပစာကောလိပ်မှ ကိုတိုးရင် ထောက်ခံသည်။ “ကျောင်းသားများ နိုင်ငံရေး ဝင်လုပ်ခွင့်” အဆိုကိုလည်း အတည်ပြုချက်တစ်ချက် အဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလေးမ ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာ ဆုရရှိသူများကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ချီးမြှင့်ပေးပါသည်။ အစည်းအဝေးနာယက ကိုအောင်ဆန်းက နိဂုံးချုပ် အမှာ စကားပြောကြားပြီး “တို့ဗမာသီချင်း”သံပြိုင်သီဆိုကာ ဒုတိယနေ့အစည်းအဝေးကို ရုပ်သိမ်းပါသည်။
ဤသို့ အနာဂတ်၏ ခေါင်းဆောင်လောင်းများ ဖြစ်ကြသည့် တက္ကသိုလ်ကျောင်းသားကြီးများနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကိုဇော်ဝိတ်၊ ကိုသန်းထွန်းတို့ ကျွန်ုပ်တို့ ပုသိမ်မြို့အမျိုးသားကျောင်း တွင် ညီလာခံလာရောက် ကျင်းပခဲ့သည့်အတွက် များစွာဂုဏ်ယူလျက်ရှိပါသည်။ ထိုညီလာခံကျင်းပနေချိန် တွင် ပုသိမ်အမျိုးသား ကျောင်းသားများဖြစ်ကြသော မောင်တင်ဦး (နောင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦး)၊ မောင်ညွန့်မောင် {နောင်တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့် ရ ဦးညွန့်မောင် (ပန်းချီ)}၊ မောင်ဖေသိန်း အာရှလူငယ် (နောင်တွင် နိုင်ငံရေး ကာတွန်းတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူ ကာတွန်း ဦးဖေသိန်း)၊ မောင်အောင်ရှိန် (ဦးရှံစား၊ ဒိန်းဒေါင်ဇာတ်ကောင်အပါအဝင် ဇာတ်ကောင် ပေါင်း မြောက်မြားစွာတို့၏ဖန်တီးရှင် ကာတွန်း ဦးအောင်ရှိန်)၊ မောင်ဝင်းမောင် (အမျိုးသားစာပေဆု၊ တစ်သက်တာ အမျိုးသားစာပေဆုအပါအဝင် စာပေဆုများရှင် ဆရာကြီး မင်းယုဝေ)တို့သည် အလယ်တန်း ကျောင်းသားလေးများအဖြစ် ရှိနေခဲ့ကြသည်။
နိုင်ငံရေးအစ ဇီးချိုင်က (ဝါ)
လွတ်လပ်ရေးအစ ဇီးချိုင်က
ဇီးချိုင်ရွာသူ ရွာသားအဆက်ဆက် ဂုဏ်ယူပြောကြား လျက်ရှိသော စကားဖြစ်သည်။ ဇီးချိုင်တွင် ရခိုင်၊ ကရင်၊ ဗမာလူမျိုးများ စုပေါင်းနေထိုင်ကြသည်။ တစ်ရွာလုံး နီးပါးရှိ ရခိုင်လူမျိုးများသည် ရိုးသားကြသည်၊ ဘာသာတရား ကိုင်းရှိုင်းသည်၊ စပါးစိုက်ခြင်း၊ တောင်ယာစိုက်ခြင်း၊ အုန်းသားထုတ်လုပ်ခြင်းတို့ဖြင့် အသက်မွေးကြသည်။ ရိုးမတောင်ကို ကျောထောက်နောက်ခံထား၍ အရှေ့တွင် ကျယ်ပြန့်သော သဲသောင်ပြင်ရှိသည်။ ကမ်းခြေအလှက ဆွဲဆောင်မှုရှိသည်၊ မြေပဲများလည်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြသည်။ ကမ်းခြေတွင် ရေကူးသူတို့အတွက် အန္တရာယ်ကင်းသည်၊ လှိုင်းအိကလေးများသာ ရှိသည်။ အင်္ဂလိပ်ခေတ်က