Type

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
========================
အင်္ဂလိပ်စာဆရာကြီး Leonard Johnson Kangyi
=============================
ပါမောက္ခ ဒေါက်တာစန်းဝင်း (သစ်တော) (a) Sterling
တစ်လောက ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အသက် (၁၀၀) ပြည့်တော့မည့် သင်္ချာဆရာကြီးဦးဘတုတ် အကြောင်း ဖတ်မိတော့ များစွာဝမ်းသာဂုဏ်ယူရသည်။
တက္ကသိုလ်ကြီး၏ သက်တမ်းနှင့်အပြိုင် အသက်ရှည်သော ဆရာကြီးပါတကားဟု ဉာဏ်ပညာကြီးမားမှုရော အသက်ရှည်မှုကိုပါ လေးစားမုဒိတာ ပွားမိပါသည်။ ဆရာကြီးဦးဘတုတ်ကဲ့သို့သော သက်တော်ရှည်ဆရာကြီး များရှိသကဲ့သို့ တက္ကသိုလ်ကောင်းရာကောင်းကျိုး၊ ကျောင်းသား ကျောင်းသူများအကျိုးကို ပင်ပန်းကြီးစွာ သယ်ပိုးပေးနေရင်း လမ်းခုလတ်က ဘဝခရီးအသစ်တစ်ခု စတင်ထွက်ခွာသွားခဲ့သော ဆရာကြီး ဆရာမကြီးအချို့ လည်း ရှိကြသည်။ ယခုတင်ပြမည့် ဆရာကြီးမှာ စာရေး သူတို့ သစ်တောဘာသာရပ်သင်ဆရာ မဟုတ်သလို ထိုစဉ်က ရန်ကုန်တက္ကသိုလ်၏ ဆရာလည်း မဟုတ်သူ၊ စီးပွားရေးတက္ကသိုလ်မှ အင်္ဂလိပ်စာဆရာကြီး Leonard Johnson Kangyi (L. J. Kangyi) ပင် ဖြစ်သည်။
ဆရာကြီးမှာ ၁၉၈၀ ပြည့်နှစ်များ (၁၉၈၂-၈၇)နှစ်များအတွင်းက စီးပွားရေးတက္ကသိုလ်မှ အင်္ဂလိပ်စာ ဌာနမှူးဖြစ်သည်။ ဆရာကြီးတို့ မောင်နှမ သုံးဦးမှာ တက္ကသိုလ် ဆရာကြီး ဆရာမကြီးများ ဖြစ်ကြသည်။ အစ်မကြီး English Professor E. J. Kangyi (Ellena Johnson Kangyi)၊ အစ်ကိုကြီး W. J. Kangyi (Wallace Johnson Kangyi ( Head of Anthropology, Yangon University) နှင့် ညီငယ် Leonard Johnson Kangyi တို့ဖြစ်သည်။ Social Media တွင် ဖတ်ရှုရမှုများအရ ဆရာကြီး ဆရာမကြီးတို့ မျိုးရိုးမှာ ကရင်နှင့် စကော့တ် (Scottish) မျိုးဆက်များဟု သိရသည်။ (Credit to Myo Tint Than).
