MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် (၁၀) စက်တင်ဘာ ၃ ရက်မှ ၈ ရက်အထိ ကျင်းပမည်

 

ရန်ကုန် စက်တင်ဘာ ၂


၂၀၂၂  ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယ အကျော့  ပထမဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၀) ကို စက်တင်ဘာ ၃ ရက်မှ ၈ ရက် အထိ ကျင်းပမည်ဖြစ်သည်။

 


ပွဲစဉ် (၁၀) အဖြစ်  စက်တင်ဘာ ၃ ရက် တွင် ရှမ်းယူနိုက်တက်နှင့် မြဝတီ၊ စက်တင်ဘာ ၄ ရက်တွင်  ရခိုင်ယူနိုက်တက်နှင့် ရတနာပုံ၊ စက်တင်ဘာ ၅ ရက်တွင် မဟာယူနိုက်တက်နှင့် ရန်ကုန်၊ စက်တင်ဘာ ၇ ရက်တွင် GFA နှင့် ဟံသာဝတီ၊ စက်တင်ဘာ  ၈ ရက်တွင် အားကာ သိပ္ပံနှင့် ဧရာဝတီအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 


ဒုတိယအကျော့တွင် ကိုးပွဲသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့်    အသင်းတိုင်း အနေဖြင့်     မျှော်လင့်ချက်ကိုယ်စီအတွက် အမှားမခံတော့ဘဲ ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ချန်ပီယံ မျှော်လင့်ချက် ရှိသည့်အသင်းများ၊ တန်းဆင်းဇုန်မှ ရုန်းထွက် နိုင်ရန်   ကြိုးပမ်းရမည့်အသင်းများမှာ ပိုမို အားထုတ်ရဖွယ်ရှိနေသည်။

 


ဒုတိယအကျော့ ပထမဆုံးရက်သတ္တပတ် မှာပင် ဇယားထိပ်ဆုံးမှ  ရှမ်းယူနိုက်တက်နှင့် တတိယနေရာမှ   မြဝတီအသင်း  ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။ မြဝတီအသင်းသည် ယခုရာသီမှ   တန်းပြန်တက်လာသော်လည်း ရလဒ်ကောင်းများဆက်တိုက်ရရှိကာ ပထမ အကျော့အပြီးတွင်    တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ တွေ့ဆုံမှုတွင်လည်း ရှမ်းယူနိုက်တက်အသင်း က တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာ ယခုပွဲတွင် နိုင်ပွဲထပ်မံရယူနိုင်ရန် အားကုန်ထုတ်ရဖွယ် ရှိနေသည်။ 

 


ပထမအကျော့အပြီးတွင်     ရမှတ်လုံးဝ မရှိဘဲ ဇယားအောက်ဆုံးရောက်နေသည့် ရခိုင် ယူနိုက်တက်အသင်းသည်        ရာသီဝက် အပြောင်းအရွှေ့ကာလတွင်    ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ပထမဆုံးပွဲတွင် ရလဒ်ကောင်း ရယူနိုင်ရန်        ကြိုးစားဖွယ်ရှိသော်လည်း ပထမအကျော့ပြီးခါနီးတွင် နိုင်ပွဲဆက်နေသည့် ရတနာပုံနှင့် တွေ့ဆုံနေသဖြင့် ရုန်းကန်ရဖွယ်ရှိ နေသည်။ အားကာသိပ္ပံနှင့် ဧရာဝတီအသင်း ထိပ်တိုက်တွေ့ဆုံမှုမှာလည်း စိတ်ဝင်စားဖွယ် ကောင်းနေသည်။


 ရဲရင့်လွင်