လေယာဉ်ကွင်းငယ်ရှိသည်၊ မျက်နှာဖြူ များ လေကြောင်းမှလည်းကောင်း၊ ရေကြောင်းမှ လည်းကောင်း လာရောက်ပြီး အပန်းဖြေ ရေကူးကြကြောင်း သိရသည်။ တစ်နေ့တည်း လေယာဉ်ကိုးစင်းအထိ လာရောက်ဖူးကြောင်း ပြောကြသည်။ ဇီးချိုင်တွင် ဘုန်းတော်ကြီးကျောင်းသုံးကျောင်းရှိရာ ကျောင်းဟောင်း ဆရာတော်မှာ သာသနာရေးသာမက မြန်မာ့အရေးကိုပါ ဂရုစိုက်သူဖြစ်သည်။ ဆရာတော်သည် ဦးဥတ္တမနှင့် ဦးဝိစာရကို ထောက်ခံသည်။ ရွာသားများကို အမျိုးသားရေး စိတ်ဓာတ်သွတ်သွင်းပေးပြီး နယ်ချဲ့ဆန့်ကျင်ရေးကို အစဉ် တစိုက် ဟောပြောသူ ဆရာတော်တစ်ပါး ဖြစ်ပါသည်။
ဗကသဥက္ကဋ္ဌ ကိုအောင်ဆန်းနှင့် ကျောင်းသား ခေါင်းဆောင်များသည် ပုသိမ်ညီလာခံပြီးသောအခါ သင်္ဘောစင်းလုံးငှား၍ အပန်းဖြေခရီးအဖြစ် မော်တင်စွန်းသို့ ထွက်ခဲ့ကြသည်။ ၂၆-၄-၁၉၃၈ ရက်နေ့ နံနက် ၆ နာရီတွင် ကျောင်းသား ၇၀ ခန့် ပါဝင်သောအဖွဲ့သည် ဟိုင်းကြီးသို့ ညနေတွင်ရောက်သည်။ စက်လှေဖြင့် ဆက်ထွက်လာကြပြီး ကမ်းခြေသို့ရောက်သည့်အခါ အောက်လင်းဓာတ်မီးကြီးများ တထိန်ထိန်ဖြင့် အထုပ်ကိုယ်စီထမ်းကာ ဆက်ထွက် ကြသည်။ မော်တင်သို့ ည ၁၁ နာရီခန့်တွင် ရောက်ပါသည်။ ၂၇ ရက်နေ့ နံနက်တွင် ကမ်းခြေမှာ လမ်းလျှောက်သူက လျှောက်၊ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်သူကလုပ်၊ ကမ်းခြေ တွင် ဘောလုံးကစားသူက ကစား၊ ရေကူးသူကကူး၍ ပျော်နေကြသည်၊ ကျောင်းသားတစ်ယောက် ရေနစ်သော အခါ ရေမကူးတတ်သော အညာသား ကိုအောင်ဆန်းက ကယ်ရန် ပြေးဆင်းသွားပြီး သူပါရေနစ်တော့သည်။
ကိုဇော်ဝိတ်နှင့် ရေကူးကျွမ်းသူ နှစ်ယောက်၊ သုံးယောက် ပြေးဆင်းသွားပြီး ရေနစ်သူ နှစ်ယောက်စလုံးကို ကယ်ခဲ့ကြရသည်။ ကိုအောင်ဆန်း၏ စရိုက်က သူတစ်ပါး ဒုက္ခရောက်နေသည်ကို တွေ့ရှိရပါက မိမိအသက်ကိုပင် ဂရုမစိုက်နိုင်ဘဲ ကူညီတတ်ကြောင်း ပေါ်လွင်နေပါသည်။ ကိုအောင်ဆန်းသာ ထိုစဉ်က ရေနစ်ဆုံးရှုံးသွားပါက မြန်မာ့ လွတ်လပ်ရေးသမိုင်းကြောင်းသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါသည်။ ညဘက်ရောက်သည့်အခါ အုပ်စုလိုက် ခွဲပြီး နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြသည်။ အနာဂတ် မြန်မာနိုင်ငံအတွက် အစီအစဉ်ရေးဆွဲကြသည်။ မော်တင်စွန်း သို့ ထွက်ခွာလာကြသည်မှာ အပန်းဖြေခရီးဟု အမည် တပ်ထားသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် မှာ အဓိကရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်းဖြစ်ပါသည်။