တွေ့ဆုံရပုံ
စာရေးသူမှာ ရန်ကုန်တက္ကသိုလ်တွင် သစ်တော ပညာသင်ယူရန် ရောက်ရှိလာသောအခါ သထုံဆောင်တွင် အဆောင်နေကျောင်းသားဖြစ်လာသည်။ တက္ကသိုလ် ရောက်ခါစက မိမိဆန္ဒတစ်ခုမှာ တက္ကသိုလ်မှ ဘွဲ့ရ ပြီးနောက် မိမိပြောချင်တာ၊ ရေးချင်တာကို အင်္ဂလိပ် ဘာသာဖြင့် ရိုးရိုးရှင်းရှင်းလေး ရေးတတ်သည့်သူ၊ ပြောတတ်သည့်သူ တစ်ဦးလည်းဖြစ်ရန်ဟူသော ဆန္ဒရှိခဲ့ သည့်အလျောက် အဆောင်မှာ ညနေ ထမင်းစားပြီးနောက် ပိုသောအချိန်လေးတွင် မိမိဘာသာ အင်္ဂလိပ်ဘာသာ လေ့လာဖြစ်ခဲ့သည်။ ထိုသို့ နေ့စဉ်လေ့လာနေစဉ် မန္တလေးမှ အတူကျောင်းလာတက်သူ သူငယ်ချင်းတစ်ဦး ၏ မိတ်ဆက်ပေးမှုကြောင့် ဆရာကြီး Leonard Johnson Kangyi ၏ ညနေပိုင်း အင်္ဂလိပ်ဘာသာ သင်တန်းလေး ကိုသိရှိပြီး သွားရောက်တက်ဖြစ်ခဲ့သည်။
ဆရာကြီးသည် မည်သည့်တက္ကသိုလ်က ဘယ်ဘာသာသင်ယူနေသော ကျောင်းသားဖြစ်စေ လာရောက်တက်ရောက်ရန် ဆန္ဒရှိပါက တက်ရောက် သင်ယူခွင့်ပြုသည်။ အိမ်ထောင်မရှိသောကြောင့် အချိန် ပေးနိုင်သည်ဟုလည်း ထင်ပါသည်။ ဘာသင်တန်းကြေး မှလည်း ပေးစရာမလို။ (အချို့သူများက ဆရာကြီးသည် အခကြေးငွေယူပြီးစာသင်နေသည်ဟု ထင်ကြသောကြောင့် မိမိတို့မှာ များစွာစိတ်မကောင်းဖြစ်ခဲ့ရသေးသည်။)
စာသင်ခန်းနေရာမှာ တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်အမှတ် (၁၄၉) အောက်ထပ်ဖြစ်သည်။ ယင်းအိမ်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ အစ်မကြီးဖြစ်သူ ဆရာမကြီး E. J. Kangyi နေထိုင်သောအိမ်ဖြစ်ပြီး ဆရာကြီး တို့ မောင်နှမများ အတူနေသည်ဟု ထင်ပါသည်။
တပည့်များအပေါ် စေတနာကောင်းခဲ့သော ဆရာကြီး ထံသို့ အနယ်နယ်အရပ်ရပ်မှ ဘွဲ့ရတပည့်ဟောင်းများက အမြဲပေးပို့သော မုန့်များကိုပင် အင်္ဂလိပ်စာလာသင်ယူ နေသော ကျောင်းသား ကျောင်းသူများအား ကျွေးပါ သေးသည်။ မန္တလေးရှိ ကျောင်းသားဟောင်းများက ထိုးမုန့် ပေးပို့သလို ပုသိမ်ရှိကျောင်းသားဟောင်းများက ဟာလဝါ ပေးပို့ကြသည်။ ရောက်လာသော မုန့်များကို ကျွန်တော်တို့ ကျောင်းသားများအား ခွဲဝေစားစေသည်။ စာသင်လာသည့် တပည့်များ ခြင်မကိုက်အောင် စာသင်ခန်းကို ညနေတိုင်း ခြင်ဆေးဖျန်းစေသည်။
အင်္ဂလိပ်စာသင်ယူရန် လာရောက်သောကျောင်းသား များကို နာမည်လေးများ ထပ်ပေးသည်ကိုလည်း သတိရ နေပါသည်။ Sterling ၊ Austin ၊ Simon ၊ Peter စသည်ဖြင့် ပေးပါသည်။
