လူ့အခွင့်အရေးမြှင့်တင် ဟန်ချက်ညီဆောင်ရွက်

အယ်ဒီတာ့အာဘော်

===========

 

လူ့အခွင့်အရေးမြှင့်တင် ဟန်ချက်ညီဆောင်ရွက်

========================

 

ဒုတိယကမ္ဘာစစ်ကာလ၌ပင် ကမ္ဘာကြီးသည် ကျဉ်းမြောင်းလာခဲ့သည်။ စစ်အတွင်းက စစ်မီးတောက်လောင်မှုများသည် တစ်ကမ္ဘာလုံးသို့ အလျင်အမြန်ကူးစက်ခဲ့ပြီး ဟီရိုရှီးမားနှင့် နဂါစကီးမြို့ကြီးပေါ်သို့ အဏုမြူ ဗုံးကြဲချပြီးနောက် ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့သည်။ စစ်အတွင်း ကာလ၌ပင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား ထိပါးနိုင်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂဟူသည့် အဖွဲ့ အစည်းကြီး ပေါ်ပေါက်ခဲ့သည်။

 

ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မထိပါးရေး အရေး များအား ဖြေရှင်းနိုင်ရေးနှင့်အတူ ကမ္ဘာပေါ်ရှိ လူသားများအားလုံး၏ အခွင့်အရေးသည် အလွန်အရေးကြီးသဖြင့် ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် နိုင်ငံကြီးများသည် ဆန်ဖရန်စစ္စကိုမြို့၌ ကုလသမဂ္ဂဖွဲ့စည်းရန်အတွက် စတင်ဆွေးနွေးပြီး ကုလသမဂ္ဂ၏ ချာတာခေါ် လူ့အခွင့်အရေးစာတမ်းကြီး ကိုလည်း အများသဘောတူရေးဆွဲကာ လက်မှတ်ရေးထိုး၍ အတည်ပြု ထုတ်ပြန်ခဲ့သည်။

ကမ္ဘာကြီးသည် အလွန်ကျဉ်းမြောင်းသည့် ရွာကြီးတစ်ရွာ ဖြစ်လာချိန် မှစ၍ လူသားများ၏ လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှုများလာသည်ကို ကာကွယ်နိုင်ရန်အတွက် ကုလသမဂ္ဂ စတင်ဖွဲ့စည်းရန် ပြင်ဆင်ဆောင်ရွက် သည်နှင့် လူ့အခွင့်အရေးဆောင်ရွက်ချက်များကို စတင်လာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ ချမှတ်ခဲ့သည့် လူ့အခွင့်အရေးကြေညာစာတမ်းကို အသိအမှတ်ပြုထောက်ခံခဲ့သည်။

 

လူသားများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ခံစားခွင့်၊ ကိုယ်ပိုင် ကာကွယ်ခွင့်များသည် လူ့အခွင့်အရေးများဖြစ်သည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို ဦးစွာထောက်ခံသောနိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းဖြင့် လူ့အခွင့်အရေး ကို လေးစားသောနိုင်ငံအဖြစ် ထင်ဟပ်ပြသနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်းနှင့်အတူ အာဏာရှင်စနစ်များလည်း တဖြည်းဖြည်းချုပ်ငြိမ်းလာခဲ့ သည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းသောအခါ ဒီမိုကရေစီစနစ် ရှင်သန် ထွန်းကားလာပြီး ဒီမိုကရေစီနှင့်အတူ လူ့အခွင့်အရေးသည်လည်း အရေးပါ အရာရောက်လာခဲ့သည်။

(၇၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့်သဝဏ်လွှာတွင် “ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး သည် ရှေ့တန်းသို့ရောက်ရှိလာပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိပါသည်။ နိုင်ငံတော် က တည်ဆောက်နေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးနှင့်လည်း ဆက်စပ်လျက်ရှိပါသည်။”ဟု ဖော်ပြပါရှိသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် ထွန်းသစ်စ မြန်မာနိုင်ငံတွင် လူတိုင်းလူတိုင်း လူ့အခွင့်အရေး ခံစားခွင့်ရှိရေးကို ဦးစားပေးလျက်ရှိသကဲ့သို့ လူ့အခွင့်အရေးကို မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိပါသည်။ လွတ်လပ်ခွင့် နှင့်အတူ တရားဥပဒေစိုးမိုးရေးသည်လည်း အလွန်အရေးကြီးပါသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပါသည်။ လူ့အခွင့်အရေးကို အလေးမထား မျက်ကွယ်ပြုခြင်း သည် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းမည်ပါသည်။ တစ်ခုချိုးဖောက်လျှင် နှစ်ခုပျက်ပြားခြင်းလည်းဖြစ်နိုင်သဖြင့် ဖိုခုံလောက်ဆိုင် သုံးခုအဖြစ် တည့်မတ်ခိုင်မာရေးအတွက် ကြိုးပမ်းအားထုတ်ကြဖို့လိုမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို ကုလသမဂ္ဂ စတင်ဖွဲ့စည်းစဉ် ကတည်းက အစဉ်အဆက် အသိအမှတ်ပြု လေးစားလိုက်နာ မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွင်း လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိသည်။ လူ့အခွင့် အရေးကို လေးစားလိုက်နာသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ထွန်း လာစေရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများသည် ပြည်တွင်း၊ ပြည်ပအသိုက်အဝန်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ရာ စစ်မှန်သည့် မြဲမြံခိုင်ကျည်သော ဒီမိုကရေစီစနစ်ကို တည်ဆောက်နေသည့် မြန်မာနိုင်ငံ၌ လူ့အသိုက်အဝန်းအားလုံးအပေါ်တွင် ခွင့်တူညီမျှ အတူတကွဖြင့် လူ့အခွင့်အရေးများကို ပြည့်ဝစွာရရှိရေးအတွက် အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဟန်ချက်ညီညီ သဟဇာတရှိရှိ ပေါင်းစပ် လက်တွဲဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။