သောင်ပြင်လမ်းလျှောက်သောအဖွဲ့မှာ မြွေတောင် (ငွေတောင်)သို့ ရောက်သွားကြသည်။ မြွေတောင်မှာ မော်တင်စွန်းမှ ခုနစ်မိုင်ခန့်ဝေးသည်။ နေကလည်းမြင့်၊ ပင်လည်းပင်ပန်း၊ ဆာလည်းဆာသဖြင့် ရွာဆီသို့ တက်လာ ကြသည်။ ရွာအမည်က ဇီးချိုင်၊ ဇီးချိုင်ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိသောအခါ ဆရာတော်ကြီးကို ဦးချကြသည်။ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်ကြောင်း၊ ပုသိမ်ညီလာခံအပြီးမှာ အပန်းဖြေထွက်လာကြခြင်းဖြစ်ကြောင်း လျှောက်ထားသောအခါ ဆရာတော် က ဝမ်းသာသည်။ ဆရာတော်က ခေတ်ကို မျက်ခြည်ပြတ်သူ မဟုတ်၊ လွတ်လပ်ရေးကို မြော်တွေးသူ ဖြစ်သည်။ အစားအသောက်များ ကျွေးမွေးသည်။ ကျောင်းသားများက ထမင်းမစားမီ တို့ဗမာသီချင်းဆိုပြီးမှ စားကြသည်။ ဆရာတော်နှင့် ရွာသားများမှာ တပြုံးပြုံးဖြင့် သဘောကျ နေကြသည်။ ၎င်းတို့တွင် ကျောင်းသားခေါင်းဆောင်များ ပါဝင်ကြောင်း ပြောကြားသည့်အခါ ဆရာတော်က လာရောက်တရားဟောပေးပါရန် ဖိတ်ကြားပါသည်။ ရွာဆော်တစ်ဦးက ရွာဓလေ့အရ ဗျို့ဟစ်သည်။
“သဗ္ဗူရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျာ၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ကျောင်းဟောင်း ဘုန်းတော် ကြီးကျောင်း၌ ကာယဗလတရားနှင့် သခင်ကျောင်းသားများ က နိုင်ငံရေးတရားဟောကြားမည် ဖြစ်ပါသဖြင့် အတူတကွ တရားတော်နာယူရန်အတွက် ကြွရောက်ကြပါရန် အကျိုး မျှော်၍ နှိုးဆော်ဖိတ်ကြားအပ်ပါတယ်ဗျို့” တဲ့။
၂၈ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပါလာသည့် စုံထောက်များ မရိပ်မိအောင် အချင်းချင်းလက်တို့၍ ထွက်လာခဲ့ကြသည်။ ကိုအောင်ဆန်း၊ ကိုသန်းထွန်း၊ ကိုဇော်ဝိတ်၊ ကိုထွန်း၊ ကိုဗဟိန်း၊ ကိုလှရွှေတို့ ဖြစ်ကြသည်။ ကျောင်းသို့စောစောရောက်သောအခါ ဆရာတော်နှင့် ဒါယကာ ဒါယိကာမများက ကျေးလက်အစားအစာများ၊ အုန်းသီးနုနုလေးများကို ခြစ်ပြီး အုန်းရေနှင့် သောက်ရသော အုန်းကြာဆံများဖြင့် ကျွေးမွေးဧည့်ခံသည်။ စားသောက် ပြီးကြသောအခါ ကျောင်းဝင်းထဲရှိ အုန်းပင်များအောက် မြေပေါ်တွင်ပင် ဟောပြောပွဲ ပြုလုပ်သည်။ စားပွဲဝိုင်းတစ်ခု ချထားပြီး ရေချိုင့်တင်ထားသည်။ ဆရာတော်နှင့် ရဟန်းသုံးပါးက ထိုင်ခုံများဖြင့် ထိုင်ကြသည်။
တရားပွဲမစမီ ကိုဇော်ဝိတ်ကြီးက ခါးတောင် မြှောင်အောင်ကျိုက်၍ ကိုဟန်အမျိုးမျိုးဖြင့် ကာယဗလ ပြသည်။ ကြွက်သားစိုင်ကြီးများကို အမျိုးမျိုးလှုပ်ပြသည်။ ကလေးလူကြီးအားလုံး တဝါးဝါး တဟားဟားဖြင့် သဘော ကျနေကြသည်။ တချို့က လာရောက်ကိုင်ကြည့်ကြသည်။ ကာယဗလပြပြီးသောအခါ တရားပွဲစသည်။ ကိုသန်းထွန်း၊ ကိုဗဟိန်း၊ ကိုအောင်ဆန်းတို့က နိုင်ငံရေးတရားဟောသည်။ ကိုအောင်ဆန်းသည် နယ်ချဲ့စနစ်၏ ဆိုးရွားပုံ၊ မြန်မာနိုင်ငံ သားများအပေါ်တွင် ဗိုလ်ကျစိုးမိုးပြီး အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းကြကြောင်း၊ အလုပ်သမား၊ လယ်သမားများ အပေါ်တွင် မတရားသော ဥပဒေအမျိုးမျိုးဖြင့် နှိပ်ကွပ် ကြောင်း၊ သူတို့ကိုယ်သူတို့ သခင်လိုသဘောထားပြီး မြန်မာနိုင်ငံသားများကို ကျွန်အဖြစ်သဘောထားကြ ကြောင်း၊ အမှန်မှာ ကျုပ်တို့တွေဟာ သခင်လူမျိုးတွေ ဖြစ်ကြောင်း ပီပီပြင်ပြင်ဟောပြောသည်။ “နိုင်ငံလွတ်လပ် ရေးရမှဖြစ်မယ်၊ လွတ်လပ်ရေးကို နယ်ချဲ့ဆီကနေ လက်နက်နဲ့ တိုက်ယူမှရမယ်၊ လက်ဖြန့်တောင်းနေ လို့တော့ ရမှာမဟုတ်ဘူး၊ အလုပ်သမား၊ လယ်သမား၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ချင်း၊ မြန်မာစတဲ့ ကျုပ်တို့အားလုံး လက်တွဲပြီး လွတ်လပ်ရေးကို တိုက်ယူရမယ်၊ လက်နက် ကိုင် တိုက်ပွဲဝင်မှ သူပုန်ထမှရမယ်၊ ဒါကြောင့် သူပုန်ထ ရမယ်”လို့ ပြောနေရင်း ပိုမိုအရှိန်တက်လာကာ “သူပုန် ..သူပုန်...ထထ” လို့ တိုင်ပေးလိုက်ရာ ကျောင်းသား ခေါင်းဆောင်များကလည်း လက်သီးလက်မောင်းတန်း ကာ အော်ကြသည်။ ရွာသားများကို ဆရာတော်က ဟဲ့အော်ကြလေလို့ ဆိုလိုက်သည့်အခါမှ ဝိုင်းအော်ကြ သည်။ ကိုအောင်ဆန်း သည် လက်နက်ကိုင် တိုက်ပွဲ ဝင်ရန် ထိုအချိန်ကတည်းက ဆုံးဖြတ်ထားခဲ့ပုံရပါသည်။ ကိုဗဟိန်းက ရေနံမြေအလုပ်သမားများအကြောင်း၊ သခင်သန်းထွန်းက ဆရာစံ သူပုန်ထရခြင်းနှင့် လယ်သမားများ၏ ဒုက္ခကို ဟောပြောသည်။
ဟောပြောပွဲပြီးသောအခါ ဆရာတော်ကြီးနှင့် ရွာသားများက ကျောင်းပေါ်တွင် ဧည့်ခံကျွေးမွေးသည်။ ရန်ကြီးအောင်ဟု ရေးထားသော စားပွဲကြီးပေါ်တွင် ဟင်းခွက်များ ပြည့်နေသည်။ ကိုအောင်ဆန်းက စားပွဲမှ စာကို တွေ့လိုက်ရသောအခါ အားပါးတရ ပြုံးလိုက်ပြီး “ဒါကျုပ်တို့တိုက်ပွဲအတွက် မင်္ဂလာရှိတဲ့ အောင်နိမိတ် ပဲဗျ”ဟု ပြောလိုက်သည်။ ထမင်းမစားမီ တို့ဗမာသီချင်းကို သံပြိုင်သီဆိုပြီးမှ စားသောက်ကြသည်။ ဤအဖြစ်အပျက် မှ နောက်လေးနှစ်ကြာသောအခါ ကိုအောင်ဆန်းသည် မြန်မာ့မျိုးချစ်တပ်မတော်၏ စစ်သေနာပတိဖြစ်လာလိမ့် မည်ဟု ထိုစဉ်က တွေးထင်မိကြမည်မဟုတ်ပေ။
ဇီးချိုင်ရွာသားများက ဤသည်ကို ဂုဏ်ယူလျက် ရှိသည်။ ကိုအောင်ဆန်းသည် ၁၉၃၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရွာမှာ တရားလာဟောပြီး ထိုနှစ် အောက်တို ဘာလတွင် နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းရန် နိုင်ငံရေးနယ်သို့ ခြေစုံပစ်ဝင်သွားသည်။ တို့ဗမာအစည်း အရုံး၏
အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက် သည်။ ၁၉၄၀ ပြည့်နှစ်တွင် အသက် ၂၅ နှစ်တွင် စစ်ပညာ သင်ယူရန် ဂျပန်သို့ ထွက်ခွာပြီး ၁၉၄၁ ခုနှစ်တွင် မြန်မာ့ တပ်မတော်စစ်ဦးစီးချုပ် ဖြစ်လာသည်။ ထို့ကြောင့် ဇီးချိုင်ရွာသားများက “နိုင်ငံရေးအစ ဇီးချိုင်က” “လွတ်လပ်ရေးအစ ဇီးချိုင်က”ဟု သားစဉ်မြေးဆက် ဂုဏ်ယူလျက်ရှိကြရာ ယနေ့တိုင်ဖြစ်ပါသည်။
၁၉၂၀ ပထမကျောင်းသားသပိတ်မှ မွေးဖွား ပေးလိုက်သော မျိုးချစ်ကျောင်းသားများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့မှုကြောင့် နိုင်ငံတော်ကြီး သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ရပါသည်။ အမျိုးသား ကျောင်းများသည် မျိုးချစ်ပုဂ္ဂိုလ်များကို မွေးထုတ်ပေး သော စက်ရုံများသဖွယ်ဖြစ်သည်ဟူသော စကားမှာ ရာနှုန်းပြည့် မှန်ကန်လှပါသည်။ ဤဆောင်းပါးတွင် အမည်ပါဝင်သော ကျောင်းသားခေါင်းဆောင်များမှာ မြန်မာတစ်နိုင်ငံလုံးရှိခဲ့သော ကျောင်းသားထုတစ်ရပ် လုံးကို ကိုယ်စားပြုပါသည်။ ယခုခေတ်လူငယ်များ အနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းကိုသိရှိအောင် လေ့လာဖို့ လိုအပ်ပါသည်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “သမိုင်း သင်တာ မအ,အောင်သင်တာ”ဟု ပြောဖူးပါသည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗိုလ်ချုပ် အောင်ဆန်းက စာရေးဆရာ ကိုကိုမောင်ဖြစ်မည့် လူငယ် အား “ ငါမင်းကို အမြဲတမ်း အသုံးဝင်မယ့်စကားပြောလိုက် မယ်။ အဲဒါ တခြားမဟုတ်ဘူး။ သမိုင်းစာအုပ်မှန်ရင် ဘာစာအုပ်ဖြစ်ဖြစ်ဖတ်၊ သမိုင်းမသိရင်လည်း ဘာမှ မသိနိုင်ဘူး။ ဒါကြောင့် သမိုင်းစာအုပ်တွေ ဖတ်ပါကွာ” ဟု ပြောကြားခဲ့ပါသည်။ လူငယ်မျိုးဆက်သစ်များ အနေဖြင့် သမိုင်းကို လေ့လာခြင်းဖြင့် အမျိုးသားကျောင်း များနှင့် ကျောင်းသားထုတစ်ရပ်လုံး၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို သိရှိနိုင်ကြပါစေဟု ဆန္ဒပြုရင်း ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုအပ်ပါသည်။
စာကိုး
၁။ ဦးဘသန်း၏ မြန်မာရာဇဝင်
၂။ ၂၀၁၄ (ပုသိမ်အမျိုးသားကျောင်း) အထက (၂) မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ်ထုတ်ဝေသော နေရှင်နယ်မဂ္ဂဇင်းပါ သူရဦးတင်ဦး၏ ဥယျောဇဉ် ကောက်နုတ်ချက်နှင့် သင်းမြတ်(ပုသိမ်)၏ အမျိုးသားနိုင်ငံရေးနှင့် အမျိုးသားသမိုင်းကြောင်း ထဲက ပုသိမ်အမျိုးသားကျောင်းဆောင်းပါး။
၃။ မိဗုံနှင့် နီဂရေ့ဆ်လင်းတို့၏ မော်တင်စွန်း အညွှန်း စာအုပ် (နေလုံးနီစာကြည့်တိုက် ရန်ပုံငွေအဖြစ် ထုတ်ဝေသည်)
- Log in to post comments