ဆရာကြီးထံ အင်္ဂလိပ်စာ လာရောက်သင်ယူနေသော ကျောင်းသားများမှာ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ရေကြောင်းသိပ္ပံတက္ကသိုလ်၊ နိုင်ငံခြား သင်္ဘော တက်မည့်သူများ စသည်ဖြင့် ဖြစ်ကြပါသည်။ တက္ကသိုလ် ကျောင်းသားအချို့က အမှတ် (၉) ဘတ်စ်ကားစီးကာ ဟန်လင်း၊ ဇွဲကပင်စသော ယခု လှိုင်တက္ကသိုလ်နယ်မြေမှ လာကြရသည်။ အချို့က မြို့ထဲမှ လာကြရသည်။
စာသင်ပုံ
အတန်းထဲတွင် အင်္ဂလိပ်ဘာသာဖြင့်ပြောရသည်ကို ပိုအလေးထားသည်။ အရေး၊ အပြော၊ အဖတ်နှင့် နားလည်မှု စွမ်းရည်အားလုံးကို သူ့နေ့နှင့်သူ အချိန်ဇယားအတိုင်း သင်ပေးသည်။ ဖတ်ရန်စာအုပ်ကိုလည်းညွှန်းပေးသည်။ အင်္ဂလိပ်စာ စာအုပ်များများဖတ်ရန်၊ ဖတ်ပြီးကိုယ်ပိုင်မှတ်စု တွင် သေချာမှတ်သားထားပြီး မိမိအသုံးအတွက် မကြာမကြာ ပြန်လည်ကြည့်ရှုလေ့လာ အတုယူရေးသားရန် တို့ကို သင်ပေးသည်။ ထိုခေတ်က ကက်ဆက်ခေတ်ဖြစ်သည့် အတိုင်း နားထောင်စွမ်းရည်ကို ဆရာ့ကက်ဆက်လေးဖြင့် အင်္ဂလိပ်စကားပြောသင်ခန်းစာများကို ဖွင့်ပြနားထောင် စေသည်။ နားလည်သမျှပြန်ပြောပြစေပြီး ဆရာက ထပ်မံ ရှင်းပြသည်။ အဓိကအချက်ကတော့ စကားပြောသင်ခန်းစာ တွင် ကျောင်းသားများ ပြောရဲဆိုရဲရှိလာစေရန် များများ နားထောင်၊ များများပြောခိုင်းသည်။ ဘာသာပြန်လည်း သင်ပေးသည်။ ကျောင်းသားများ ဘာသာပြန်လာသမျှကို စစ်ပေးသည်။ ပိုကောင်းသော အသုံးအနှုန်းကိုပြောပြသည်။ စကားတစ်လုံးတည်းမဟုတ်ဘဲ စကားလုံးဖလှယ်သုံးရန် လည်း တိုက်တွန်းသည်။
ထိုအရေး၊ အပြော၊ အဖတ်၊ ဘာသာပြန်ခြင်းတို့အပြင် သောကြာနေ့တိုင်း ထိုအချိန်က လူကြိုက်များသည့် အင်္ဂလိပ် သီချင်းများကိုသင်ပေးသည်။ မှတ်မိနေသော အချို့သီချင်း များမှာ Top of the world ၊ More than I love you ၊ Do I love you do I have to say အစရှိသည်တို့ ဖြစ်သည်။ သီချင်းလေးတစ်ပုဒ်ကိုတော့ ထူးထူးခြားခြား မှတ်မိနေ သည်။ စကားထစ်နေသော အရွယ်ရောက်ကလေးငယ် တစ်ဦးက ကလေးမလေးတစ်ဦးအပေါ် မေတ္တာသက်ဝင် နေခြင်း ဖြစ်ပါသည်။ လသာညများတွင် မီးဖိုချောင်တံခါး လေးအနီး၌ စောင့်ရင်းနေရပုံလေး ရေးထားပုံလေးပါ။ ဒီသီချင်းလေး၏ အသက်ဝင်သည့်အပိုင်းက သူ့သီချင်းလေး ကို ခပ်ထစ်ထစ်လေး ဆိုရခြင်းပဲ ဖြစ်ပါသည်။ သီချင်းလေး ကို ကျွန်တော်မှတ်မိသလို အောက်မှာရေးထားပါသည်။ အမှားပါနိုင်ပါသည်။
Kit…Kit…Kit…Kitty
Beau…beau….beautiful Kitty
You are the only one that I adore
When the mon..mon…mon… moon shine
O….o…over the cloud shed
I’ll be waiting by the kit…kit.. kit.. Kitchen door.
သောကြာနေ့ညပိုင်းဆိုလျှင် ဂီတာရှိသူကျောင်းသား များက ဂီတာယူလာကြ၊ တီးကြ၊ ဆိုကြ၊ စားကြပေါ့။ အခုလို ခရစ္စမတ်ကာလနီးပြီဆိုလျှင် ခရစ်တော်တေးသီချင်းများ ဆိုကြပြီး ခရစ္စမတ်ကာလတွင် ဒေါ့ဂျစ်ကားနှစ်စီး၊ သုံးစီးဖြင့် ရန်ကုန်ရှိ ခရစ်ယာန်ဘိုးဘွားရိပ်သာသို့ သွားရောက် သီချင်းဆိုကြသည်။ တစ်ခါကတော့ မှော်ဘီရှိ ဂမူးရွာလေး သို့ သွားရောက်ပြီး ခရစ္စမတ်ပွဲဆင်နွှဲခဲ့ရသည်။
ဆရာကြီးသည် ကျွန်တော်တို့အား ညနေပိုင်း စာသင်ပေးသည့်အခါ မြန်မာလို အဝတ်အစားကို ဝတ်ဆင်သော်လည်း တက္ကသိုလ်သွားရောက်စာသင်သည့် အခါ အနောက်တိုင်းဝတ်စုံသာ ဝတ်ဆင်လေ့ရှိသည်။ အရပ်အမောင်းကောင်းပြီး ကိုယ်လုံးကိုယ်ထည် ကောင်းသောကြောင့် အနောက်တိုင်းဝတ်စုံဝတ်ဆင်သည့် အခါ အတော်ခန့်ညားလိုက်ဖက်လှသည်။
ကျွန်တော်တို့ဘွဲ့ရပြီး အလုပ်ခွင်ဝင်ကြသောအခါ ဆရာကြီးမှာ ရာထူးအဆင့်ဆင့်တက်ပြီး ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ပါမောက္ခဖြစ်လာ ပါသည်။ သွားရောက်ကန်တော့သည့် တပည့်တိုင်း လိုလို၏ သူပေးထားသော အင်္ဂလိပ်အမည်တွေကို မှတ်မိ သည်။ ကန်တော့ခံပြီး ဆုတွေပေးသည်။ ကြိုးစားရန်၊ အမြဲလေ့လာနေရန် ပြောကြားသည်။ လိုအပ်နေသူကို နိုင်သည့်ဘက်မှ ကူညီရန် မှာကြားသည်။
ကျွန်တော်ပြည်ပပညာသင်ကာလတွင် ဆရာကြီး ဆေးရုံတက်ရသည်ဟု သူငယ်ချင်းများထံမှသိရပြီး ဆေးရုံတက်နေစဉ်ရက်များအတွင်း ကွယ်လွန်သွားခဲ့ရ သည်ဟု စိတ်မကောင်းစွာ သိရှိရသည်။ ကွယ်လွန်ချိန် တွင် အသက်အရွယ်အားဖြင့် ၅၀ ဝန်းကျင်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။
ကျောင်းသား ကျောင်းသူများအား စာသင်နေရလျှင် ပျော်နေသော၊ အားလုံးအပေါ် မေတ္တာတရားကြီးမား သော၊ အထူးသဖြင့် တပည့်များအပေါ် သံယောဇဉ် များလှသော၊ အမြဲပြုံးရွှင်နေတတ်သော မျက်နှာပိုင်ရှင် ရန်ကုန်တက္ကသိုလ်၏တစ်ချိန်က အင်္ဂလိပ်စာပါမောက္ခ ဆရာကြီး L. J. Kangyi အား ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်ကာလ အထိမ်းအမှတ်များ ဆင်နွှဲ နေချိန်ဝယ် ဆရာကြီး၏ ကျောင်းသား ကျောင်းသူများ အပေါ် သင်ကြားပြသကျွေးမွေးခဲ့သည့် ကျေးဇူးတရား ကြီးမားစွာရှိခဲ့မှုများ အထူးသတိရအောက်မေ့လျက် ဤဆောင်းပါးငယ်ဖြင့် ဦးညွှတ်ကန်တော့ရပါသည်။ ။
- Log in to post comments